
ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ လတ်တလော ကမ္ဘာတစ်ဝန်းမှာ
ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ ကပ်ရောဂါနဲ့ပတ်သက်တဲ့ သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကိုဗစ် - ၁၉ ဒုတိယလှိုင်းမှာ နိုင်ငံအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု တွေမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ခဲ့ ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင် ပြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း တွေကို ဆရာဝန်၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ စေတနာ့ဝန်ထမ်းတွေ က အရှိန်အဟုန်မြှင့်လုပ်ဆောင် နေသလို ပြည်သူအများစုကလည်း ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး မှာတော့ ရောဂါကူးစက်ပျံ့နှံ့မှုတွေကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်လာနိုင်နေပြီလို့ သိရပါတယ်။
ဒါပေမယ့် တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရောဂါအတည်ပြုလူနာတွေ့ရှိမှု အနည်းငယ် မြင့်တက် လာတာကိုလည်း တွေ့လာရတဲ့အတွက် ပြည်သူတွေ အနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်နေဆဲ ဖြစ်ပါ တယ်။ ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ သိထားရမယ့် သတင်း အချက်အလက်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်း တွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ် စဉ် ရှင်းလင်းပြောကြား ဝေမျှပေးလာတာ အခုဆိုရင် စတုတ္ထရက်သတ္တပတ်ကိုရောက်ရှိလာပြီပဲ ဖြစ်ပါတယ်ရှင်။
ဒီနေ့ရဲ့ မေးမြန်းဆွေးနွေး ဖြေကြားမှုမှာ ဆရာကြီး ဒေါက်တာသန်းဝင်း [ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ဆရာကြီး ဒေါက်တာထွန်းညွန့်ဦး [ညွှန်ကြားရေးမှူး (ခုခံကျ/ ကာလသားစီမံချက်)၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန] တို့နဲ့အတူ ဦးဆောင် ဆွေးနွေးသူအဖြစ် ဆရာကြီး ဒေါက်တာ သန်းနိုင်စိုး [ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးမှုတွေကို စတင်နိုင်ဖို့အတွက် ဆရာကြီးဒေါက်တာသန်းနိုင်စိုးကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသန်းနိုင်စိုး။ ။ ကျေးဇူးပါ ခင်ဗျာ။
ကျွန်တော်တို့ အနေနဲ့ ဒါက အစီအစဉ် (၄) ပတ်မြောက်ဖြစ်ပါတယ်။ (၄) ပတ် မြောက်မှာလည်း ပြည်သူတွေရဲ့ မေးမြန်းထားတဲ့ဟာတွေ ဒီကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ Facebook အင်တာနက်စာမျက်နှာမှာလည်း ကျွန်တော်တို့ အများ ကြီး ဖြေကြားပေးလျက်ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ အွန်လိုင်းကပဲ ဆေးသုတေသနဌာနရဲ့ 2019 Call Center နဲ့ ကျန်းမာရေးအသိပညာပေးမြှင့်တင်ရေးဌာနက ပညာ ရှင်တွေနဲ့ မေးခွန်းတစ်ခုချင်းစီအလိုက် Individually ဝင်ဖြေပေးတာလည်း ရှိပါတယ်။ ဒီအပြင် ဆရာကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ စီနီယာပုဂ္ဂိုလ်တွေကလည်း ယခုလိုမျိုး ဖြေကြားပေးတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဦး ဆုံး ဆရာကြီး ဦးသန်းဝင်းကို ဖိတ်ခေါ်လိုပါတယ်။
ဒေါက်တာသန်းဝင်း။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ ပေးပို့
လာတဲ့ မေးခွန်းတွေ ထဲကနေပြီး ရန်ကုန်မြို့နဲ့အတူ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ကြီးတွေမှာ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေနဲ့ ပတ်သက်ပြီး မေးလာတဲ့ မေးခွန်းတွေအပေါ်မှာ ကျွန်တော်ခြုံငုံပြီးတော့ ပြန်လည်ဖြေကြား ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
