
နေပြည်တော် ဇူလိုင် ၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်- ၁၉ ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့နှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အောက်ဆီဂျင်လိုအပ်ချက်များဖြည့်ဆည်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုများပြား လျက်ရှိ၍ ဆေးရုံလူနာခုတင်စီမံခန့်ခွဲမှု၊ အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းမှုတို့ကို အထူးဦးစားပေး အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် ရန်ကုန်မြို့၌ သုဝဏ္ဏ ကိုဗစ်-၁၉ ကုသရေးဌာန ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဖောင်ကြီး ကိုဗစ်- ၁၉ ကုသရေးဌာနနှင့် တောင်ဥက္ကလာပဆေးရုံကြီးတို့၌ လည်း လူနာများ အဆင်ပြေစွာ လက်ခံကုသပေးနိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ဖောင်ကြီး၌ လူနာ ၂၀၀ လက်ခံနိုင်ရေး ပြင်ဆင်လျက် ရှိပြီး ၇၀၀ ၊ ၈၀၀ အထိ လက်ခံနိုင်ရန် ဆက်လက်စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုရောဂါပိုး သည် ကူးစက်မှု ပိုမိုမြန်ဆန်ကြောင်း၊ အဓိက စိန်ခေါ်မှုမှာ လူ့စွမ်းအားအရင်းအမြစ်ကိစ္စ ဖြစ် ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ယခုလက်ရှိအခြေအနေတွင် ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အား ၆၀ ရာခိုင်နှုန်းခန့်ဖြင့်သာ ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရပြီး အခက်အခဲများကြားမှ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် နေ့မနား ညမအား တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်းများကို အထူးပင် ချီးကျူး ဂုဏ်ပြုပါကြောင်း။
စနစ်တကျဆောင်ရွက်
အောက်ဆီဂျင်ထုတ်လုပ်မှုကို အမြင့်ဆုံး ရရှိနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးရုံများရှိ အောက်ဆီဂျင်ထုတ်လုပ်စက်များ ပုံမှန်ဆက်လက် လည်ပတ်နိုင်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်ဆီဂျင်အရည်ကို ရန်ကုန်၊ မန္တလေး၌ အသုံးပြု လျက်ရှိပြီး နေပြည်တော်၌လည်း စတင်တပ်ဆင်နေပြီ ဖြစ်ကြောင်း၊ လိုအပ်သော အောက်ဆီဂျင်အရည်ကို နယ်စပ်များမှတစ်ဆင့် တင်သွင်းနိုင်ရေးအတွက် လည်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါကူးစက်မှုကျဆင်းစေရေးအတွက် ကန့်သတ် တားမြစ်ခြင်းများကို တရားဥပဒေနှင့်အညီ ရအောင် ညှိနှိုင်းထားရှိကြောင်း၊ အစည်းအဝေးများအား Online မှတစ်ဆင့် Virtual Meeting ဖြင့် ဆောင်ရွက် ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ခရီး အသွားအလာကန့်သတ်ခြင်း Travel Restriction နှင့် ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး မထိ ခိုက်စေရန် စက်ရုံ၊ အလုပ်ရုံများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်- ၁၉ စည်းကမ်းချက်များကို ကြီးကြပ်ဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း၊ လူစုလူဝေးဖြစ်ပွားနိုင်သည့် အခမ်းအနားများ၊ ဘာသာရေးပွဲများအား လူအနည်းဆုံးဖြင့် စနစ်တကျ ဆောင်ရွက်ရန်၊ သင်တန်းများ ဆောင်ရွက်ခြင်းအား ခေတ္တဆိုင်းငံ့ထားရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးပြီးပါက ကူးစက် ဖြစ်ပွားမှုအနည်းအကျဉ်းရှိနိုင်သော်လည်း ရောဂါ ပြင်းထန်မှုမရှိခြင်း၊ ရောဂါပြန့်ပွားမှုကို လျော့နည်းစေ ခြင်း စသည့်အကျိုးကျေးဇူးများ ရှိကြောင်း၊ ကာကွယ်ဆေးများရရှိစေရေး ဆက်လက်ညှိနှိုင်း ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း၊ ယခုနှစ်အကုန် တွင် တစ်နိုင်ငံလုံး ကာကွယ်ဆေးလွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းအထိရရှိရန် ရည်မှန်းထားကြောင်း။
ဦးစားပေးအုပ်စုများခွဲခြား
နိုင်ငံ့ဝန်ထမ်းများ အများစုအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ လုပ်ကိုင်နေသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၌ လုပ်ကိုင်နေသူ များ စသည်ဖြင့် ဦးစားပေးအုပ်စုများ ခွဲခြား၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပညာရှင်များမှလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ စစ်ဆေးခြင်းကို မြှင့်တင်နိုင်ရေး၊ ရောဂါတွေ့ရှိပါက အမြန်ဆုံးကုသမှုရရှိနိုင်ရေးတို့ အား အားဖြည့်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ် ကုသရေးဦးစီးဌာနမှူးများ၏ စွမ်းဆောင်ရည် မြင့်မားစေရန် ဦးစီးဌာနမှ ကြပ်ကြပ်မတ်မတ် ဆောင် ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကိုဗစ်- ၁၉ ကပ်ရောဂါဆိုင်ရာ အကြံ ပေးအဖွဲ့၌ နာယကများဖြစ်သူ ပါမောက္ခဒေါက်တာ ကျော်မြင့်၊ ကျန်းမာရေးဝန်ကြီး (အငြိမ်းစား) ပါမောက္ခဒေါက်တာဖေသက်ခင်၊ ကျန်းမာရေးဝန်ကြီး (အငြိမ်းစား)၊ အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်းနှင့် အကြံပေးအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ရေတိုရေရှည်အလိုက် ဦးစားပေးလုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်