
နေပြည်တော် စက်တင်ဘာ ၉
သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Sum-mit) ကို ယနေ့ နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေး ဘဏ်ဥက္ကဋ္ဌနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
ဦးစွာ သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး(7th GMS) ဖွင့်ပွဲအဖြစ် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏အောင်မြင်မှုများ ဗီဒီယို ကိုပြသသည်။ ယင်းနောက် အိမ်ရှင်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ နိုင်ငံ့ အကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌတို့က မိန့်ခွန်းအသီးသီး ပြောကြားကြသည်။
အတည်ပြုလက်မှတ်ရေးထိုး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က မိန့်ခွန်းပြောကြားရာတွင် ၁၉၉၂ ခုနှစ်မှစ၍ ဆယ်စုနှစ် ၃ ခုနီးပါး လျှောက်လှမ်းလာခဲ့သော GMS အစီအစဉ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လုပ်ဆောင်ရာတွင် သိသာထင်ရှားသော အောင်မြင်မှုများရရှိခဲ့သဖြင့် ဂုဏ်ယူပါကြောင်း၊ “ခွန်အားသစ်များဖြင့် ဆယ်စုသစ်၏စိန်ခေါ်မှုများကို ရင်ဆိုင်မည်” ဆိုသည့် ယခုထိပ်သီးအစည်းအဝေး ခေါင်းစဉ်သည် GMS ဒေသခွဲအတွက် လက်ရှိအချိန် နှင့် အကိုက်ညီဆုံး၊ အသင့်တော်ဆုံးပင် ဖြစ်ပါ ကြောင်း၊ GMS မဟာဗျူဟာမူဘောင် (၂၀၁၂-၂၀၂၂) အရ ကဏ္ဍအလိုက် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များ ကိုဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအနေဖြင့် မဟာ မဲခေါင်ရထားအဖွဲ့အစည်း (Greater Mekong Rail-ways Association - GMRA) ကို ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး လွယ်ကူ ချောမွေ့စေမှု (Cross-border Transport Faci- litation Agreement-CBTA) စာချုပ်များနှင့် နောက်ဆက်တွဲများကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။
ကုန်သွယ်မှုပိုမိုအဆင်ပြေ
ဒေသတွင်းကုန်ထုတ်ပစ္စည်းများ ထုတ်လုပ် တင်ပို့နိုင်ရေးနှင့် ဖွံ့ဖြိုးမှုအတွက် GMS အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးစင်္ကြံများမှာ အလွန်အရေးပါကြောင်းနှင့် ၎င်းတို့အနက် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်းသည် မြန်မာ နိုင်ငံအတွက် အလွန်အရေးပါသည့် လမ်းကြောင်း ဖြစ်ပါကြောင်း၊ ဗီယက်နမ်(ဒါနန်း)မှ ရန်ကုန်(သီလဝါ)အထိ ဆက်သွယ်ထားသည့် အဆိုပါစင်္ကြံသည် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွင်း ချိတ်ဆက်မှု အားကောင်းစေပြီး ကုန်သွယ်မှုပိုမိုအဆင်ပြေ ချောမွေ့စေမည် ဖြစ်ပါကြောင်း။
တစ်ပြိုင်တည်း ဆောင်ရွက်
အနာဂတ်တွင် GMS ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အတွက် လမ်းပြမြေပုံအဖြစ် ဖော်ဆောင် ပေးမည့် ယနေ့ထိပ်သီးအစည်းအဝေးတွင် အတည်ပြု ထုတ်ပြန်မည့် GMS စီးပွားရေးပူးပေါင်းဆောင်ရွက် မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀ ကို ကြိုဆို ပါကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကြောင့် GMS ဒေသအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား၌ ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး တို့တွင် ထိခိုက်မှုများ ဖြစ်ပွားစေခဲ့ကာ အခက်အခဲ များကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး၊ ငွေရေး ကြေးရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အရင်းအမြစ် တို့အပြင် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ဖြေရှင်းရေး အစရှိသည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကပ် ရောဂါ သက်ရောက်မှုကြောင့် ထိခိုက်ခဲ့ရသည့်အခြေ အနေများကို တုံ့ပြန်ဆောင်ရွက်ရာတွင် GMS ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက် (၂၀၂၁-၂၀၂၃)ကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆို ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားရေးဟူသော နည်းလမ်းနှစ်ရပ် ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
စိန်ခေါ်မှုများ မည်သို့ပင်ရှိစေကာမူ မိမိတို့အနေ ဖြင့် အခက်အခဲအမျိုးမျိုးကြားက ရင်ဆိုင်ကြုံတွေ့ နေရသည့် တတိယလှိုင်းကို ကျော်ဖြတ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု နှစ်ကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကာကွယ်ဆေးထိုးခြင်း လွှမ်းခြုံမှု ၅၀% ရှိစေရေး မျှော်မှန်း၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ပူးပေါင်း ဆောင်ရွက်နေကြသည့် နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့ အစည်းများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် အခက်အခဲ များ ရှိနေသော်လည်း လိုအပ်တဲ့ဆေးဝါးနှင့် ဆေး ပစ္စည်းများကို အဆွေတော် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၏ စီစဉ်မှု ဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ အထူးလေယာဉ်များဖြင့် ပို့ဆောင်လှူဒါန်းပေးမှုနှင့် နယ်စပ်ကတစ်ဆင့် တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေသည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း။
