
နေပြည်တော် ဩဂုတ် ၁၃
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယ လှိုင်းကာလအတွင်း မသန်စွမ်းသူ တို့၏ လိုအပ်ချက်များ ဖြည့်ဆည်း ထောက်ပံ့ ပေးနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်း ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ယခုအခါ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးကျိုး သက်ရောက်မှုကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကြုံတွေ့နေရပြီး မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ် အုပ်စုများသည် အခက်အခဲများ ပိုမိုခံစားနေရ ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဝန်ကြီးဌာနက မသန်စွမ်း ကိုယ်စားလှယ်တို့ကို ယခုကဲ့သို့ တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် မသန်စွမ်းသူများ အတွက် ကနဦးထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြေး ပေးအပ်လျက်ရှိပါကြောင်း။
မသန်စွမ်းသူများ ဘက်စုံ ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းကို အပြီးသတ် ရေးဆွဲချမှတ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများအတွက် အကျိုး ကျေးဇူးများ ရရှိခံစားနိုင်စေမည့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်း နှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပေါ်ထွက်လာစေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကာလအတွင်း မသန်စွမ်းသူများ ကြုံတွေ့ရသည့် အခက်အခဲ၊ လိုအပ်ချက် စသည်တို့ကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျတ် အကန့်အသတ် ရှိသော်လည်း အကောင်းဆုံးဖြစ်စေရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူ များ၏ လိုအပ်ချက်ကို မသန်စွမ်း သူများကိုယ်တိုင်နှင့် မသန်စွမ်း အဖွဲ့အစည်းများက ပိုမိုသိရှိပါ ကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း အစိုးရ တစ်ရပ်တည်းအနေဖြင့် ဆောင် ရွက်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူ တို့နှင့် အနီးကပ်ပူးပေါင်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းအသင်းအဖွဲ့များအနေ ဖြင့် လိုအပ်သည်များ ညှိနှိုင်း၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း ပြော ကြားသည်။
ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသည့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးမှူးများ၊ မြန်မာ နိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ မသန်စွမ်းကိုယ်စား လှယ်များ၊ မသန်စွမ်းသူများ၏ မိဘများက ကြုံတွေ့ရသည့် အခက်အခဲနှင့် လိုအပ်ချက်တို့ကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မသန်စွမ်းမှု အလိုက် သတင်းအချက်အလက် ရရှိရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Quarantine Center များ၊ ဆေးရုံဆေးခန်းများ တွင် မသန်စွမ်းသူများအတွက် Barrier Free ဖြစ်စေရေး သက်ဆိုင်ရာများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဦးတည်အုပ်စု အလိုက် ပြုစုစောင့်ရှောက်ရမည့် စေတနာ့ဝန်ထမ်း သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက် ပေးနေပါကြောင်း၊ မသန်စွမ်း အသင်းအဖွဲ့များ၏ ရန်ပုံငွေရရှိ ရေးကိုလည်း ကူညီဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ မည်သူ တစ်ဦး တစ်ယောက်မျှ နောက်ကျ မကျန်ရစ်စေရေး အခြေခံမူနှင့် အညီ မသန်စွမ်းသူများအတွက် အခွင့်အရေးများ အသေအချာ ရရှိနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အစိုးရဌာနများ နှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။
သတင်းစဉ်