ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ပြည်သူများအတွက် အသိပညာပေးအစီအစဉ်

Type
၁

တွေ့ဆုံမေးမြန်း

=========

 

ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ပြည်သူများအတွက် အသိပညာပေးအစီအစဉ်

========================================================

 

သတင်းအဖွဲ့

=======

 

 

(ယမန်နေ့မှ အဆက်)

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို စောင့်ကြပ်ပေးနေမှုနှင့်စပ်လျဉ်းပြီး ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဇော်လင်း အောင်က ယခုလိုပြောကြားသည် -

ပါမောက္ခ ဒေါက်တာဇော်လင်းအောင်

(ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)၊ ဆေးပညာဌာန)

ဆေးရုံ တစ်ရုံကို ကိုဗစ် - ၁၉ သံသယရှိတဲ့ လူနာတွေ ရောက်လာတဲ့အခါမှာ ကျွန်တော်တို့က အဲဒီကနေစပြီး သူတို့ကိုကုသတဲ့ဖြစ်စဉ်လေးတွေ၊ နောက်ဆုံး ဆေးရုံကနေ ဆင်းတဲ့အထိတိုင်အောင် အကျဉ်းချုံးပြီး တင်ပြသွား ပါမယ်။

လူတစ်ယောက်က ကိုဗစ်-၁၉ ကို သံသယရှိတယ် ဆိုတဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုရင် သူတို့က ဆေးရုံကို ရောက်လာကြပါတယ်။ အထူးသဖြင့် ချောင်းဆိုးတယ်၊ ဖျားတယ်၊ မောတယ်။ ယခုနောက်ပိုင်းထူးခြားတဲ့ လက္ခဏာတွေက အနံ့ပျောက်တယ်၊ အရသာပျောက်တယ်၊ တချို့ဆိုရင် ပျို့အန်တယ်၊ ဝမ်းသွားတယ်၊ နောက်တချို့က စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေရှိတယ်။ ဒီလက္ခဏာ မျိုးတွေပေါ်မှာမူတည်ပြီး သူ့ကို သံသယလူနာလို့ သတ်မှတ်လိုက်တာနဲ့ သူတို့ကို ဆေးရုံမှာ တင်ပါတယ်။ ဆေးရုံတင်တဲ့အခါမှာ သူတို့ကို စောင့်ကြည့်လူနာနေရာမှာ ထားပါတယ်။ သူတို့ရဲ့ နှာခေါင်းတို့ဖတ် နမူနာယူဖို့အတွက် စီစဉ်ပေးပါတယ်။ လူနာတစ်ယောက်က ဆေးရုံကိုရောက် လာရင် အဲဒီမှာစပြီး တက်ရောက်ရပါတယ်။ သံသယရှိတဲ့ အတွက် အိမ်ပြန်လို့မရပါဘူး။ အဲဒီနေရာမှာ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ပြီး နှာခေါင်းတို့ဖတ် နမူနာကို ယူပါ တယ်။ ရောဂါစစ်ဆေးပေးနိုင်တဲ့ အားတွေကများတဲ့ အတွက် ၂၄ နာရီအတွင်းမှာ အဖြေရပါတယ်။

တချို့က ရောဂါလက္ခဏာမပြ

အဖြေရပြီဆိုရင် အဲဒီလူနာက ဘာလုပ်ရသလဲဆိုရင် Positiveထွက်တယ်လို့ သတ်မှတ်တဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေကို ထားရှိတဲ့ ဆေးရုံကို သွားရပါတယ်။ သက်ဆိုင်ရာဆေးရုံတွေကနေပြီး စီစဉ် ပေးတဲ့ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ အဲဒီဆေးရုံကို သွားရပါတယ်။ အဲဒီမှာလည်း လူနာရဲ့အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်ရပါတယ်။ တချို့က ရောဂါလက္ခဏာ တွေ လုံးဝမပြပါဘူး။

