
နေပြည်တော် ဇန်နဝါရီ ၂၃
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Semi-virtual စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုသင်တန်းတက်ရောက်နေသူများအားလုံး သည် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် နှစ်များစွာ အတွေ့အကြုံ ရှိသူများဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ဆောင်ရွက်ရမည့် ကိစ္စအဝဝကို သိရှိနားလည်ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကာကွယ်ဆေးအမျိုးအစားအသစ်ဖြစ်သဖြင့် ဆေးနှင့်ပတ်သက်သည့် ဝိသေသ များ၊ အကြောင်းအရာများ၊ ထိုးနှံရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်များ စသည်တို့နှင့်ပတ်သက်၍ နောက်ဆုံးရ အချက်အလက်များကို မွမ်းမံပြောကြားသင်တန်းပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းပြုလုပ်ခြင်းဖြင့် ပထမအသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာတွင်လည်းကောင်း၊ ထပ်မံ၍ အသုတ်လိုက် ရောက်ရှိလာမည့် ကာကွယ်ဆေးများထိုးနှံရာတွင်လည်းကောင်း စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။
ဆက်လက်လေ့လာနေဆဲဖြစ်
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် အသေးစိတ်လုပ်ငန်းလမ်းညွှန် (guideline) များကိုလည်း ရေးဆွဲပြုစုပြီးဖြစ်ကာ အီးမေးလ်များဖြင့်လည်းကောင်း၊ စာအုပ်ဖြင့်လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးပြီးပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အသစ်ဖြစ်သောကြောင့် လုပ်ငန်းလမ်းညွှန်များကိုလည်း နောက်ထပ် ထပ်မံတွေ့ရှိလာမည့် အကြောင်း အရာများနှင့် အချက်အလက်များရှိပါက ထပ်မံမွမ်းမံဖြည့်စွက်သွားမည် ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်ထိုးနှံအသုံးပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက်မှု (efficacy) ရှိသည်ကိုသာ သိရှိရသေးပြီး လက်တွေ့ပြင်ပတွင် စွမ်းရည်ထက်မြက်ခြင်း (effectiveness) မည်သည့် အတိုင်းအတာအထိရှိသည်ကို ဆက်လက်လေ့လာနေဆဲဖြစ်ပါကြောင်း။
ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးနှံပြီးနောက် ရောဂါ ကာကွယ်မှုစွမ်းရည် မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာ မည်မျှရှိမည် စသည့်အချက်များကိုလည်း ဆက်လက် လေ့လာနေဆဲဖြစ်ပါကြောင်း၊ ယခုရရှိသည့် သတင်းများအရ ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် စွမ်းရည် ထက်မြက်ခြင်းရှိသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များကို ဆက်လက်၍ တိကျစွာ မဖြစ်မနေ လိုက်နာကျင့်သုံးနေရမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများဆောင်ရွက် လျက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးရှုထောင့်မှ အကြံပြုချက်များကို တင်ပြလျက်ရှိကာ အမျိုးသားအဆင့် ဗဟိုကော်မတီက လူမှုရေး၊ စီးပွားရေး စသည့်ရှုထောင့်အမျိုးမျိုးမှ စဉ်းစားဆုံးဖြတ်ကာ လမ်းညွှန်မှုများ ပေးအပ်လျက်ရှိ ပါကြောင်း။
စားပွဲဝိုင်းလေ့ကျင့်ခန်းများ ပြုလုပ်ထား
ကိုဗစ်-၁၉ ကာကွယ်ဆေးများရရှိစေရန်နှင့် ယခုပထမအသုတ်ရောက်ရှိပြီး ထိုးနှံရေးအတွက် ကာကွယ်ဆေးသိုလှောင်ခြင်း၊ အအေးလမ်းကြောင်း မပျက်စေဘဲပို့ဆောင်ခြင်း၊ စာရင်းများပြုစုခြင်း၊ ကာကွယ်ဆေးထိုးကတ်များ ပြုစုခြင်း၊ ကာကွယ်ဆေးထိုးအစီအစဉ်ရေးဆွဲခြင်း၊ ကာကွယ်ဆေးထိုးပြီး ဖြစ်ပွားတတ်သော နောက်ဆက်တွဲပြဿနာများ (AEFI) အတွက် စနစ်တကျ ကိုင်တွယ်စီမံနိုင်ရေး အစီအစဉ်များရေးဆွဲခြင်း စသည်တို့ကို ရေးဆွဲပြီးခဲ့ သည့်အပြင် လုပ်ငန်းကိစ္စအဝဝကို ၂၄ နာရီပတ်လုံး ကြိုးပမ်းဆောင်ရွက်နေသည့် ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ် ကာကွယ်ဆေး ထိုးလုပ်ငန်း တာဝန်ခံများအပါအဝင် ပါဝင်ဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ စားပွဲဝိုင်းလေ့ကျင့်ခန်း (tabletop exercise) များ ပြုလုပ်ထားကြပြီးဖြစ်သည့်အတွက် လက်တွေ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေမည်ဟု ထင်မြင် ပါကြောင်း။
ဆက်သွယ်ချိတ်ဆက်မှု လုပ်ဆောင်
