
နှင်းမိုးအိမ်
အမေရိကန်ပြည်ထောင်စုတွင် ဩဂုတ် ၁၀ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၃၆ သန်း ရှိလာပြီး ကာကွယ်ဆေးထိုးရမည့်အမိန့်မှာ ကိုင်တွယ်ရခက်ခဲသည့်ပြဿနာဖြစ်လာခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှုနည်းသည့် နေရာများတွင် ဗီဇပြောင်းဒယ်လ်တာကူးစက်မှု များပြားလာသည်။
သတိပေးပြောကြား
ဩဂုတ် ၁၀ ရက် ညနေ ၆ နာရီ ၂၁ မိနစ်တွင် အမေရိကန်နိုင်ငံ၏ ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းမှာ ၃၆၀၃၉၇၄၈ ဦး ရှိခဲ့သည်။ သေဆုံးသူ မှာလည်း ၆၁၈၀၄၄ ဦး ရှိခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ တွက်ချက်မှုအရ သိရသည်။ အမေရိကန်တွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်မှုများမှာ တစ်မ္ဘာလုံးဆိုင်ရာ ကူးစက်မှု၏ ၁၈ ရာခိုင်နှုန်း ရှိပြီး ကိုဗစ်- ၁၉ နှင့်ဆက်စပ်ပြီး သေဆုံးမှုနှုန်းမှာလည်း တစ်ကမ္ဘာလုံး အနှံ့ နှိုင်းယှဉ်ကြည့်လျှင်၁၄ ရာခိုင်နှုန်းရှိသည်ဟု စာရင်းအင်း အချက် အလက်များက ဖော်ပြလျက်ရှိသည်။ အမေရိကန်တွင် လူဦးရေ အချိုးအတိုင်း ကာကွယ်ဆေးအပြည့်ထိုးမှုမလုပ်နိုင်ပါက တစ်နေ့လျှင် လူပေါင်း နှစ်သိန်းအထိ ကူးစက်မှုနှင့် ကြုံတွေ့လာနိုင်ဖွယ်ရှိသည်ဟု ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါ အမျိုးသားအင်စတီကျုမှ အကြီး အကဲဖြစ်သူ အန်သိုနီဖောင်စီက သတိပေးပြောကြားခဲ့သည်။
ပုံမှန်ဆေးစစ်ချက်တင်ပြရန်လို
ဒယ်လ်တာဗိုင်းရပ်စ်မှာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာသည့်အတွက် ပြည်နယ်များ၊ မြို့များနှင့် ကုမ္ပဏီကြီးများတွင် အလုပ်သမားများကို လျင်မြန်စွာ ကာကွယ်ဆေးထိုးပေးနိုင်ရေး လုပ်ဆောင်လာကြသည်။ ဗီဇပြောင်းဒယ်လ်တာကူးစက်မှုမှာ တိုင်းပြည်တစ်ဝန်း နောက်ထပ် ကိုဗစ်- ၁၉ ကူးစက်မှုများ၏ ၉၃ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ကယ်လီဖိုးနီး ယားနှင့် နယူးယောက်မြို့တို့တွင် အများပြည်သူနှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများ မဖြစ်မနေ ကာကွယ်ဆေးထိုးရန် လိုအပ်ပြီး ပုံမှန်ကိုဗစ်- ၁၉ ဆေးစစ်ချက်များ ကိုလည်း တင်ပြနေရန်လိုအပ်သည်ဟု ကြေညာခဲ့သည်။
ဆေးလက်မှတ်ပြသရန်လိုအပ်
ဩဂုတ်လလယ်ပိုင်းမှစတင်ကာ စားသောက်ဆိုင်များ၊ ဘားများ နှင့်အားကစားရုံများတွင် လာရောက်အားပေးသူ ဖောက်သည်များ ကိုဗစ်- ၁၉ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြသရန် လိုအပ်မည်ဟု နယူးယောက်မြို့တော်ဝန်က ကြေညာသည်။ ဗာဂျီး နီးယားပြည်နယ်မှ အလုပ်သမားများသည်လည်း အပတ်စဉ် ကိုဗစ်-၁၉ ဆေးစစ်ချက်လက်မှတ်များကို ပြသရန် လိုအပ်သည်။ ပင်ဆယ် ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး တွမ်ဝေါ့ဖ်ကလည်း ကျန်းမာရေး လုပ်သားများနှင့် ကူးစက်နိုင်ဖွယ်မြင့်သည့်နေရာများတွင် အလုပ်လုပ် ကိုင်ကြသူများ စက်တင်ဘာ ၇ ရက် နောက်ဆုံးထား၍ ကိုဗစ် - ၁၉ ကာကွယ်ဆေးအပြည့်ထိုးပြီး ဖြစ်ရမည်ဟု ဩဂုတ် ၁၀ ရက်တွင် ကြေညာခဲ့သည်။
အကာအကွယ်ပေးရန်လိုအပ်
ကာကွယ်ဆေးမထိုးထားသူများ အပတ်စဉ် ကိုဗစ်- ၁၉ ဆေး စစ်မှုပြုလုပ်ရမည်ဖြစ်သည်ဟု အစိုးရ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဝါရှင်တန်အုပ်ချုပ်ရေးမှူး ဂျေးအင်စလီကလည်း ပြည်နယ်အလုပ်သမားများနှင့် စေတနာ့ဝန်ထမ်းများအတွက် ကာကွယ် ဆေးထိုးရန် ကြေညာချက်ကို ဩဂုတ် ၁၀ ရက်တွင် ကြေညာခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍတွင် လုပ်ကိုင်နေကြသူများလည်း ကာကွယ်ဆေးထိုးရမည်ဖြစ်သည်။ ၎င်းတို့အားလုံး ကိုဗစ်- ၁၉ ကူးစက် ခံရခြင်းမှ အကာအကွယ်ပေးရန် လိုအပ်သည်ဟုလည်း ဝါရှင်တန် အုပ်ချုပ်ရေးမှူးက ပြောသည်။
