
မုံရွာ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁၂/၂၀၂၁)ကို ဇူလိုင် ၃၀ရက် နံနက် ၉နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များအား စနစ်တကျစီမံဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဆောင်ရွက်ရာတွင် မြို့နယ်များ အနေဖြင့် ကြိုတင်၍ စာရင်းဇယားများ စနစ်တကျ ပြုစုဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကာကွယ် ဆေးများ ရောက်ရှိလာ ပါက မြို့နယ်များအနေဖြင့် ကာကွယ်ဆေးထိုးမည့်လုပ်ငန်းများကို စနစ်တကျစီမံ ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွင်း လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသော တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်၊ ဆေးထိုးခြင်းဆိုင်ရာ ကြိုတင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာ- အရာတော်- ရွာသာကြီး လမ်းနှင့် ရွှေဘို-အုန်းတော-စစ်ကိုင်း လမ်းဘေးဝဲ ယာရှိ သဖန်းဆိပ်ဆည်ရေသောက် ဆည်ရေဖြင့် စနစ်တကျစိုက်ပျိုးထားသော စပါးများပျိုးထောင် ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မြို့တော်ခန်းမ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး အဆိုပါ ခန်းမတွင် ရွှေဘိုခရိုင် အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များအား စားသောက်ဖွယ်ရာများ၊ အောက်ဆီဂျင် လီတာ ၄၀ ဆံ့ ၁၀၅ လုံးနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ရွှေဘိုခရိုင်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များအတွက် စားသောက်ဖွယ်ရာများ၊ အောက်ဆီဂျင် လီတာ ၄၀ ဆံ့ ၁၀၅ လုံးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြပြီး ရွှေဘိုခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)