ဒီလူနာတွေရဲ့ ဆေးကုသရေး၊ ပြုစုစောင့်ရှောက်ရေး၊ စားသောက်ရေးတွေ အကုန်လုံးကို အဲဒီဆေးရုံတွေကနေ လူအင်အား၊ အစားအသောက်အင်အား စသဖြင့် ဖြည့် စွက်ထားပါတယ်။ အဲဒီဆေးရုံတွေမှာ မိမိတို့ရဲ့ မိသားစု ဝင်တွေနဲ့ ဆက်သွယ်ဖို့အတွက် အင်တာနက်တွေ တပ်ဆင် ပေးထားပါတယ်။ ဒီအင်တာနက်တွေကနေပြီး မိမိတို့ရဲ့ သက်ဆိုင်ရာ တယ်လီဖုန်းတွေကနေ Video Call တွေ၊ Viber, Messenger စသဖြင့် စကားပြောလို့ ရနေပါပြီ။ ဒါကိုအစိုးရအနေနဲ့ ဒီဆေးရုံကြီးတွေမှာ အင်တာနက် Connection တွေကောင်းအောင် ဖန်တီးပေးထားတဲ့ အတွက်ကြောင့်မို့ လူနာရှင်တွေအနေနဲ့ လိုက်ပါပြီး ပြုစု စောင့်ရှောက်ရခြင်းမရှိသော်လည်း ဒီလူနာတွေနဲ့ မိသားစု ဝင်တွေက ဆက်တိုက် အဆက်မပြတ် ထိတွေ့နိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ယခင်တုန်းက ဆေးရုံက မဆင်းမချင်း နှာခေါင်း တို့ဖတ် နမူနာယူပြီး Negative ဖြစ်အောင် စောင့်ရတယ်။ ဒီလိုစောင့်ရတဲ့အချိန်ကာလသည် သုံးပတ် သို့မဟုတ် လေးပတ်ဖြစ်နိုင်ပါတယ်။ အဲဒီကမှတစ်ဆင့် နှာခေါင်းတို့ ဖတ် ကနေ ပိုးမတွေ့တော့ဘူးဆိုရင် နောက်ဆေးရုံတစ်ခုကို ပြောင်းရပါတယ်။ အဲဒီတုန်းက ဖောင်ကြီးဆေးရုံကြီးကို ပြောင်းရတာဖြစ်ပါတယ်။ ဖောင်ကြီးဆေးရုံမှာ နောက်ထပ် နှစ်ပတ်ထပ်နေပြီး ဆေးရုံကဆင်းရတဲ့အတွက် လူနာတစ် ယောက်က ဆေးရုံမှာ အကြမ်းဖျင်း လေးပတ်ကနေ ငါးပတ်အထိ နေရပါတယ်။

၁၄ ရက်နေပြီး ဆင်းခွင့်ပြု

ယခုကမ္ဘာနဲ့တစ်ဝန်းက သုတေသနပြုချက်တွေအရ ဆေးရုံကနေ ဆင်းခွင့်ပြုနိုင်တဲ့ သတ်မှတ်ချက်တွေကို ပြောင်းလိုက်ပါတယ်။ ဒါတွေက ဘာလဲဆိုရင် ဆေးရုံကို ရောက်ပြီး အနည်းဆုံး ၁၄ ရက် နေရပါမယ်။ ဒီ ၁၄ ရက် အတွင်းမှာ တချို့က ရောဂါလက္ခဏာပြပါတယ်။ တချို့က မပြပါဘူး။ ရောဂါလက္ခဏာမပြတဲ့သူတွေကို ၁၄ ရက် နေပြီးရင် ဆေးရုံကနေ ဆင်းခွင့်ပြုပါတယ်။

ရောဂါလက္ခဏာပြတဲ့သူတွေကို အနည်းဆုံး ၁၄ ရက်နေရမယ်ဆိုပေမယ့်၊ ရောဂါလက္ခဏာ မရှိတဲ့ရက် လေးရက်ရှိရမယ်ဆိုပြီး ထပ်ပြီးကန့်သတ်ထားပါတယ်။ ဥပမာ-လူနာတစ်ယောက်က ငါးရက်ဖျားပြီး နောက်ပိုင်းမှာ ရောဂါလက္ခဏာမပြတဲ့ လေးရက်အပါ ကိုးရက်ဖြစ်သွားပါ မယ်။ ဆေးရုံမှာ ၁၄ ရက် နေရမယ့်အချက်နဲ့ ရောဂါလက္ခဏာ မပြတဲ့ လေးရက်ဆက်တိုက်ဖြစ်ရမယ်ဆိုတဲ့ အချက် တွေကို အကျုံးဝင်တဲ့ လူနာတွေကို သတ်မှတ်ရက်ပြည့်ရင် ဆေးရုံကနေပေးဆင်းလိုက်ပါတယ်။ ဒါက ဆေးရုံမှာ နေရ မယ့် ကာလတိုသွားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ဆေးရုံကို ရောက်ရှိလာတဲ့ လူနာတွေအားလုံးသည် ဒီဆေးရုံတွေမှာ ဂရုတစိုက်နဲ့ ဆောင်ရွက်ရမယ့် ဆောင်ရန်/ ရှောင်ရန် အချက်တွေရှိပါတယ်။ အစားအသောက်တွေကို အစိုးရက နေ ပံ့ပိုးပေးထားတဲ့အတွက် ဒီဆေးရုံတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ ဝန်ထမ်းတွေက မနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်နဲ့ ညနေတစ်ကြိမ် ဖြန့်ဖြူးပေးပြီး စားသောက် ပြီးတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်သိမ်းပေးပါတယ်။ လူနာ တွေအနေနဲ့ ဆေးရုံထဲမှာ စနစ်တကျစားသောက်ပြီး စွန့်ပစ်ပစ္စည်းတွေ ပြန်စွန့်ပေးမယ့် အလုပ်သမားတွေ နေရာအထိကို စုစည်းပြီး လာပေးရပါတယ် ဒါက နံပါတ် (၁)ပါ။

စိတ်ရှည်သည်းခံ ရန်ဘက်မဖြစ်အောင်နေထိုင်

နံပါတ်(၂)က ဒီဆေးရုံတွေမှာ အောက်ဆီဂျင်ပိုက် လိုင်းတွေရှိပါတယ်။ အလွန်အရေးကြီးပါတယ်။ အောက်ဆီ ဂျင်ပိုက်လိုင်းတွေက မီးလောင်လွယ်တဲ့အတွက်ကြောင့်မို့ ဒီထဲမှာ ဆေးလိပ်သောက်လို့မရပါဘူး။ မီးခြစ်သုံးလို့ မရပါဘူး။ ဒါတွေက အရေးကြီးပါတယ်။ နောက်တစ်ခုက ဒီထဲကို မသယ်ရမယ့် ပစ္စည်းတွေရှိပါတယ်။ မူးယစ်ဆေးဝါး တွေ၊ အရက်သေစာတွေ မသယ်ရပါဘူး။ နောက်လူကို အန္တရာယ်ဖြစ်စေတတ်တဲ့ ချွန်ထက်တဲ့ လက်နက်ကိရိယာ တွေမသယ်ရဘူး။ အချင်းချင်းနေထိုင်တဲ့အခါမှာလည်း သင့်တင့်မျှတစွာနဲ့ စိတ်ရှည်သည်းခံပြီး တစ်ယောက်နဲ့ တစ်ယောက် ရန်ဘက်မဖြစ်အောင် နေထိုင်ကြဖို့ လိုပါ တယ်။ ဒါ့အပြင် ကန့်သတ်ထားတဲ့ နေရာတွေကို ကျော် လွန်ပြီး ဘယ်မှ သွားလို့မရပါဘူး။ နေ့စဉ်နဲ့အမျှ ဆရာဝန် တွေကနေပြီး လိုအပ်တဲ့ အတိုင်းအတာကို မူတည်ပြီး စစ်ဆေးတာတွေကို ခံယူရပါမယ်။ ဒီလို စစ်ဆေးတဲ့နေရာမှာ သွေးဖောက်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ ရှိနိုင်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ကုသမှုပေးတာတွေကို ခံယူရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အဆောင်တွေမှာလည်း တာဝန်ကျဆရာဝန်တွေ၊ ဆရာမတွေနဲ့ လုပ်သားတွေရဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး နေကြရမှာဖြစ်ပါတယ်။

သူတို့ကို ဆေးရုံကနေ ဆင်းချိန်တန်ရင် ဘယ်လို ဆင်းရမလဲဆိုတာရှိပါတယ်။ ဒီဆေးရုံတွေကနေ ဆင်းခွင့် ပေးလိုက်တဲ့ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကြသူ တွေက အနယ်နယ်အရပ်ရပ်ကို ပြန်သွားကြတဲ့အခါ မိမိရဲ့ အိမ်မှာ နောက်ထပ်တစ်ပတ် အများကိုမကူးစက်အောင် ဆိုပြီး ချမှတ်ထားတဲ့ Social distancing အတိုင်း လိုက်နာ ရပါမယ်။ အိမ်မှာ တစ်ယောက်နဲ့တစ်ယောက်ခွာပြီး နေ တာတွေ၊ မလိုလားအပ်ဘဲနဲ့ စုစုဝေးဝေးနေတာတွေကို ရှောင်ကြဉ်ပြီး မကြာခဏ လက်ဆေးတာတွေ၊ Mask တပ်တာတွေကို ဆောင်ရွက်ပါ။ ဒါမှနောက်တစ်ယောက်ကို ကူးစက်နိုင်ဖို့ အခွင့်အလမ်းနည်းသွားမှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သုတေသနတွေအရ နှစ်ပတ်ကျော်ရင် ဒီလူနာကနေ နောက်တစ်ယောက်ကို ကူးစက်ဖို့ အခွင့် အလမ်းမရှိတော့ဘူးလို့ ပြောကြပေမယ့်၊ ဆေးရုံမှာ နှစ်ပတ်နေပြီးတဲ့နောက်မှာ အိမ်မှာလည်း တစ်ပတ်နေဖို့ ဆိုပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေဖြစ်ပါတယ်။

 

P စာမျက်နှာ ၆ မှ

ဆေးရုံကဆင်းတဲ့ လူနာတွေသည် ဆေးရုံနဲ့ အစိုးရ ကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းဖြင့် ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဒီတော့ စေတနာ၊ မေတ္တာတွေနဲ့ အတူ အစိုးရဘက်ကနေ လိုလေသေးမရှိအောင် အခမဲ့ ပြုစုကုသပေးနေတဲ့ ဆေးရုံကြီးတွေရဲ့ စည်းကမ်းတွေကို လိုက်နာပြီး ဆေးရုံကဆင်းတဲ့အချိန်မှာ ကိုဗစ်ရောဂါကင်း စင်တဲ့ လူနာတွေအဖြစ် ဆင်းသက်သွားတဲ့ လူနာတွေ အများကြီးရှိပါတယ်။ ဒီလိုအသိလေးတွေနဲ့ အားလုံးလိုက် နာပြီး ပူးပေါင်းကူညီဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ရာတွင် လူနာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ နှင့် ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာမော်မော်ဦးက ယခုလိုပြောကြားသည်-

ပါမောက္ခ ဒေါက်တာမော်မော်ဦး

(အရေးပေါ်ဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)