တွန့်ဆုတ်နေခဲ့
ကုမ္ပဏီများတွင် ဝန်ထမ်းများကို ကိုဗစ်- ၁၉ ကာကွယ်ဆေး မဖြစ် မနေထိုးပေးရန် လပေါင်းများစွာ တွန့်ဆုတ်နေခဲ့သည်။ နိုင်ငံရေးနှင့် လူများ၏တုံ့ပြန်မှုကို စိုးရိမ်သည့်အတွက် တွန့်ဆုတ်နေခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း မကြာသေးမီရက်များနှင့် သီတင်းပတ်များအတွင်း နိုင်ငံအတွင်း ကုမ္ပဏီကြီးများတွင် ကာကွယ်ဆေးထိုးလာကြသည်ကို တွေ့ရသည်။ ဝေါမတ်နှင့် ဝေါ့ဒစ္စနေးကုမ္ပဏီတို့သည် ဝန်ထမ်းအချို့ ကာကွယ်ဆေးထိုးရန် လိုအပ်ချက်အသစ်အဖြစ် အကောင်အထည်ဖော် ခဲ့သည်။ အူဘာ၊ ဖေ့စ်ဘွတ်ခ်နှင့် ဂူဂဲလ်ကုမ္ပဏီကြီးများတွင်လည်း အလားတူလုပ်ဆောင်မှုမျိုး လုပ်ဆောင်ခဲ့သည်။
ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများပြား
အမေရိကန်နိုင်ငံသားများကာကွယ်ဆေးထိုးကြရန် အိမ်ဖြူတော်က လည်း ကြိုးပမ်းလျက်ရှိသည်။ ဗဟိုအစိုးရဝန်ထမ်းများ၊ နိုင်ငံရေးသမား များ၊ လွှတ်တော်အမတ်များ ကာကွယ်ဆေးထိုးကြရန် သို့မဟုတ် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန်နှင့် လုပ်ငန်းခွင်အတွင်း လူမှုဝေးကွာ အစီအစဉ်များအတိုင်း နေထိုင်ကြရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။ အမေရိကန်တွင် ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူ များပြားသည့်အတွက် ယခုလိုအခြေအနေ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဆိုးကျိုးများရလာနိုင်ဖွယ်ရှိ
အများစုမှာ ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်လာသည့်ဘေးထွက် ဆိုးကျိုးမှာ ရောဂါအခြေအနေထက်ပိုမိုဆိုးရွားမည်ကို စိုးရိမ်သည့် အတွက် ကာကွယ်ဆေးထိုးရန် ငြင်းဆန်ကြသည်။ ဩဂုတ် ၆ ရက် အထိ အမေရိကန်တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၁၆၅ ဒသမ ၉သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။
အိမ်ဖြူတော်မှ ဗဟိုအစိုးရအာဏာကို အသုံးပြုခြင်း သို့မဟုတ် ကာကွယ်ဆေး မထိုးထားသည့် အဖွဲ့အစည်းများကို ရန်ပုံငွေများ မပေးဘဲ ထိန်းချုပ်ထားခြင်းအစရှိသည့် လုပ်ဆောင်မှုများ လုပ် မလုပ် ကိုမူ မသိရသေးပေ။ သို့သော်လည်း လာမည့်နှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးအရဆိုးကျိုးများ ရလာ နိုင်ဖွယ်ရှိသည်။
စိတ်ဝင်စားဟန်မရှိ
စိန့်ကောလိပ်မှ တွဲဖက်ပါမောက္ခဖြစ်သူ ခရစ္စတိုဖာဂယ်ဒီရီ ကမူ ဗဟိုအစိုးရအနေဖြင့် တစ်နိုင်ငံလုံးအနှံ့ မဖြစ်မနေ ကာကွယ်ဆေး ထိုးရန် အစီအစဉ်ကို မဦးတည်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်အစိုးရ အဖွဲ့အနေဖြင့် ယင်းသို့လုပ်ဆောင်ရန် စိတ်ဝင်စားသည့်ဟန် မရှိဟု ပြောသည်။ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဖောင်စီ ကမူ ကျောင်းဆရာများ ကာကွယ်ဆေးထိုးရန် အမိန့်ကို ထောက်ခံ သည်ဟုပြောသည်။ အမေရိကန်ပြည်ထောင်စုတွင် အပတ်စဉ် ကိုဗစ်- ၁၉ ကူးစက်မှု များ၏ ၁၅ ရာခိုင်နှုန်းမှာ ကလေးများဖြစ်သည်ဟု အမေရိကန်ကလေးအထူးကုဆရာဝန်များ အကယ်ဒမီ၏ အစီရင်ခံ စာအရ သိရသည်။
ဆန္ဒပြမှုများပေါ်ပေါက်ခဲ့
ဩဂုတ် ၁၀ ရက်တွင်လည်း နယူးယောက်မြို့တွင် စားသောက် ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်၊ အားကစားရုံများတွင် ကစား ခွင့်နှင့် အခြားသော ဖျော်ဖြေပွဲများတွင် ပါဝင်ခွင့်တို့အတွက် ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြသရန် လိုတော့ မည်ဖြစ်ကာ ယင်းအမိန့်ကြောင့် ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက် လျက်ရှိသည်။ ။
ကိုးကား - ဆင်ဟွာ