ယခု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ အနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှတင်ပြကာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မမျှော်မှန်းနိုင်သော ကိစ္စရပ်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်ချဆောင်ရွက်ကြရမည် ဖြစ်ပြီး ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအကြား အမြဲတမ်း ဆက်သွယ်ချိတ်ဆက်မှုလုပ်ဆောင်ရန် လမ်းကြောင်းများလည်း ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ သိရှိထားသင့်သည့်အချက်အလက် အကြောင်းအရာများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ပြန်ထားပြီး ဆက်လက်၍လည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံရာတွင် တိုင်းဒေသကြီး/ ပြည်နယ် နေရာဒေသအလိုက် ထိုးနှံရမည့်လူအရေအတွက်၊ လမ်းပန်းဆက်သွယ်ရေးအနေအထား၊ လုံခြုံရေး အနေအထား စသည်တို့ကြောင့် ထိုးနှံရက်အတိုင်းအတာသည် နေရာဒေသတစ်ခု နှင့်တစ်ခု ထပ်တူကျတူညီမှုမရှိနိုင်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ဦးဆောင်ကာ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးများဖြစ်ပွားခြင်းမရှိ စေရန်အတွက် ထိုးနှံရမည့် လူဦးရေများပြားသည့် နေရာများတွင် နေ့ရက်နှင့် အချိန်ခွဲကာ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးစုရပ်နေရာများကို စနစ်တကျ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ သင်တန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအတွက် အကြောင်းအရာအမျိုးမျိုး၊ ဖြစ်ပေါ် လာနိုင်သည့် အခြေအနေအမျိုးမျိုးကို ထည့်သွင်းထားသည့်အတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် မရှင်းလင်းသည်များကို ပွင့်လင်းစွာမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်စေလိုပါကြောင်း ပြောကြားသည်။
တာဝန်ယူဆောင်ရွက်
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာ ထားထားလင်းက ဗဟိုအဆင့်မွမ်းမံ ဆရာဖြစ်သင်တန်းကို ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့် မွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တစ်ဆက်တည်းပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မွမ်းမံသင်တန်း တက်ရောက်ပြီးသူများကသာ ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည့် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့်လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဝန်ထမ်းအင်အားစာရင်း ကောက်ယူထား
မြို့နယ်အဆင့်မွမ်းမံသင်တန်းကို ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို ပထမ ဦးစားပေးအနေဖြင့် ထိုးနှံသည့်အခါ၌ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကျန်းမာရေးဝန်ထမ်းအင်အားစာရင်း၊ ဦးစီးဌာနအလိုက် ဝန်ထမ်းအင်အား စာရင်းကို ကောက်ယူထားရှိပြီးဖြစ်ပါကြောင်း။
ယခုပြုလုပ်သည့် သင်တန်း၏သင်ရိုးတွင် အခန်း(၆)ခုပါဝင်ပြီး အခန်း(၁)- နိဒါန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာ၊ အခန်း (၂) - ကိုဗစ်-၁၉ ကာကွယ်ဆေးများ သိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ အခန်း(၃)- ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ အခန်း (၄) - ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ အခန်း (၅) -ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊ အခန်း (၆) - ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်းတို့ ပါဝင်ပါကြောင်း။
ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် ဖြစ်ပွားလာပါက အရေးပေါ်ကုသမှုပေးခြင်းတို့အတွက် လုပ်ငန်းလမ်းညွှန်ကို AEFI Committee နှင့် ဆွေးနွေးကာ ရေးဆွဲဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ၊ ကျန်းမာရေးဌာန များတွင် ကာကွယ်ဆေးထိုးနှံရမည့် လူဦးရေအလိုက် ကာကွယ်ဆေးထိုးစုရပ်များ ပြင်ဆင်ခြင်း၊ ကျန်းမာရေးအဖွဲ့ (Medical Team) များ ပြင်ဆင်ထားရှိခြင်းတို့ကို သက်ဆိုင်ရာ ဆေးရုံ/ ကျန်းမာရေးဌာနအလိုက် စီစဉ်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။
သီးခြားအစီအစဉ် ဆောင်ရွက်
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် အသက် (၁၈) နှစ် အထက် လူအုပ်စုများကို ထိုးနှံပေးရမည်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုး စုရပ်ကို ရောက်ရှိလာခြင်းသည် ကာကွယ်ဆေးထိုးရန် သဘောတူခြင်းဟု သတ်မှတ်သည့်အတွက် Consent Form မလိုအပ်ပါကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသောနေရာများအတွက် သီးခြားအစီအစဉ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများမှ ပြန်လည် ဆွေးနွေးကြပြီး သင်တန်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်