
ရန်ကုန် စက်တင်ဘာ ၂၇
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်းလာစေရန်အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူများ အသိပညာပေးလုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေးအတွက် လည်းကောင်း “ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင် ပေး” ခေါင်းစဉ်နှင့် “ကိုဗစ် - ၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများကို ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဝါသနာရှင်အဆင့်ပြိုင်ပွဲနှင့် ပညာရှင်အဆင့် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးကျင်းပမည်ဖြစ်သည်။ ဝါသနာရှင် အဆင့်ပြိုင်ပွဲကို “ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဓာတ်ပုံပညာကို ဝါသနာ အရ ရိုက်ကူးနေကြသူများ၊ ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးခြင်းမရှိသူများ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ပညာရှင်အဆင့် ပြိုင်ပွဲကို “ကိုဗစ် - ၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါ သည်။
ပြိုင်ပွဲသို့ ကိုဗစ် - ၁၉ ရောဂါ ဆိုးကျိုးများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုများ၊ အသိပညာပေး ဆောင်ရွက်နေ မှုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့ များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများ စသည့်အကြောင်း အရာများဖြင့် ဖော်ညွှန်းရိုက်ကူးယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည်။ မည်သည့် ကင်မရာအမျိုးအစား မဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ အရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင် ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံများ၊ ပြည်တွင်း၊ ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီး သော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ တွင် အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင် ဓာတ်ပုံ များတွင် ပြိုင်ပွဲဝင်သူအမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ နေရပ် လိပ်စာ၊ ဓာတ်ပုံအကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျောတွင် သီးခြားစက္ကူဖြင့် ရေးကပ်၍ ပူးတွဲ ပေးပို့ရမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၃၀-၉-၂၀၂၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ရန် ဖိတ်ခေါ်ထားမှုအစား ရက်တိုးမြှင့် သတ်မှတ် ၍ ၃၁-၁၀-၂၀၂၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ဦးမြင့်ဆွေ၊ ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ တို့သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ ထက် ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံ အဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။
သတင်းစဉ်