
နှင်းမိုးအိမ်
ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ကိုဗစ် - ၁၉ နယ်စပ်ထိန်းချုပ်ကန့်သတ်ရေးများကို ပြန်လည်သတ်မှတ်ခဲ့သည့်အတွက် ဥရောပသားများ ခရီးသွားလာမှုအတွက် စိတ်အနှောင့်အယှက် ကြုံတွေ့နေရသည်။ ပုံမှန် နေထိုင်မှုဘဝ ပြန်လည်ရောက်ရှိစေရေးအတွက် အစီအစဉ်များကို ခြိမ်းခြောက်လာစေနိုင်သော ကိုဗစ် - ၁၉ ကူးစက်မှုများ ပြန်လည်များပြားလာခြင်းကို တားဆီးရန်အတွက် ယခုလို နယ်စပ်ထိန်းချုပ်ရေးများ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စိုးရိမ်နေကြရ
တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲမစတင်မီ တစ်ပတ်အလိုမှ စတင် ကာ အိုလံပစ်အားကစားကျေးရွာတွင် ကိုဗစ် - ၁၉ ပထမဆုံး ကူးစက်မှု တွေ့ရှိလာသည်။ တိုကျိုအိုလံပစ်ပွဲ စီစဉ်သူများကမူ ယခု အားကစားပွဲမှာကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး အားကစားပြိုင်ပွဲဟု ပြောဆိုခဲ့ကြသည်။ သို့သော်လည်း ထောင်ပေါင်းများစွာသော အားကစားသမားများနှင့် အုပ်ချုပ်သူအရာရှိများကို လက်ခံထားရ သည့်အတွက် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြရသည်။
ဝေဖန်မှုများနှင့် ကြုံတွေ့နေရ
ဗြိတိန်နိုင်ငံသည် ပြည်ဝင်ခွင့်မူဝါဒများကို ဖြေလျှော့ပေးရာ၌ ပြင်သစ်နိုင်ငံကို ချန်လှပ်ထားသည့်အတွက် ဝေဖန်မှုများနှင့် ကြုံတွေ့ နေရသည်။ ကာကွယ်ဆေးထိုးပြီးသား ဗြိတိန်နိုင်ငံသားများ ပြင်သစ် နိုင်ငံမှ ပြန်လာသည့်အခါ အသွားအလာကန့်သတ်စောင့်ကြည့်မှု ၁၀ ရက် ခံယူရမည်ဟု သိရသည်။ ဗြိတိန်နိုင်ငံ အပါအဝင် အခြားသော ဥရောပနိုင်ငံများမှ ကာကွယ်ဆေးမထိုးရသေးသည့်သူများ ပြင်သစ် နိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဆိုလျှင် ၂၄ နာရီအတွင်းစစ်ဆေးထား သည့် ကိုဗစ် - ၁၉ ကင်းစင်ကြောင်း လက်မှတ်ပြသရန် လိုအပ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပြင်သစ်အစိုးရအနေဖြင့် ပြည်သူများ ၏ နေ့စဉ်လူနေထိုင်မှုဘဝကို ကန့်သတ်မှုများ ဆက်လက်ပြုလုပ်ထား ခြင်းနှင့် ကိုဗစ် - ၁၉ ကို ကိုင်တွယ်ဖြေရှင်းပုံကို မကျေနပ်သည့် ပြည်သူ ၁၁၄၀၀၀ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။
အမိန့်ထုတ်ပြန်
အခြားသော ဥရောပနိုင်ငံများတွင်လည်း ကန့်သတ်မှုများ ပြုလုပ် ထားကြသည်။ ဂရိနိုင်ငံရှိ မက္ကရိကျွန်းတွင် ညဘက်သတ်မှတ် ချိန်အတွင်းအပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီး စပိန်နိုင်ငံရှိ ဘာစီ လိုနာနှင့် ကက်တလိုနီးယား ဒေသတို့တွင်လည်း အလားတူ အမိန့်မျိုး ထုတ်ပြန်ထားသည်။ ဥရောပသမဂ္ဂ ရောဂါကာကွယ်ရေးအေဂျင်စီက ဩဂုတ်လ ၁ ရက်ရောက်လျှင် အဖွဲ့နိုင်ငံများ၌ ကိုဗစ် - ၁၉ ကူးစက်မှု ငါးဆတိုးမည်ဟု သတိပေးထားသည့်အတွက် ဥရောပအစိုးရများ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ကာကွယ်ဆေးစတင် ထိုးပြီးသည့် အချိန်မှစတင်ကာ ဥရောပတွင် လူဦးရေ ၅၅ ဒသမ ၅ ရာခိုင်နှုန်းကို အနည်းဆုံးတစ်ကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေး ပြီးဖြစ်သည်။
ဖြေလျှော့ပေးရန် စီစဉ်လျက်ရှိ
စပိန်နိုင်ငံတွင်လူဦးရေသန်း ၅၀ ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည့်အတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်းနှင့် လာမည့် သီတင်းပတ်အတွင်း နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဟု စပိန်ဝန်ကြီး ချုပ် ပီဒရိုဆန်ချက်ဇ်က ပြောသည်။
