ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

 

 

နေပြည်တော်    ဇန်နဝါရီ   ၂၄
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ကို   ယနေ့ မွန်းလွဲပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန  ရုံးအမှတ်(၁)၌  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်       ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ ရေးကဏ္ဍမှ သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်ငန်း များအား   ချေးငွေထုတ်ပေးခဲ့သည့်   အခြေအနေ၊  ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍ များအား ဘဏ္ဍာရေးဆိုင်ရာအကူအညီပေးနိုင်ရေးအတွက်   လုပ်ငန်းဆက်လက်ဆောင်ရွက်နေမှုနှင့် ချေးငွေများ   အမြန်ဆုံးထုတ်ပေးနိုင်ရန်   ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းကော်မတီက ဆောင်ရွက်ပေးခဲ့သည့် အခြေ အနေများကို ဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာ ကြသူများက   ကိုဗစ်-၁၉ ကြောင့်   စီးပွားရေး သက်ရောက်မှုများ   ကုစားရေးအတွက် ဝန်ကြီးဌာန အလိုက် ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်    လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်