ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်း

 

ရက်စွဲ၊ ၁၀- ၁-၂၀၂၄


၁။    ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ  ဆေးသုတေသနဦးစီးဌာနသည်  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ (၁၈)ခုကို ၂၈-၁၂-၂၀၂၃ ရက်နေ့မှစ၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု (Whole Genome Sequencing) ကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ(၁၆)ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရပြီး စင်ကာပူနိုင်ငံမှ   ပြန်လည်ရောက်ရှိပြီးနောက်  ရောဂါပိုးတွေ့ရှိသူများထံမှ   ဓာတ်ခွဲနမူနာ(၃)ခုနှင့် ပြည်တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၁၃)ခုတို့ ဖြစ်ပါသည်။ 


၂။    အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များ ဖြစ်ပြီး စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူ (၃)ဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊   ပြည်တွင်းကူးစက်ဖြစ်ပွားသူ  (၁၃)ဦးတွင် Omicron JN.1 (၁၁)ဦးနှင့် XBB.1.16.17 (၂)ဦး တို့ကိုလည်းကောင်း    အသီးသီးတွေ့ရှိရပြီး   ၎င်းတို့အားလုံးသည် ကျန်းမာရေးအခြေအနေများ      သက်သာကောင်းမွန်ပါသဖြင့် သက်ဆိုင်ရာဆေးရုံအသီးသီးမှ ဆင်းခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။  ယခုတွေ့ရှိရသော  SARS-CoV-2 Omicron Variant များတွင်  HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ  မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ပါသည်။


၃။    သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည်   EG.5  ကဲ့သို့ပင်  ပြည်သူ့ကျန်းမာရေးထိခိုက်မှုအန္တရာယ်  ဖြစ်နိုင်ခြေ နည်းပါးကြောင်း၊    ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည်   ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ် ရန်  ထိရောက်မှုရှိကြောင်း  တွေ့ရှိရသဖြင့်  ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံမှုကို   ခံယူသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန