
နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးရောက်ရှိ နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်း ခွင့်ပြုလျက်ရှိသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ကို ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိရာအများပြည်သူအလုပ် ပိတ်ရက်ရှည်အဖြစ် သတ်မှတ် ထားသည့် ကာလအတွင်း၌လည်း အဆင်ပြေချောမွေ့ စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ညှိနှိုင်းထားသည့် SOP များနှင့် အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Generator ၃၇ လုံး အပါ အဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက် ဆီဂျင်အရည်(Bowser) ယာဉ် သုံးစီးဖြင့် ၅၈ တန်၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) ၅၇ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၁၈၄၈ခု၊ နှာခေါင်းစည်း (Mask) တန် ၃၀ တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၂၅ ခုမှ ယာဉ်စီးရေ ၄၁ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် ထိုင်းနိုင်ငံဘက်မှ မြဝတီကုန်သွယ်ရေးဇုန်၊ တရုတ်နိုင်ငံဘက်မှ မူဆယ် ကုန်သွယ်ရေးဇုန်တို့မှ အများဆုံးတင်သွင်းနိုင်ခဲ့ပြီး နိုင်ငံတော်မှ ရောဂါထိန်းချုပ်မှုအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ဇူလိုင် ၁၂ ရက်မှ ၂၁ ရက် အထိ မော်တော်ယာဉ် ၂၅၄ စီးဖြင့် အောက်ဆီဂျင် အရည်(Bowser)ယာဉ်ဖြင့် ၃၈၇ တန်၊အောက်ဆီဂျင် အရည် (အိုးဖြင့်) တန် ၁၇၀၊ အောက်ဆီဂျင် ဓာတ်ငွေ့ (အိုးဖြင့်) ၆၂ တန်၊ အိမ်သုံးအောက်ဆီဂျင် စက် ၁၇၄၀၉ ခု၊ Test Kit ၁၃၄၅၀၀၊ နှာခေါင်း စည်း (Mask) တန် ၄၅၀ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အဆက်မပြတ် တင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်း နှင့် တင်သွင်းရာတွင်လည်း ကြန့်ကြာမှုမရှိစေရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်