ကိုဗစ်- ၁၉ ကာကွယ်ဆေး သာတူညီမျှရရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများစီးဆင်းမှု အဆင်ပြေချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးလာစေရေးတို့သည် အရေးကြီး

 

နေပြည်တော်   စက်တင်ဘာ   ၁၅


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၉ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ ပထမအကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲနှင့် (၉) ကြိမ်မြောက် အရှေ့ အာရှ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။


အဆိုပါ အစည်းအဝေးများသို့ အာဆီယံစီးပွားရေး ဝန်ကြီးများ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ အစည်းအဝေးများတွင် ဘရူနိုင်းနိုင်ငံ ဝန်ကြီး ချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် သက်ဆိုင် ရာ ဆွေးနွေးဖက်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများက  ပူးတွဲသဘာပတိများအဖြစ်   ဆောင်ရွက်ကြသည်။ 


အာဆီယံ-သြစတြေးလျ၊  နယူးဇီလန် ဆွေးနွေး


ပထမဦးစွာ  (၂၆) ကြိမ်မြောက်  အာဆီယံ-သြစတြေးလျ၊  နယူးဇီလန်  စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲကို    ကျင်းပရာ   သြစတြေးလျနိုင်ငံ ကုန်သွယ်ရေး၊  ခရီးသွားလာရေးနှင့်  ရင်းနှီးမြှုပ်နှံမှု ၀န်ကြီး H.E. Dan Tehan MP နှင့် နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးနှင့် ပို့ကုန်တိုးတက်မှုဆိုင်ရာဝန်ကြီး H.E. Phil Twyford နှင့် အာဆီယံ စီးပွားရေးဝန်ကြီး များက   အာဆီယံ-သြစတြေးလျ၊  နယူးဇီလန် လွတ်လပ်သော   ကုန်သွယ်မှုဒေသ  ထူထောင်ခြင်း သဘောတူစာချုပ်      အကောင်အထည်ဖော်မှု၊ သဘောတူစာချုပ်   အဆင့်မြှင့်တင်ခြင်းအတွက် ညှိနှိုင်းမှုအခြေအနေများ၊    ၂၀၂၁   ခုနှစ်အလွန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အထောက်အကူပြု အစီအစဉ်နှင့် ချီလီနိုင်ငံက အဆိုပါသဘောတူစာချုပ် တွင် အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်ရန် အဆိုပြုလာခြင်း ကိစ္စရပ်များအပေါ်   အမြင်ချင်းဖလှယ်  ဆွေးနွေး ခဲ့သည်။ 


ပြည်ထောင်စုဝန်ကြီးက     ဆွေးနွေးရာတွင် ဒေသတွင်း၌   အာဆီယံ-ဩစတြေးလျ၊  နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် အား   အသုံးပြုမှု  နည်းပါးနေသေးသည့်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊    သဘောတူစာချုပ်   အဆင့် မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမတိုင်မီ   ပြီးစီးနိုင်ရေး  ကြိုးစား ဆောင်ရွက်ရန်လိုကြောင်း၊   ချီလီနိုင်ငံအနေဖြင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ  သဘောတူစာချုပ်သို့  အဖွဲ့ဝင် အသစ်အဖြစ်ပါဝင်ရန် အဆိုပြုလာခြင်းအပေါ် ကြိုဆို ကြောင်းနှင့် စီးပွားရေး အထောက်အကူပြု အစီအစဉ် အတွက်  ဩစတြေးလျနှင့်  နယူးဇီလန်နိုင်ငံတို့၏ ကူညီပံ့ပိုးပေးမှုကိုလည်း   ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးခဲ့သည်။  


အာဆီယံ-ဂျပန် ဆွေးနွေးပွဲ


မွန်းလွဲပိုင်းတွင်  (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပရာ ဂျပန်နိုင်ငံ   စီးပွားရေး၊   ကုန်သွယ်ရေးနှင့်  စက်မှု ဝန်ကြီးဌာန ဝန်ကြီး H.E. KAJIYAMA Hiroshi နှင့် အာဆီယံစီးပွားရေးဝန်ကြီးများက အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်အောက်ရှိ အကောင်အထည်ဖော်မှု အခြေ အနေများ၊ ၂၀၂၁  ခုနှစ်အတွက်  ဆောင်ရွက်သည့် အာဆီယံ-ဂျပန်  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ဂျပန်နိုင်ငံက အဆိုပြုလာသည့် အာဆီယံ-ဂျပန် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးအစီအစဉ် (ASEAN-Japan Priority for Innovative and Sustainable Growth) တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 


