
နေပြည်တော် စက်တင်ဘာ ၁၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက် ၇ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပသည့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့ အစည်းအဝေး၊ (၅) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင်(တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၇)ကြိမ် မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာတို့ အစည်းအဝေး နှင့် (၁၀) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ပါဝင်တက်ရောက် သည်။
ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်
အဆိုပါအစည်းအဝေးများတွင် အာဆီယံ စီးပွားရေးဝန်ကြီးများ၊ အမေရိကန်ကုန်သွယ် ရေး ကိုယ်စားလှယ်(ဝန်ကြီး)၊ ဟောင်ကောင်(တရုတ်)၊ အိန္ဒိယ၊ ရုရှားနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အီးယူ ကုန်သွယ်ရေးကော်မရှင်နာ၊ အာဆီယံအတွင်းရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများတွင် ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများက ကုန်သွယ်ရေးနှင့် စီးပွားရေးဝန်ကြီးများက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အမေရိကန် ကုန်သွယ်ရေးကော်မရှင်နာတို့ အစည်းအဝေးတွင် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် H.E. Katherine Tai နှင့် အာဆီယံစီးပွားရေးဝန်ကြီးများ က အမေရိကန်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွက် ပံ့ပိုးပေးလျက်ရှိသည့် နည်းပညာဆိုင်ရာ အကူအညီများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံ-အမေရိကန် စီးပွားရေးဝန်ကြီးများက အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင် ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းအစီအစဉ်ကို အတည်ပြုခဲ့ကြသည်။
အလေးပေးဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးလုပ်ငန်း များ ပြန်လည်ထူထောင်ရာတွင် ဒစ်ဂျစ်တယ် ကုန်သွယ်မှုကို ဦးတည်ဆောင်ရွက်သွားရန် လိုအပ်မှု ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများပံ့ပိုးပေးသွားရန် အလေးပေးဆွေးနွေး ခဲ့သည်။
အသက်ဝင်မှုအပေါ် ကြိုဆို
ဆက်လက်၍ (၅) ကြိမ်မြောက် အာဆီယံ−ဟောင်ကောင် (တရုတ်)စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဟောင်ကောင် (တရုတ်)၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Edward Yau Tang-wah နှင့် အာဆီယံစီးပွားရေး ဝန်ကြီးများက အာဆီယံ-ဟောင်ကောင် လွတ်လပ်သောကုန်သွယ် မှု သဘောတူစာချုပ်နှင့် အာဆီယံ-ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံများ အားလုံး အသက်ဝင်မှုအပေါ် ကြိုဆိုခဲ့ကြသည်။
ထို့နောက်ဝန်ကြီးများကအာဆီယံ-ဟောင်ကောင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် အသစ်ထပ်မံ တိုးချဲ့ထည့်သွင်းသည့် နယ်ပယ် (၅) ခုဖြစ်သည့် လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှား ရောဂါကင်းစင်စေရေး(SPS)၊ စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာ စည်းမျဉ်းများနှင့် အရည်အသွေး ကိုက်ညီမှု စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းများ (STRACAP)၊ မူပိုင်ခွင့် (IP)၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့အပေါ် အတည်ပြုခဲ့ပြီး အာဆီယံ- ဟောင်ကောင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (၂၀၂၀-၂၀၂၁) အောက်မှ စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်မှု တိုးတက်မှုအခြေအနေများကို မှတ်တမ်းတင်ခဲ့သည်။
ထို့နောက် ဟောင်ကောင် (တရုတ်)က ဒေသ တွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သို့ ဝင်ရောက်ရန် စိတ်ဝင်စားမှု အပေါ် ဝန်ကြီးများက ကြိုဆိုခဲ့ကြသည်။
တိုးတက်မှုတို့အပေါ် ဆွေးနွေး
မွန်းလွဲပိုင်းတွင် (၁၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး H.E. Anupriya Patel နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်၊ အာဆီယံ-အိန္ဒိယ စီးပွားရေးကောင်စီမှ တင်ပြချက်များနှင့် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူ စာချုပ် အကောင်အထည်ဖော်ဆောင်ရွက်မှု တိုးတက်မှုတို့အပေါ် ဆွေးနွေးခဲ့ကြသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်ပေးရန်နှင့် မြန်မာနှင့်အိန္ဒိယအကြား နယ်စပ် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အထူး သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ထူထောင်ရန် ကုန်သွယ်ရေးအရာရှိများနှင့် ပုဂ္ဂလိက ကဏ္ဍပါဝင်သည့် ပူးတွဲလုပ်ငန်းကော်မတီ တစ်ခု တည်ထောင်ရန် အဆိုပြုခဲ့သည်။ ပြည်ထောင်စုဝန်ကြီး၏ အဆိုပြုချက်ကို အိန္ဒိယနိုင်ငံ စီးပွားရေးဝန်ကြီးက အသိအမှတ်ပြုကြောင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ (၁၇) ကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အီးယူကုန်သွယ်ရေးကော်မရှင်နာ H.E. Valdis Dombrovskis နှင့် အာဆီယံ စီးပွားရေးဝန်ကြီး များက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခန်းကဏ္ဍနှင့် အာဆီယံနှင့် အီးယူတို့အကြား လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရန်အတွက် ညှိနှိုင်းလျက် ရှိသည့် မူဘောင်ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့နောက် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအစီအစဉ် ၂၀၂၀-၂၀၂၁ ကို ဝန်ကြီးများက အတည်ပြုခဲ့သည်။
ဆက်လက်၍ (၁၀) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး H.E. Vladimir llyichev နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက ၂၀၁၇ ခုနှစ် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်နှင့် အာဆီယံနှင့် ယူရေရှား စီးပွားရေးကော်မရှင်တို့ အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် ၂၀၂၀-၂၀၂၅ ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့ကို မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် အသစ်ပြန်လည် ရေးဆွဲသည့် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံနှင့် ၂၀၂၁-၂၀၂၅ လုပ်ငန်းအစီအစဉ်တို့ကို ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။
အစည်းအဝေးအသီးသီးက ထုတ်ပြန်မည့် ပူးတွဲ ကြေညာချက်များကို ဝန်ကြီးများက အတည်ပြုခဲ့ကြ သည်။ သတင်းစဉ်