လူနာအမျိုးအစားတွေက သုံးမျိုးရှိပါတယ်။ နံပါတ် (၁) အထူးကြပ်မတ်ကုသဖို့ လိုအပ်တဲ့ အရေးပေါ်လူနာမျိုး တွေကို သယ်ယူပို့ဆောင်တာက တစ်မျိုးပါ။ နံပါတ်(၂) လူနာက သာမန်ရောဂါ လက္ခဏာပဲရှိတယ်။ ဖျားမယ်၊ နာမယ်၊ ချောင်းဆိုးမယ် ဒီလိုမျိုး ရောဂါလက္ခဏာရှိတာက နံပါတ်(၂) အမျိုးအစားဖြစ်ပါတယ်။ နံပါတ်(၃) အမျိုးအစား က အနံ့မရတာတို့၊ အရသာမသိတာတို့ ဒီလိုမျိုးလောက်ပဲ ရှိတဲ့ လူနာတွေကို အမျိုးအစား(၃)အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။

အသက်ရှူစက်ပါ လူနာတင်ယာဉ်

ဒီတော့ အမျိုးအစား (၁)၊ (၂)၊ (၃) ဒီလူနာတွေကို သယ်ယူပို့ဆောင်ဖို့အတွက် လူနာတင်ယာဉ်ကလည်း အမျိုးစုံသုံးရပါတယ်။ အထူးကြပ်မတ်ကုသမှုကို လိုအပ် နေတဲ့ အရမ်းကို ရောဂါဝေဒနာဆိုးရွားနေတဲ့ လူနာတွေကို Advance Ambulance ခေါ်တဲ့ အဆင့်မြင့် အသက်ရှူစက် တွေပါသော လူနာတင်ယာဉ်ကိုသုံးပါတယ်။ ဒီလို လူနာ တင်ယာဉ်သုံးစီးနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

နောက်တစ်ခုက သာမန်ရောဂါလက္ခဏာရှိပြီး လူနာဖျားနေမယ်ဆိုရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနပိုင် လူနာတင်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင် ပေးလျက်ရှိပါတယ်။ အရေအတွက် ၁၀ စီးလောက်နဲ့ ကျွန်တော်တို့ အသုံးပြုနေပါတယ်။

ဒီထက်ပိုများတာက ၆၀ ရာခိုင်နှုန်းသော လူနာတွေ က နှာခေါင်းကနေ အနံ့မရတာနဲ့ အရသာမသိတဲ့ လူနာမျိုး တွေကို ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကနေ ထောက်ပံ့ထားတဲ့ ဘတ်စ်ကားကြီးတွေရှိပါ တယ်။ ယခင်တုန်းက လေဆိပ်ကို ပြေးဆွဲပေးနေတဲ့ YRTA ဘတ်စ်ကားကြီးတွေ ဖြစ်ပါတယ်။ ဒီဘတ်စ်ကားကြီး လေးစီး ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီဘတ်စ်ကားလေးစီးနဲ့ ကျွန်တော်တို့က တစ်စီးကို ဓာတ်ခွဲအတည်ပြုလူနာ ၁၅ ယောက်ကို တင်ဆောင်ပြီး သက်ဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ပေးပါတယ်။

ဒီလိုပို့ဆောင်ပေးရတဲ့ လူနာတွေကို ကြည့်မယ်ဆိုရင် ပို့ဆောင်ပေးရတဲ့ ဆေးရုံအမျိုးအစားနှစ်မျိုးရှိပါတယ်။ နံပါတ်(၁)က ဆေးရုံတွေကနေထွက်တဲ့ Patient Under Investigation လို့ခေါ်တဲ့ PUI လူနာတွေကို ပို့ဆောင် ပေးရတာပါ။ နံပါတ်(၂)က Quarantine Center တွေက လူနာတွေကို ပို့ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီလိုနှစ်မျိုးရှိ ပါတယ်။

