
နေပြည်တော် သြဂုတ် ၁၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်းလာ စေရန်အတွက် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ပြည်သူများ အသိပညာပေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေးအတွက် လည်းကောင်း “ကိုဗစ်- ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများကို ပြန်ကြားရေးဝန်ကြီး ဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဝါသနာရှင်အဆင့်ပြိုင်ပွဲနှင့် ပညာရှင်အဆင့် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား(၂)မျိုး ကျင်းပမည်ဖြစ်သည်။ ဝါသနာရှင်အဆင့်ပြိုင်ပွဲ ကို “ကိုဗစ်- ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဓာတ်ပုံ ပညာကို ဝါသနာအရ ရိုက်ကူးနေကြသူများ၊ ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ ဖူးခြင်းမရှိသူများ မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ပါသည်။ ပညာရှင်အဆင့်ပြိုင်ပွဲကို “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
ပြိုင်ပွဲသို့ ကိုဗစ်-၁၉ ရောဂါ ဆိုးကျိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနေမှုများ၊ အသိပညာပေး ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများစသည့် အကြောင်းအရာများဖြင့် ဖော်ညွှန်းရိုက်ကူးယှဉ်ပြိုင် ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရ မည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြု နိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မအရွယ်အစား တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ် မရှိ ယှဉ်ပြိုင်နိုင်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံများ၊ ပြည်တွင်း ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင် များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများတွင် အသုံးပြု ခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ များတွင် ပြိုင်ပွဲဝင်သူအမည်၊ နိုင်ငံသားစိစစ်ရေး အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံအကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျောတွင် သီးခြားစက္ကူဖြင့် ရေးကပ်၍ ပူးတွဲပေးပို့ရမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၃၀-၉-၂၀၂၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်-၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ သို့ ဆက်သွယ်ပေးပို့ကြရမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်