ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပတင်သွင်းခွင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ယာယီကင်းလွတ်ခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၈ 


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ  ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ  ပြည်ပမှ တင်သွင်းခွင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့်     နယ်စပ်ဒေသ များမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေး အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိဖွင့်လှစ်၍  ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပုံမှန်   Online  စနစ်ဖြင့်  ဆောင်ရွက်လျက်ရှိသည့် အခြားကုန်စည်များအတွက် အများပြည်သူ အလုပ် ပိတ်ရက်ရှည်ဖြစ်သည့်  ဇူလိုင် ၂၆  ရက်မှ  ဩဂုတ် ၁ ရက်အထိ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို  ကုန်သွယ်ရေးဦးစီးဌာန  (ရုံးချုပ်)  ပို့ကုန် သွင်းကုန်    လုပ်ငန်းဌာနခွဲနှင့်    ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ  အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အထိ ပို့ကုန် လိုင်စင် အစောင် ၂၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၆   သန်းနှင့်   ဆေးနှင့်   ဆေးပစ္စည်းအတွက် သွင်းကုန် လိုင်စင် ၅၆ စောင်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၆  သန်း အပါအဝင် သွင်းကုန်လိုင်စင် ၂၇၇  စောင်၊  တန်ဖိုး   အမေရိကန်ဒေါ်လာ ၃၁၈   သန်း ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

 


ရုံးပိတ်ရက်ကာလအတွင်း      ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ       တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ   Oxygen    Concentrator ၃၀၆၃ ခု၊ Test Kit ၁၅၂၅၀ တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊  ကော့သောင်း၊ တာချီလိတ် ကုန်သွယ်ရေး စခန်းများမှ  အောက်ဆီဂျင်အရည်  (Bowser) ယာဉ် တစ်စီးဖြင့်  တန် ၂၀၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၂၉ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၃၀၂ ခု၊ နှာခေါင်းစည်း (Mask) ၂၁ တန် တင်သွင်းနိုင် ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၂၆ ခု မှ ယာဉ်စီးရေ ၃၆ စီးဖြင့် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

 


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်     ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု    စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ၂၈ ရက်အထိ ယာဉ်စီးရေ ၅၄၉  စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၆၃၁ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၄၉၄ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့   (အိုးဖြင့်) ၁၀၆   တန်၊ အိမ်သုံးအောက်ဆီဂျင်စက် ၄၄၆၈၄ခု၊ Test Kit ၂၇၅၇၇၈   ခု၊  နှာခေါင်းစည်း  (Mask) ၇၉၇ တန်၊ Oxygen Plant ငါးခု၊ Oxygen Generator ကိုးခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက်  သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါက လည်း   သက်ဆိုင်ရာ  တာဝန်ရှိသူများထံ တိုက်ရိုက်    ဆက်သွယ်နိုင်ရေးအတွက်      ဌာနများအလိုက်    ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကို လည်း ဝန်ကြီးဌာန  Website   ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင် ရွက်ပေးထားကြောင်း သိရသည်။            

 

သတင်းစဉ်