ဦးစားပေးဆောင်ရွက်လျက်ရှိ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ကြီးမားသည့် မဲမသမာမှုများပြုလုပ်ပြီး လွှတ်တော် ခေါ်ယူရန် ကြိုးစားခဲ့ခြင်းကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး မြန်မာနိုင်ငံ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို စတင်ထမ်းဆောင်ခဲ့သည်မှာ ယခုဆို လျှင် ၇ လ ကျော် ကာလရှိပြီဖြစ်ပါကြောင်း၊ ထိုသို့ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်းတွင် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း ပေါ်က သွေဖည်မသွားစေရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအနက် ပထမအချက်ဖြစ်သည့် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် အချက်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အခြား လုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသစ်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေး တွေ့ရှိချက်အရ မဲမသမာမှုပြုလုပ်ခဲ့သည့် မဲပေါင်း ၁၁ ဒသမ ၃ သန်းကျော် ရှိသည်ကို တွေ့ရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဆက်လက်ပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၏ သဘော တူညီချက်(၅)ရပ်ကို ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) H.E Dato Erywan Pehin Yusof ကို အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အဆိုပြုချက် အပေါ် မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်ခံ ခဲ့ပြီး အာဆီယံခေါင်းဆောင်များ သဘောတူညီချက် (၅)ရပ်၏ မူဘောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် မူဘောင်၊ အာဆီယံ မူဘောင်များနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ရှိရင်းစွဲ နှစ်နိုင်ငံသဘောတူညီချက် များနှင့် အပြည်ပြည်ဆိုင်ရာကတိကဝတ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
မိမိတို့အားလုံး ပူးပေါင်း၍ ဒေသတွင်းရှိ ပြည်သူ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ သည့် ဖွံ့ဖြိုးရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို ဆက်လက်ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် GMS အပြင် အာဆီယံနှင့်ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အခြားသော ဒေသ တွင်းနှင့် ဒေသခွဲစီးပွားရေးပေါင်းစည်းမှုများတွင် လည်း ကတိကဝတ်များကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
စိန်ခေါ်မှုများရှိနေဆဲဖြစ်
ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မိမိတို့ ပူးပေါင်းဆောင်ရွက်မှုရလဒ်အနေဖြင့် အသိ အမှတ်ပြုဖွယ်ကောင်းသည့် တိုးတက်မှုများရရှိခဲ့ သော်လည်း ဒေသခွဲအတွင်း ကုန်သွယ်ရေး၊ ဘဏ္ဍာ ရေး နှင့် သတင်းအချက်အလက် ချိတ်ဆက်ပေါင်းစပ်မှု ပိုင်းဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရေး၊ ယှဉ်ပြိုင်စွမ်းအားတိုးမြှင့်ရေးနှင့် အသိုက်အဝန်း ပုံသဏ္ဌာန် ပိုမိုပီပြင်ရေး စသည့်နယ်ပယ်များတွင် စိန်ခေါ်မှုများရှိနေဆဲ ဖြစ်ပါကြောင်း၊ ယင်းတို့ကို ကျော်လွှားနိုင်ရေးအတွက် ခိုင်မာသည့်လုပ်ငန်းစဉ် များနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အားထုတ်လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။
ယနေ့ထိပ်သီးအစည်းအဝေးတွင် ချမှတ်မည့် မဟာဗျူဟာနှင့်စီမံချက်များသည် ဆယ်စုနှစ်အသစ် ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ပိုမို ကျစ်လျစ်ခိုင်မာအားကောင်းသည့် အသိုက်အဝန်း တစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဟုလည်း ယုံကြည် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ GMS ဆိုင်ရာ ဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး တွဲဖက်ဝန်ကြီးနှင့် ကမ္ဘော ဒီးယားဖွံ့ဖြိုးရေးကောင်စီ အထွေထွေအတွင်းရေးမှူး ချုပ် ဖြစ်သူ မစ္စတာ ဆော့ခ် ချန်ဒါ ဆွန်ဖားက GMS ဒေသခွဲအနေဖြင့် ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များ ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်က နိဂုံး ချုပ် အမှာစကား ပြောကြားသည်။
နိုင်ငံ့ခေါင်းဆောင်များက အတည်ပြု
ယင်းနောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် မဟာဗျူဟာ မူဘောင် ၂၀၃၀၊ GMS ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးစီမံချက် (၂၀၂၁-၂၀၂၃) နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်း တို့ကို နိုင်ငံ့ခေါင်းဆောင်များက အတည်ပြုခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အွန်လိုင်းစနစ်ဖြင့် တက်ရောက်
အဆိုပါ သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန် ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ GMS ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် သက်ဆိုင် သည့် လုပ်ငန်းကော်မတီများအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များသည်လည်း အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ကတိကဝတ်များပြု
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subre-gion – GMS Economic Cooperation Program) ကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ရာ ဆယ်စုနှစ် ၃ ခုနီးပါး အောင်မြင်စွာရပ်တည်လျက်ရှိသည့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း၊ GMS အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀) နှစ် ပြည့် မြောက်သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃) နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာ စဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက် ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာ မဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပ ခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးများတွင် အနာဂတ် ကာလ ဒေသခွဲဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းသည့် မျှော်မှန်း ချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိ ကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ ရှိရာ ယနေ့ကျင်းပသည့် သတ္တမအကြိမ် မဟာမဲခေါင် ဒေသခွဲထိပ်သီးအစည်းအဝေးတွင် မဟာမဲခေါင် ဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀၊ ဂျီအမ်အက်စ် ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးစီမံချက် (၂၀၂၁-၂၀၂၃)နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲ ကြေညာချက်စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်