အားလုံးသိပြီးတဲ့အတိုင်းပဲ ယခုနှစ် စက်တင်ဘာလ ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ကိုဗစ် - ၁၉ ကူးစက်ရောဂါဟာ ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီလို ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားနေတာနဲ့ မရှေးမနှောင်းမှာ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးမှာလည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးက ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ယနေ့အထိဆိုရင် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အားလုံးကို ဒီရောဂါပိုးဟာ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။
အဲဒီလိုကူးစက်ပျံ့နှံ့ပြီးဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေထဲက အချို့တိုင်းဒေသကြီးတွေမှာ ကိုဗစ် ပိုးတွေ့လူနာဟာလည်း တဖြည်းဖြည်းများလာတယ်။ ကူးစက်မှုဟာလည်း တဖြည်းဖြည်းများလာတာကို လည်း သတိထားမိပါတယ်။ ဒါကြောင့် အဲဒီလိုကူးစက်မှု တဖြည်းဖြည်းများလာတဲ့ တိုင်းဒေသကြီးတွေအနေနဲ့ ကတော့ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း တွေအနေနဲ့ လက်ရှိကူးစက်မှုကို ထိန်းချုပ်တဲ့လုပ်ငန်း တွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ လိုအပ်ပါ တယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကပ်ရောဂါဖြစ်ပွား မှုက ကာကွယ်နိုင်မယ့်အပြင် သေဆုံးမှုများပြားခြင်းကို လည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကိုဗစ် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို နိုင်ငံနဲ့တစ်ဝန်း ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ အချို့လိုအပ်ချက်ရှိတဲ့ မြို့နယ်တွေမှာ Stay at Home အစီအစဉ်ကို ကြေညာပြီး စီမံဆောင်ရွက်တယ်။ ခရီးသွားတာတွေ ကန့်သတ်တယ်။ ဒါတွေလုပ်တဲ့အပြင်ကို ယခုနောက်ပိုင်းမှာ ရရှိလာတဲ့ Rapid Antigen Test လို့ခေါ်တဲ့ RDT နဲ့ ခရီးသွားလာ တဲ့လူတွေကိုလည်း ဒါနဲ့စစ်ဆေးပြီးတဲ့အခါ ရောဂါ ကင်းရှင်းမှသာလျှင် ဆက်လက်ခရီးသွားလာခွင့် ပေးပါ တယ်။
ဒီလိုဆောင်ရွက်တဲ့ ရည်ရွယ်ချက်ကလည်း ဗိုင်းရပ်စ် ပိုးဟာ တစ်နိုင်ငံလုံးပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်အောင်ဆိုပြီး ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီ Rapid Test မှာလည်း ပိုးတွေ့နိုင်မှု၊ ပိုးစမ်းသပ်နိုင်မှု စွမ်းအားတွေက အကန့်အသတ်ရှိပါ တယ်။ အဲဒီတော့ ရောဂါပိုးစတင် ဝင်ရောက်သွားပြီးတဲ့ အခါမှာ ရောဂါလက္ခဏာ မပေါ်ခင် (၂) ရက်နဲ့ ပေါ်ပြီး (၅) ရက်၊ (၆) ရက်အတွင်း စစ်ဆေးမှသာလျှင် ဒီပိုးက တွေ့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ရောဂါပိုးသယ်ဆောင်လင့်ကစား၊ ကူးစက် ခံရလင့်ကစား ဒီရက်အတွင်းမှာ စစ်ဆေးတာ မဟုတ်ဘူး ဆိုရင် Test က Negative ပဲ ပြမှာဖြစ်ပါတယ်။ ဆိုလိုတာ က ဒီလို Negative ပြလိုက်ပြီးတော့ တခြားဒေသတွေကို ပိုးသယ်ဆောင်သူအနေနဲ့ ရောက်သွားနိုင်ပါတယ်။ အဲဒီလို ရောက်သွားတဲ့အခါမှာရှိတဲ့ ဒေသခံပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့ ကိုဗစ် - ၁၉ တစ်ကိုယ်ရေကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာမယ်။ တတ်နိုင်သမျှ အိမ်ထဲမှာ နေမယ်။ အဲဒီလို နေခြင်းအားဖြင့်၊ လိုက်နာခြင်းအားဖြင့် တကယ့်ပိုးကို သယ်ဆောင်လာတဲ့ ရောဂါရှိတဲ့လူနဲ့ ထိတွေ့လင့်ကစား ကူးစက်မှုကို အထိုက်အလျောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ နိုင်ငံတစ်ဝန်း လုံးမှာ ကိုဗစ် - ၁၉ ကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ လူတိုင်းလိုက်နာ နိုင်ဖို့ ကျန်းမာရေးပညာပေးတာတွေ၊ ထိန်းကျောင်း ကြပ်မတ်တာတွေအပြင် လူသွားလူလာများတဲ့ ဈေးတို့၊ လမ်းဆုံလမ်းခွနေရာတွေမှာ Mask Camping လုပ်တာ တွေကိုလည်း ယခုအတိုင်းပဲ အားဖြည့်ဆောင်ရွက်သွားဖို့ လိုပါတယ်။
