ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၂၅


ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများ အပတ်စဉ် တင်ပြဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့ နိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ များ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါစသည့် နာတာရှည်အခံရောဂါ ရှိနေသူများ ဖြစ်သည့်အပြင် သေဆုံးသူ အများစု သည် အသက်အရွယ်ကြီးသူအမျိုးသား များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ နာတာရှည်ရောဂါအခံရှိသူများ နှင့် အသက်အရွယ်ကြီးသူများ အနေဖြင့် မိမိအိမ်တွင်သာ နေထိုင် သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် အပြင်ထွက်ရသည့် တစ်အိမ် တည်းနေသူများထံမှတစ်ဆင့် ရောဂါ ကူးစက်ခံရနေမှုများကို တွေ့ရှိရပါ ကြောင်း။
အထူးသတိပြု လိုက်နာ
ထိုသို့ နာတာရှည်ရောဂါရှိ သူများနှင့် သက်ကြီးရွယ်အိုများအနေ ဖြင့် တစ်အိမ်တည်း နေထိုင်သူများ နှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြား စားသောက်ခြင်း၊ အချိန်ခြား၍ စားသောက်ခြင်းနှင့်ဖြစ်နိုင်ပါက သီးခြား အိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် မြို့နယ်၊ ရပ်ကွက်များတွင် လက်ကိုင်အသံ ချဲ့စက်များ အသုံးပြုကာ ကျယ်ကျယ် ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုပါ ကြောင်း၊ အသိပေးနှိုးဆော်မှုများ အပြင် အသွားအလာ ကန့်သတ်ရာ နေရာ (Quarantine Site) များ၊ လတ်တလော အနံ့ပျောက်လက္ခဏာ ရှိသူများထားရှိရာ စင်တာများ၊ ဆေးရုံ များနှင့် ကိုဗစ်-၁၉ ကုသမှုဌာနများ တွင် ရောက်ရှိနေသည့် မကူးစက်တတ် သော ရောဂါအခံရှိသူများတွင် သောက် လက်စဆေးဝါးများ မပြတ်လပ်စေရေး အတွက် မိမိတို့ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၎င်းတို့အားလည်း အခြား ရောဂါအခံမရှိသူများနှင့် ကွဲပြားရန် နှင့် မြင်သာစေရန် တစ်နည်းနည်းဖြင့် အမှတ်အသား ပြုလုပ်ကာ ၎င်းတို့ကို ရောဂါအခြေအနေကို အထူးစောင့် ကြပ်ကြည့်ရှုရမည် ဖြစ်ပါကြောင်း။
လေ့လာဆန်းစစ်သုံးသပ်
ဝန်ကြီးဌာနမှ မကူးစက်တတ် သောရောဂါ ကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ အဆိုပါစင်တာများနှင့် ဆေးရုံ များသို့ ဆေးဝါးများ ဖြန့်ဝေထားသည် ဆိုသော်လည်း ရောက်ရှိမှု ရှိ၊ မရှိနှင့် ရောက်ရှိပါကလည်း ၎င်းလူနာများ သောက်သုံးမှု ရှိ၊ မရှိ အခြေအနေကို လည်း ဆန်းစစ်သုံးသပ်ကာ လိုအပ် သလို ဆက်လက်ဆောင်ရွက်စေလိုပါ ကြောင်း၊ အခြားနိုင်ငံများတွင် ကိုဗစ်- ၁၉ နှင့် နာတာရှည်ရောဂါအခံရှိသူတို့ ဆက်စပ်သေဆုံးမှု အခြေအနေများ ကိုလည်းကောင်း၊ ကုသမှုကုထုံးများ ကိုလည်းကောင်း လေ့လာဆန်းစစ် သုံးသပ်စေလိုပါကြောင်း။
နေ့စဉ်သုံးသပ်လျက်ရှိ
ယခုအချိန်၌ အသွားအလာ ကန့်သတ်ထားရာနေရာ၊ လတ်တလော အနံ့ပျောက်လက္ခဏာရှိသူများ ထားရှိ ရာ စင်တာများနှင့် ဆေးရုံသို့ ရောက်ရှိ လာသူများ နည်းပါးလာစေရေးနှင့် ကူးစက်ပျံ့နှံ့မှု ကျဆင်းစေရန်အတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ ကျန်းမာရေး နည်းဗျူဟာများအနက် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှု များပင်ဖြစ်သဖြင့် ဤကိစ္စအား ပိုမို အားဖြည့် ဆောင်ရွက်စေလိုပါ ကြောင်း၊ အသွားအလာကန့်သတ် ထားရာနေရာ၊ လတ်တလောအနံ့ ပျောက်လက္ခဏာရှိသူများ ထားရှိရာ စင်တာများ၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများ၌ လူနာများအား ခုတင်နေရာချကာ စနစ်တကျထားရှိ နိုင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် နေ့စဉ်ဆွေးနွေးလုပ်ဆောင် နေသည့် အဖွဲ့များကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါ နေရာများ၌ လူနာများဆိုင်ရာ သတင်း အချက်အလက်များကို ပြုစုရာတွင် လည်း လွယ်ကူလျင်မြန် ရိုးရှင်းသည့် ပုံစံများဖြင့် ဆောင်ရွက်စေလိုပါ ကြောင်း၊ ယင်းမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကိုလည်း ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာန ခွဲမှ နေ့စဉ်သုံးသပ်လျက်ရှိပြီး လိုအပ် သလို ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိက ဓာတ်ခွဲခန်း များတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံ များတွင် ကိုဗစ်-၁၉ လူနာများ လက်ခံ ကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များ အတွက် ညှိနှိုင်းထားရှိမှုများကို သဘောတူပါသဖြင့် ဆက်လက်၍ အသေးစိတ် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ယခုတင်ပြဆွေးနွေးရာတွင် လက်ရှိ အခြေအနေအရပ်ရပ်အား ခြုံငုံသုံးသပ်မှုများနှင့် လိုအပ်ချက်များ အား ရှင်းလင်းစွာဖြင့် တင်ပြကြရန် ဖြစ်ကြောင်း ပြောကြားသည်။
