
နေပြည်တော် ဇူလိုင် ၂၉
ကိုဗစ် - ၁၉ ဆိုင်ရာ ကိစ္စရပ်များအတွက် “ဘဏ်ငွေစာရင်း အသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ငွေကျပ်သိန်း ၂၀ နှင့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံးငွေကျပ်သိန်း ၂၀၀” သတ်မှတ်ချက်ထက် ကျော်လွန်၍ မိမိဘဏ်၏ မူဝါဒအတိုင်း ငွေသားလက်ကျန်အပေါ် မူတည်ပြီး ငွေထုတ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇူလိုင် ၂၈ ရက်တွင် နိုင်ငံအတွင်းရှိ ဘဏ်များသို့ ပေးပို့သောစာအရ သိရသည်။
အဆိုပါ စာတွင် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကူးစက် ပျံ့နှံ့မှုမြန်ဆန်သော ကိုဗစ် - ၁၉ ရောဂါပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ အများပြည်သူ ကိုဗစ် - ၁၉ ရောဂါကုသရာတွင် အသုံးပြုသည့် ဆေးဝါး များ၊ အောက်ဆီဂျင်၊ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ ရန်နှင့် ဆေးရုံ၊ ဆေးခန်းနှင့် Quarantine Center များအတွက် အသုံးစရိတ်များ ကျခံသုံးစွဲရန် ခိုင်လုံသည့် အထောက်အထားများဖြင့် တင်ပြလာပါက သေချာစွာစိစစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁-၃-၂၀၂၀) ရက်စွဲပါစာအမှတ်၊ မဗဘ/ FIS (၂၈/၂၀၂၁) ရည်ညွှန်းပါ စာဖြင့် “ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံးငွေကျပ်သိန်း ၂၀ နှင့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံးငွေကျပ် သိန်း ၂၀၀” သတ်မှတ်ချက်ထက် ကျော်လွန်၍ မိမိဘဏ်၏ မူဝါဒ အတိုင်း ငွေသားလက်ကျန်အပေါ် မူတည်ပြီး ငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် အကြောင်းကြားပါသည်ဟူ၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က လက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်းဖြစ်သည်။
ယင်းစာကို နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲနှင့် လက်အောက်ခံဘဏ်များသို့ ဖြန့်ဝေပေးထားသည်။
“ကိုဗစ်ကာလဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ဖြေလျှော့ချက်ထက် ကျော်လွန်ပြီး ထုတ်ယူခွင့်ပြုထားတာပါ” ဟု မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
မောင်ဓန