လိုက်ပါစောင့်ရှောက်ပို့ဆောင်

ဆေးရုံတွေမှာ သွားခေါ်တာက ကျွန်တော်တို့ လက်ထဲမှာရှိတဲ့ ကိုယ့်လူနာတွေဖြစ်တဲ့အတွက် သယ်ယူ ပို့ဆောင်ပေးရတာ အဆင်ပြေပါတယ်။ သက်ဆိုင်ရာ ဆေးရုံအုပ်တွေနဲ့ ဆက်သွယ်ပြီး ဆရာဝန်နဲ့ သူနာပြု လိုအပ်တဲ့ လူနာမျိုးဆိုရင်လည်း လိုက်ပါစောင့်ရှောက်ပြီး ပို့ဆောင်ပေးပါတယ်။ Quarantine Center တွေက နေရာ အနှံ့ရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ Quarantine Center ၄၀/ ၅၀ ရှိပါတယ်။ ဒီလိုနေရာတွေက ပတ်ပြီးခေါ်တဲ့အခါမှာ တစ်ခါတလေ ကော့မှူးတို့၊ တွံတေးတို့ကနေ သွားခေါ်ရ တဲ့ အခြေအနေမျိုးတွေရှိပါတယ်။

ဒီအင်တာဗျူးမှာ ထည့်ပြီးပြောချင်တာက လူနာ တွေအနေနဲ့ လာရောက်ခေါ်ယူပို့ဆောင်ပေးတဲ့ အဖွဲ့တွေ အပေါ်မှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြောချင် ပါတယ်။ Positive လူနာအဖြစ် အဖြေသိရပြီဆိုရင် ကျွန်တော်တို့က လာခေါ်မှာဖြစ်ပါတယ်။ အိမ်မှာနေလို့ မရတော့ပါဘူး။ သက်ဆိုင်ရာ Positive လူနာတွေကို စုပြီး ကုသပေးမယ့် ဆေးရုံတွေကို ပို့ဆောင်ပေးပါတယ်။ ဒီလို ဆေးရုံတွေကို ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် တချို့ကို အိမ်ကနေ၊ တချို့ကို Quarantine Center တွေကနေ၊ ဟိုတယ်တွေကနေ သွားခေါ်ပေးရပါတယ်။

ဒီလိုလာခေါ်ဖို့ နီးပြီဆိုတာကို သတင်းရပြီဆိုရင် Positive လူနာတွေအနေနဲ့ ပြင်ဆင်ထားစေချင်တာက ကိုယ်ယူမယ့်ပစ္စည်းတွေ၊ ဖုန်းတွေ၊ လပ်တော့ကွန်ပျူတာ တွေ၊ ကိုယ့်ရဲ့တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ၊ အင်္ကျီတွေကို ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။ ကျွန်တော်တို့ ယခုအသစ်ထပ်မံထွက်ရှိလာတဲ့ စည်းကမ်း ချက်အသစ်အရ Positive လူနာက အနည်းဆုံး ၁၄ ရက် နေရမယ့်အခြေအနေရှိပါတယ်။ ၁၄ ရက်စာ ကိုယ်အသုံးပြု ချင်တဲ့ ပစ္စည်းတွေကို စနစ်တကျ ထုပ်ပိုးထားကြဖို့ ကျွန်တော်တို့က တိုက်တွန်းချင်ပါတယ် ဒါက နံပါတ်(၁) ပါ။

ကြိုတင်ပြင်ဆင်ကူညီရာရောက်

နံပါတ်(၂)က မိမိ အမြဲသောက်နေရတဲ့ ဆေးတွေကို ထည့်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ လာကြိုမယ့်အချိန် သည် ထမင်းစားချိန် ကျော်နေမယ်ဆိုရင် ထမင်းစားပြီးသား ဖြစ်နေရပါမယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ရေကိစ္စတွေဖြစ်တဲ့ အပေါ့သွားတာတွေကိုလည်း ဖြေရှင်းထားပါ။ ဖောင်ကြီးလို နေရာမျိုးအထိ သွားရမယ်ဆိုရင် နေရာကနည်းနည်းဝေး တဲ့အတွက် လမ်းမှာပြဿနာရှိနိုင်ပါတယ်။ Positive လူနာတွေကို သယ်ဆောင်လာတဲ့အခါ ကျွန်တော်တို့ အနေနဲ့ တခြားဘယ်နေရာမှ ရပ်ပေးလို့မရပါဘူး။ တိုက်ရိုက်ဆေးရုံကို မောင်းနှင်ရမှာဖြစ်ပါတယ်။ ယခု ပြောပြပေးတဲ့ အချက်တွေကို လူနာတွေအနေနဲ့ ကြိုတင် ပြင်ဆင်ပေးထားရင် ကျွန်တော်တို့ကို ကူညီရာရောက်ပါ တယ်။

