
နေပြည်တော် စက်တင်ဘာ ၅
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကို ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
ယင်းသို့ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဆောင်ရွက်နေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၇၉ ဦးနှင့် အမျိုးသမီး ၈၄ ဦး စုစုပေါင်း ၁၆၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၄၈ ဦး၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၁၉ ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၂၈ ဦးအား အသီးသီးလက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်