ပြည်ထောင်စုဝန်ကြီးက အာဆီယံ-ဂျပန် မဟာ ဗျူဟာမြောက်    စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်တာ လမ်းပြမြေပုံ၏ အကောင်အထည်ဖော်မှု အခြေအနေနှင့် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အာဆီယံ-ဂျပန်  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၏   တိုးတက်မှုတို့အပေါ်   ကြိုဆို ကြောင်း၊ လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့်လာမှုနှင့်အတူ   ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်ဖူလုံရေးနှင့် သဘာဝသယံဇာတများ ရှားပါး လာမှုကိစ္စရပ်များသည် ယှဉ်တွဲ၍စိုးရိမ်မှုများ ဖြစ်ပေါ် လာကြောင်း၊   ဂျပန်နိုင်ငံက  အဆိုပြုထားသည့် အာဆီယံ-ဂျပန် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက် မပြတ်    ဖွံ့ဖြိုးတိုးတက်မှု   ဦးစားပေးအစီအစဉ် အောက်တွင် ပါဝင်သည့် နယ်ပယ်များသည် ကိုဗစ်- ၁၉ အလွန် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်း နှင့် အဆိုပါအဆိုပြုချက်ကို ကြိုဆိုကြောင်း ဆွေးနွေး ပြောကြားသည်။


အာဆီယံ-ဗြိတိန် ဆွေးနွေးပွဲ


ဆက်လက်၍ ပထမအကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ  ဆွေးနွေးပွဲကို  ကျင်းပရာ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး Rt Hon  Elizabeth  Truss MP နှင့် အာဆီယံ စီးပွားရေးဝန်ကြီးများက အာဆီယံ-ဗြိတိန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု  (၂၀၂၀-၂၀၂၁) ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေကို    အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ထို့နောက် အာဆီယံနှင့်ဗြိတိန်တို့ အကြား  အနာဂတ် အာဆီယံ-ဗြိတိန်  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကြေညာချက်ကို ဝန်ကြီး များက အတည်ပြုခဲ့သည်။ 


ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ဗြိတိန် နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး ထူထောင်နိုင် ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများအပေါ် ကုစား နိုင်ရေးနှင့် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အာဆီယံသို့ ဗြိတိန်နိုင်ငံ၏ ကူညီပံ့ပိုး မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် အာဆီယံ နှင့် ဗြိတိန်နိုင်ငံတို့အကြား ဆောင်ရွက်မည့် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များသည် ဒေသတွင်းနိုင်ငံ များ    ဖွံ့ဖြိုးတိုးတက်မှု  ညီမျှမှုရှိစေရန်အတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးခဲ့သည်။ 


အရှေ့အာရှ စီးပွားရေးဝန်ကြီးများ အစည်းအဝေး


ဆက်လက်၍  (၉) ကြိမ်မြောက်  အရှေ့အာရှ စီးပွားရေးဝန်ကြီးများ  အစည်းအဝေးကို   ကျင်းပရာ   အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊         အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှားနှင့် ကိုရီးယားနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကိုဗစ် - ၁၉ ကြောင့် သက်ရောက်မှုများနှင့်  အရှေ့အာရှနိုင်ငံများတွင် ကိုဗစ် - ၁၉ ကြောင့် သက်ရောက်မှုများ လျှော့ချရေး အစီအမံများနှင့်  အရှေ့အာရှနိုင်ငံများတွင် ကိုဗစ်- ၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်မှုလုပ်ငန်း များနှင့်စပ်လျဉ်း၍ Economic Research Institute for ASEAN and East Asia –ERIA က ပြုစုတင်သွင်း သည့် စာတမ်းတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။   


ပြည်ထောင်စုဝန်ကြီးက ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် တိုက်ဖျက် ရေး၊ ကာကွယ်ဆေး သာတူညီမျှရရှိရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများစီးဆင်းမှု အဆင်ပြေချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး   ဖွံ့ဖြိုးလာစေရေးတို့သည် အရေးကြီးကြောင်း အလေးပေးပြောကြားသည်။ 


ဝန်ကြီးများက အတည်ပြု


အစည်းအဝေးအသီးသီးက ထုတ်ပြန်မည့် ပူးတွဲ ကြေညာချက်များကို ဝန်ကြီးများက အတည်ပြုခဲ့ကြ သည်။
အဆိုပါ အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများလည်း တက်ရောက် ခဲ့ကြသည်။                       

သတင်းစဉ်