ဒါ့အပြင် လူနာတွေကို သွားရောက်ခေါ်ဆောင်တဲ့ အခါမှာ အိမ်သားတွေက လူနာကို လိုက်ပါစောင့်ရှောက်ဖို့ တောင်းဆိုတာတွေကို မကြာခဏကြုံရပါတယ်။ ကျွန်တော်တို့က ကိုဗစ်ရောဂါ နောက်တစ်ယောက်ကို မကူးစက်စေရေး၊ နောက်တစ်ခုက ဆေးရုံမှာလည်း လူနာအစောင့်အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးတွေကြောင့် မည်သူမှ လိုက်လို့မရပါဘူး။ ကျွန်တော်တို့ လူနာတင်ယာဉ်တွေအနေနဲ့ မည်သည့် မိသားစုဝင်မှ လိုက်ပါလို့မရပါဘူးဆိုတာကို ပြည်သူလူထု ကို ကြိုတင်ပြီး သိစေချင်ပါတယ်။

ထိတွေ့မှုကို လုံးဝမပြုလုပ်ဖို့က အရေးကြီး

အရေးကြီးဆုံးက Positive ဖြစ်ပြီဆိုတဲ့ အဖြေကို ကိုယ်သိတာနဲ့ တစ်ပြိုင်နက်တည်း ကျန်တဲ့ အိမ်သားတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ချက်ချင်း ခွဲပြီးနေပါ။ ကျွန်တော်တို့ လာခေါ်မယ့်အချိန်အထိ တခြား သူတွေနဲ့ ထိတွေ့မှုကို လုံးဝမပြုလုပ်ဖို့က အရေးကြီးပါ တယ်။ ယခု Positive လူနာအရေအတွက် အလွန်များတဲ့ အတွက်ကြောင့် လူနာတွေကို သယ်ယူပို့ဆောင်ပေးဖို့ လမ်းကြောင်းတွေကို ရေးဆွဲရပါတယ်။ ဒီရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်း ဖယ်ရီကားပြေးဆွဲသလို တစ်ယောက် ပြီး တစ်ယောက်ကို ဘတ်စ်ကားနဲ့တင်မှာ ဖြစ်ပါတယ်။ ဒါက ကောင်းနေတဲ့ လူနာတွေဖြစ်ပါတယ်။ ဆေးရုံပေါ်မှာ တက်နေတဲ့ PUI လူနာတွေအတွက် ကျွန်တော်တို့မှာ သိပ်ပြီး အခက်အခဲမရှိပါဘူး။ ဆိုးရွားနေတဲ့ လူနာတွေရှိ တယ်။ ဆိုးရွားတယ်ဆိုတာ ရောဂါပြင်းထန်နေတဲ့ လူနာကို စောင့်ရှောက်ပေးဖို့ မိသားစုဝင်တွေက လိုက်ချင်တယ် ဆိုရင် ကျွန်တော်တို့က လူနာစောင့်ကို လုံးဝပေးမဝင်ပါ ဘူး။ လူနာတင်ယာဉ်နဲ့လည်း လိုက်ခွင့်မပေးပါဘူး။ တကယ်လို့ ကိုယ့်ကားနဲ့ ကိုယ်လိုက်လာမယ်ဆိုရင်လည်း လူနာဆောင်ကို ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါအများပြည်သူ နဲ့သက်ဆိုင်တဲ့ ရောဂါအမျိုးအစားဖြစ်တဲ့ အတွက်ကြောင့် ဒါတွေကို သည်းခံပေးဖို့ လိုပါတယ်။

 

ကျေးဇူးတင်ပါတယ်။