
နေပြည်တော် ဇူလိုင် ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် Liquid Oxygen များ တင်သွင်းမှုကို လိုင်စင်လျှောက်ထားရန်မလိုဘဲ ခွင့်ပြုထားပြီး ဖြစ်ပါသည်။ Oxygen Concentrator များ တင်သွင်းမှု ကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လွယ်ကူလျင်မြန်စွာ တင်သွင်းခွင့်ပြုပေးလျက်ရှိသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှ ၁၆ ရက်အထိ Liquid Oxygen နှင့် Oxygen Gas လီတာ (၃၀ ဒသမ ၈၆၉) သန်း၊ Oxygen Cylider အိုးအလွတ် အခု ၁၁၀၀ ၊ Oxygen ပါဝင်သည့် Cylider အိုး အခု ၁၁၄၈ ၊ Oxygen Concentrator ၁၇၁၅ ခု၊ Oxygen Generator ငါးလုံး၊ Cylider Filling ပါ Generator တစ်လုံး၊ Cylider Filling System နှစ်ခု၊ Mask ၈၄ ဒသမ ၈၆၁ တန် တင်သွင်းနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများကို တရုတ်နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် တင်သွင်းရာတွင် လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ တင်သွင်းလိုသူများအနေဖြင့် မိမိတင်သွင်းလိုသည့် ကုန်ပစ္စည်းအမျိုးအစားများနှင့် သယ်ဆောင်မည့် ယာဉ်များအား နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် အများပြည်သူ ရုံးပိတ်ရက် များအဖြစ် ကြေညာထားသည့် ၁၇-၇-၂၀၂၁ ရက်မှ ၂၅-၇-၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများအား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။သတင်းစဉ်