မွမ်းမံပြင်ဆင်ထားရှိ
ထို့နောက် ဒုတိယညွှန်ကြား ရေးမှူးချုပ် (ကုသရေး) ဒေါက်တာ သီတာလှက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်-၁၉ လူနာများကုသမှု ပေးနေသည့် ဆေးရုံနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများအလိုက် စောင့် ကြည့် လူနာခုတင်များ၊ ကိုဗစ်-၁၉ လူနာခုတင်၊ အောက်ဆီဂျင်ပေးကုသမှု ဆောင်ရွက်နိုင်သည့် လူနာခုတင်များ၊ အထူး ကြပ်မတ်ကုသဆောင်များ အရေအတွက်၊ လက်ရှိတက်ရောက် ကုသမှုခံယူနေသည့် အရေအတွက်နှင့် လူနာများကုသရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ ညွှန်ကြား ရေးမှူး (ကူးစက်) ဒေါက်တာ တိုးသီရိ အောင် က ဓာတ်ခွဲစစ်ဆေးမှုနှင့် ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိမှု အခြေ အနေများ၊ အသွားအလာကန့်သတ် ထားရှိမှု အခြေအနေများနှင့် ပြည်သူ့ ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ ခြုံငုံသုံးသပ်မှုများကို လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုချက်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ရပ်ကွက်များ နှင့် ဈေးများ၌ ရပ်ကွက်တွင် နေထိုင် သူများကလည်းကောင်း၊ ဈေးများတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများက လည်းကောင်း အသံချဲ့စက်ငယ်များ ဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်စေခြင်း၊ အချင်းချင်း အသိ ပညာပေးနှိုးဆော်ခြင်း (Peer Educa-tion) ပုံစံဖြင့် ဆောင်ရွက်သွားရန် အကြံပြုချက်နှင့် ထိုသို့အသိပညာ ပေးရန် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ အချက်အလက်များကို လွယ်ကူရိုးရှင်း စေရေး မွမ်းမံပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်က အကျဉ်းထောင်နှင့် အချုပ်ထောင်အချို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှု အခြေအနေနှင့် အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင် ရွက်နေမှု အခြေအနေများကိုလည်း ကောင်း တင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဈေးများတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော် ခြင်းအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများရှိ ကျန်းမာ ရေးဌာနများ ပါဝင်ဆောင်ရွက်ရန် အတွက် ချိတ်ဆက်ဆောင်ရွက်သွား ရေးကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပုဂ္ဂလိကဓာတ်ခွဲခန်း များတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်ခြင်းနှင့် ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ လက်ခံကုသမှု ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း တင်ပြကြသည်။
အတတ်နိုင်ဆုံးပံ့ပိုးသွားမည်
ယင်းနောက် ဆွေးနွေးတင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆုံးဖြတ်ဖြည့်ဆည်းမှုများ ဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုအချိန်၌ ကိုဗစ်-၁၉ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် အဓိကဆောင် ရွက်ရမည့်အချက်မှာ မိမိတို့ ဆောင် ရွက်နေသည့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းနည်းဗျူဟာများကို တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ ၏ ပံ့ပိုးပါဝင်မှုများဖြင့် အထူးအားဖြည့် ဆောင်ရွက်ရမည့် အချက်ဖြစ်ပါ ကြောင်း၊ လက်ကိုင်အသံချဲ့စက်များ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၌ ရပ်ကွက်သူ/ သားများ၊ ဈေးရောင်းသူများ၊ ဈေးဝယ် သူများ၊ စက်ရုံ/ အလုပ်ရုံအလုပ်သမား များက ကိုယ်တိုင်ပါဝင်ဆောင်ရွက် စေခြင်းဖြင့်လည်းကောင်း၊ မိမိနေအိမ် နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူ များက အချင်းချင်း ကျန်းမာရေး အသိ ပညာများ မျှဝေခြင်းဖြင့်လည်း ကောင်း ဆောင်ရွက်ပါက ပိုမိုထိရောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှု မများပြားသေးသည့် တိုင်းဒေသကြီး/ပြည်နယ်များ အနေ ဖြင့်လည်း မိမိတိုင်းဒေသကြီး/ ပြည် နယ်များ၌ ဖြစ်တော့မည်ဟူသော ပုံစံဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ နှီးနွှယ် ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတစေတနာရှင်များနှင့် ပူးပေါင်း ကာ ကြိုတင်ပြင်ဆင်မှုများကို အလေးထား ဆောင်ရွက်စေလိုပါ ကြောင်း၊ လိုအပ်သည်များကို ဝန်ကြီး ဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်