
ဒါကာ ဇူလိုင် ၁၄
ကိုဗစ်-၁၉ ကပ်ရောဂါအလုံပိတ်ကန့်သတ်ပိတ်ဆို့မှုများကြောင့် ထိခိုက်နေသော ဝင်ငွေနည်းမိသားစုများကို ကူညီရန် ဘင်္ဂလားဒေ့ရှ်အစိုးရသည် တာကာငွေ ၃၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇၂ သန်း) တန်ဖိုးရှိ ကယ်ဆယ်ရေးအစီအစဉ်ငါးခုကို ကြေညာလိုက်သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဇူလိုင် ၁၃ ရက်က အဆိုပါ အစီအစဉ်ကို ကြေညာခဲ့သည်။ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက် သော ကြေညာချက်အရ နေ့စား သမားများ၊ သယ်ယူပို့ဆောင်ရေး လုပ်သားများ၊ အသေးစား ကုန်သည်လေးများ၊ ရေကြောင်း ပို့ဆောင်ရေးလုပ်သားများ အပါ အဝင် ကိုဗစ်-၁၉ ကန့်သတ် ပိတ်ဆို့မှုကြောင့် အကြီးအကျယ် ထိခိုက် ခံစားခဲ့ရသူများကို ထောက်ပံ့ပေးသွားမည်ဖြစ်သလို သေဆုံးသူများ အတွက်လည်း ထောက်ပံ့ ပေးသွားမည်ဖြစ် သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုကို ထိန်းချုပ်ဟန့်တားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇူလိုင် ၁ ရက်မှစပြီး ကိုဗစ်-၁၉ တစ်ပတ် ကြာ အလုံပိတ်ကန့်သတ်ပိတ်ဆို့ မှုကို ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မှာ ဇူလိုင် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ပြီး ထုတ်ပြန် ချက်ကို လိုက်နာစေရန် တပ်ဖွဲ့ဝင် များသည် အရပ်ဘက်အဖွဲ့အစည်း များနှင့်အတူ ဖြန့်ကြက်စောင့် ကြည့်လျက်ရှိသည်။
တစ်ပတ်ကြာ ဖြေလျှော့ပေးမည်
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးနေသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရသည် တင်းကျပ်သည့် အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုကို ဘာသာရေးပွဲတော် ကျင်းပနိုင် ရန်အတွက် ဇူလိုင် ၁၅ ရက် မှစကာ တစ်ပတ်ကြာ ဖြေလျှော့ ပေးသွားမည်ဖြစ်သည်။
သေဆုံးသူ ၁၆၈၄၂ ဦး ရှိလာ
ဇူလိုင် ၁၃ ရက်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၂၁၉၈ ဦး တိုးလာပြီး ၂၀၃ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် နိုင်ငံ အတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၀၄၇၁၅၅ ဦး ရှိလာခဲ့ပြီး သေဆုံးသူ ၁၆၈၄၂ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ဆောင်မှု ညွှန်ကြားရေးမှူးချုပ် ရုံးက သတင်းထုတ်ပြန်ဖော်ပြ လိုက်သည်။
ဆင်ဟွာ