
ထွန်းကျော်
ကူးစက်မြန်ပြင်းထန် ဒယ်လ်တာသန္ဓေပြောင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိသောကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းနဲ့ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုတစ်ဝန်း
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ၊ ဆေးရုံတင်ခြင်းနဲ့ သေဆုံးခြင်း များဟာ အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှာ ဆက်လက်မြင့်တက် လျက်ရှိပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းငယ် သာ ထိုးရသေးတဲ့ လူမှုအသိုင်းအဝိုင်းမှာ ပိုလို့တောင် မြင့်တက်လျက် ရှိတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ တစ်ပတ်တစ်ခါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်တောင်ပိုင်းဒေသတွေအပေါ် သုံးသပ်ရှုမြင်မှုတွေ အရ အဲဒီဒေသတွေမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ အခြေအနေတွေဟာ ကြောက်မက်ဖွယ်ကောင်းနေပါတယ်။ ဖလော်ရီဒါနဲ့ လူဝီဆီယားနား ပြည်နယ်တွေမှာ ခုနစ်ရက်ဆက်တိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှု စံချိန် တင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖလော်ရီဒါမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရတဲ့ အရေ အတွက်ဟာ လွန်ခဲ့တဲ့နွေရာသီက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ အမြင့်ဆုံးကူးစက်ဖြစ်ပွားမှုအရေအတွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
လူဝီစီယားနားမှာရှိတဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ မနိုင် ဝန်တွေထမ်းနေရပြီး အရွယ်ရောက်ပြီးတဲ့ ငယ်ရွယ်သူတွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။
ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ဖို့ လမ်းညွှန်ချက်တွေထုတ်ပြန်
မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကြောင့် အမေရိကန်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ကြဖို့ လမ်းညွှန်ချက်အသစ်တွေ ထုတ်ပြန်ထား ပါတယ်။ တချို့ဒေသတွေမှာ လွန်ခဲ့တဲ့နှစ်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အမြင့်ဆုံးအချိန်မှာ ကျင့်သုံးခဲ့တဲ့ တားမြစ်ကန့်သတ်ချက် တွေကို ပြန်လည်ကျင့်သုံးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါ တယ်။
အမေရိကန်ပြည်ထောင်စုမှာ ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ခြင်း နဲ့ပတ်သက်ပြီးတစ်နှစ်ကျော်ကြာ အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်ပြည်သူအတော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းကို ငြင်းဆိုခဲ့ကြပါတယ်။
တချို့ကလည်း အဲဒီလိုရွေးချယ်မှုတွေဟာ လူတစ်ဦးချင်းစီနဲ့ သက်ဆိုင်တယ်ဆိုပြီး ယုံကြည်လက်ခံထားကြပါတယ်။ တချို့က လည်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းက ဗိုင်းရပ်စ်ကို မကာကွယ် နိုင်ဘူးလို့ ပြောကြပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှ လုပ်ငန်းခွင်ပြန်ဝင်ရမယ်
မကြာသေးမီ သီတင်းပတ်များက လုပ်ငန်းခွင်ပြန်ဝင်မယ့်သူတွေ အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ကို လိုလားကြတဲ့ ပုဂ္ဂလိက ကုမ္ပဏီအရေအတွက်ဟာ မြင့်တက်လာပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့အနေနဲ့ ကုမ္ပဏီတွေကို ဒီလိုပြဋ္ဌာန်းထားတဲ့ ဥပဒေ တွေကို လိုက်နာစေချင်ပါတယ်။
မကြာသေးမီက သမ္မတဘိုင်ဒင်ဟာ အစိုးရဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့လိုကြောင်း သို့မဟုတ်ပါက ပါးစပ်၊ နှာခေါင်းစည်းတွေကို တပ်ဆင်ဖို့လိုကြောင်းနဲ့ ကိုဗစ်-၁၉ စစ်ဆေးမှု တွေကို ခံယူဖို့လိုကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
သမ္မတဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှာရှိတဲ့ ပြည်နယ် တွေ၊ မြို့တွေအနေနဲ့ နယူးယောက်မှာ ကျင့်သုံးနေတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုတာ ယုံကြည်တယ် လို့ ပြောကြားလိုက်ပါတယ်။ နယူးယောက်မှာရှိတဲ့ စားသောက်ဆိုင် တွေ၊ အားကစားခန်းမတွေနဲ့တခြား အဆောက်အအုံတွေကို သွားမယ့် သူတွေဟာ ကာကွယ်ဆေးထိုးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ငြင်းဆိုကြ
အမေရိကန်အများစုဟာ ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးဟာ ကိုဗစ်-၁၉ ထက်ဆိုးရွားနိုင်တယ်လို့ လက်ခံယုံကြည်နေတာကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ကို ငြင်းဆိုလျက်ရှိပါတယ်။
တချို့ကလည်း မီဒီယာတွေပေါ်မှာပျံ့နေတဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ဆိုင်ရာ သီအိုရီတွေကို ယုံကြည်နေကြပါတယ်။
သြဂုတ် ၆ ရက်နေ့အထိ အမေရိကန်လူဦးရေ ၅၀ ရာခိုင်နှုန်း (လူပေါင်း ၁၆၅ ဒသမ ၉ သန်း) ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးပြီလို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ အဆိုအရ သိရပါတယ်။
ဘရွတ်ကင်းအင်စတီကျုရဲ့ အဆင့်မြင့်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒါရယ်ဝက်တ်က ပြည်သူတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေအနေနဲ့ ပါးစပ်၊ နှာခေါင်းစည်းနဲ့ ကာကွယ်ဆေးလိုအပ်ချက်တွေကို ဖြည့်ဆည်း လုပ်ဆောင်နေကြပြီလို့ ပြောပါတယ်။
တချို့ခေါင်းဆောင်တွေက ဒါကိုဆန့်ကျင်ကြပါတယ်။ သို့သော် လည်း သူတို့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုနည်းတဲ့ဒေသတွေနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများတဲ့ဒေသတွေမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ ဝက်တ်က ပြောပါတယ်။
ကာကွယ်ဆေးထိုးထားသူတွေက မထိုးထားသူတွေထက်
ကိုဗစ်-၁၉ ကိုပိုမိုကာကွယ်နိုင်
ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့သူတွေဟာ မထိုးထားသူ တွေထက် ဒယ်လ်တာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အပြည့်အဝ ခုခံ ကာကွယ်နိုင်တယ်လို့ ယေးလ်တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက် တွေကို လိုက်နာမကျင့်သုံးတဲ့ ဘယ်သူမဆို သို့မဟုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးထားတဲ့ ဘယ်သူမဆို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နိုင်ခြေ အမြင့်ဆုံးမှာ ရှိပါတယ်။
သြဂုတ် ၇ ရက်နံနက်ပိုင်းအထိ အမေရိကန်ပြည်သူပေါင်း ၆၁၆၀၀၀ ကိုဗစ်-၁၉ ကြောင့်သေဆုံးခဲ့ပြီး ၃၅ ဒသမ ၇ သန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အချက် အလက်တွေအရ သိရပါတယ်။
ကိုးကား - ဆင်ဟွာ