ဗြိတိန်နိုင်ငံတွင်မူ အရွယ်ရောက်ပြီးသူ အများစုမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်ရာ နိုင်ငံသားများအပေါ် ကန့်သတ် ချက်အချို့ ဖြေလျှော့ပေးရန် အစိုးရက စီစဉ်လျက်ရှိသည်။ အဝါရောင် အဆင့်သတ်မှတ်ထားသည့် နိုင်ငံများမှပြန်လာသော ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသား နိုင်ငံသားများမှာ အသွားအလာစောင့်ကြည့် ကန့်သတ်မှုကင်းလွတ်ခွင့်ကို ဇူလိုင် ၁၉ မှစတင်ကာ ရရှိတော့မည် ဖြစ်သည်။
အကာအကွယ်ပေး
သို့သော်လည်း ဗီဇပြောင်းဘီတာကူးစက်မှုကြောင့် အဆိုပါ ကင်းလွတ်ခွင့်ပေးမည့် နိုင်ငံစာရင်းတွင် ပြင်သစ်နိုင်ငံကို ချန်လှပ်ထား ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါကန့်သတ်ချက်ကို အင်္ဂလန်အတွက်သာ ချမှတ်ထားသော်လည်း စကော့တလန်နှင့် ဝေလနယ်တို့တွင်လည်း အလားတူ စည်းကမ်းသတ်မှတ်ချက်မျိုးကို လိုက်နာလိုသည်ဟု သိရသည်။ ဗြိတိန်တွင် ကူးစက်မှုများ ပြန်လည်များပြားလာသော်လည်း ကာကွယ် ဆေးကို အရှိန်အဟုန်ဖြင့် ထိုးပေးခြင်းဖြင့် သေဆုံးမှုနှင့် ရောဂါလက္ခဏာ ပြင်းထန်မှုတို့ကို အကာအကွယ်ပေးသည်ဟု အာဏာပိုင်များက ပြောသည်။
များပြားဆဲဖြစ်
ဗြိတိန်တွင် ကူးစက်မှုများ များပြားလာချိန် ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်တွင်လည်း ကူးစက်ခံထားရကြောင်းဇူလိုင် ၁၇ ရက်တွင် ကြေညာခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သီးခြားခွဲ၍ နေထိုင်နေရ သည်။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးဖြစ်သည့်အတွက် ကျေးဇူး တင်ရမည်ဖြစ်ကြောင်းနှင့် ယခုအချိန်အထိ အပျော့စားလက္ခဏာများ သာပြသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဗြိတိန်တွင် အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံမှာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုး ပြီးဖြစ်သော်လည်း ကူးစက်မှုများမှာမူ များပြားဆဲဖြစ်သည်။
ကျန်းမာရေးခွင့်ပြုချက် ပြသရမည်
ယခုကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ ဗြိတိန်နိုင်ငံ တစ်နိုင်ငံတည်း ကြုံတွေ့နေရခြင်းမဟုတ်ဘဲ အလယ်အလတ်နှင့် ဝင်ငွေနိမ့်သည့် နိုင်ငံများတွင်လည်း ကာကွယ်ဆေးရရှိရေးအတွက် ရုန်းကန်နေရ ကြောင်း အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်အုပ်စုက ဇူလိုင် ၁၆ ရက်က ပြောသည်။ ပြင်သစ်နိုင်ငံတွင်လည်း ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျန်းမာရေးခွင့်ပြုချက်ဖြင့် ယဉ်ကျေးမှုနှင့် အခြားသောပြပွဲ အခမ်းအနားများကို သွားရောက်ခွင့်ပြုမည်ဟု သိရသည်။ အဆိုပါ ကျန်းမာရေးခွင့်ပြုချက်မှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုး ပြီးသား သို့မဟုတ် ကိုဗစ် - ၁၉ ကင်းစင်ကြောင်း အထောက်အထား လက်မှတ်တစ်မျိုးပင်ဖြစ်သည်။ ပွဲများနှင့် အခြားသော အခမ်းအနား များကို သွားရောက်ရာတွင် အဆိုပါ ကျန်းမာရေးခွင့်ပြုချက်ကိုပြသရ မည်ဖြစ်သည်။
စဉ်းစားလာကြ
ဇူလိုင် ၂၁ ရက်မှစတင်ကာ အခမ်းအနားပွဲသွားရာတွင် အဆိုပါ လက်မှတ်ကိုမဖြစ်မနေပြသရမည်ဖြစ်ပြီး ရုပ်ရှင်ရုံများနှင့် ပြဇာတ်ရုံ များတွင် လူ ၅၀ ထက် မပိုရဟု သတ်မှတ်ထားသည်။ ဩဂုတ်လစောပိုင်း မှစတင်ကာ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်ထိုင်သည့်အခါတွင် လည်း အဆိုပါ ကျန်းမာရေးခွင့်ပြုချက်ကို မဖြစ်မနေ ပြသရတော့မည် ဖြစ်သည်။ အခြားသောဥရောပနိုင်ငံများတွင် လူပေါင်းရာနှင့်ချီ တက် ရောက်သည့် ပွဲအခမ်းအနားများတွင်သာ ကိုဗစ် - ၁၉ ကင်းစင်ကြောင်း လက်မှတ် ပြသရန်လိုအပ်သော်လည်း နေ့စဉ်လူနေထိုင်မှုဘဝတွင် နောက်ထပ် ကန့်သတ်မှုများပြုလုပ်ရန် စဉ်းစားလာကြပြီဖြစ် သည်။ ။
ကိုးကား - အေအက်ဖ်ပီ