အဲဒီတော့ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာ ဆောင်ရွက်နေတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်တဲ့အတွက်ကြောင့် ကြိုးစားပြီး ထိန်းချုပ်နေတာဖြစ်ပါတယ်။ အဲဒီ ထိန်းချုပ်တဲ့အခြေ အနေကနေ အချို့အချက်အလက်တွေကို ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကို မျှဝေပေးလိုပါတယ်။
နံပါတ် (၁) က ကိုယ့်ဒေသ၊ ကိုယ့်တိုင်းဒေသကြီးမှာ ရှိတဲ့ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ဆုံး၊ အန္တရာယ် အရှိဆုံး လူအုပ်စုနေရာတွေကို ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဈေးလို၊ စက်ရုံအလုပ်ရုံလို နေရာမျိုးတွေ၊ အလုပ်သမားတွေစုနေတဲ့အဆောင်လို နေရာမျိုးတွေပေါ့နော်။ အဲဒီနေရာတွေမှာ သတ်မှတ်ပြီး တော့ အဲဒီနေရာမှာရှိတဲ့ လူတွေက ကိုဗစ် - ၁၉ ကာကွယ် ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို တစ်ကိုယ်ရေ တိတိကျကျ လူတိုင်းလိုက်နာနိုင်ဖို့လည်း ပံ့ပိုးကူညီသွားရမယ်။ ထိန်းကျောင်းသွားရမှာတွေ လုပ်ရ မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနေရာတွေမှာ ရောဂါဖြစ်ပွား မှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုရမယ်။ ကြည့်ရှု ပြီး သံသယတွေ့တာနဲ့ တစ်ပြိုင်နက်တည်း လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ချက်ချင်းဆောင်ရွက်သွားရမှာ ဖြစ် ပါတယ်။
နောက်တစ်ချက်က ကိုဗစ် - ၁၉ ကာကွယ်၊ ကုသရေး ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ဖြစ်တဲ့ ရောဂါပိုးရှာဖွေဖော်ထုတ်တာ Testing လို့ ခေါ်ပါတယ်။ ကိုယ့်ရပ်၊ ကိုယ့်ဒေသမှာ ရှိတဲ့ Testing Capacity ကို လည်း ပြန်ပြီးတော့စိစစ်ပါ၊ သုံးသပ်ပါ။ လူဘယ်လောက် များများကို အလျင်မီအောင် ကိုယ်စစ်ဆေးနိုင်သလဲ ဒါကိုအခုထဲက စိစစ်ထားပါ။ ပိုးကို များများရှာမယ်၊ မြန်မြန်ရှာမယ် များများတွေ့ပြီးတော့ မြန်မြန်ကုသခြင်း အားဖြင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ယခုထဲက လူများများကို ပိုးစစ်ဆေးနိုင်ဖို့အတွက် စီမံ ဆောင်ရွက်ထားရန် လိုအပ်မှာဖြစ်ကြောင်းလည်း ဖြည့်စွက်ပြီး ပြောကြားလိုပါတယ်။
အကယ်၍များ လက်ရှိ ကူးစက်မှုအနေအထားက နေပြီး ကပ်ရောဂါအသွင်ကို တဖြည်းဖြည်း ဖြစ်သွားပြီ ဆိုရင် သံသယလူနာတွေလည်း များလာမှာဖြစ်တယ်။ ကိုဗစ်ပိုးတွေ့လူနာတွေလည်း များလာမှာဖြစ်တယ်။ ဒီလူနာတွေ ကျွန်တော်တို့က သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းတွေမှာ သီးသန့်ကုသဆောင်တွေနဲ့ထားပြီး တက်ရောက်ကုသမှုပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံ တွေမှာ အထူးကြပ်မတ်ကုသဆောင်တွေ၊ ကိုဗစ်ကုသရေး စင်တာတွေ အခုထဲက ပြင်ဆင်ထားဖို့ လိုအပ်မှာဖြစ် ပါတယ်။
ဒါ့အပြင် ကိုဗစ်လူနာ ၁၀၀ မှာ ၅ ယောက်က အထူး ကြပ်မတ်ကုသဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေ မှာရှိတဲ့ ICU Bed တွေ၊ Ventilator နဲ့ အခြားဆေးရုံသုံး ပစ္စည်းတွေ၊ ဆေးဝါးတွေကိုလည်း အခုထဲက စုဆောင်းပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက် ခံရ သူတွေဟာ ၁၅ ရာခိုင်နှုန်းက အောက်ဆီဂျင်ပေးပြီး ကုသရတာဖြစ်ပါတယ်။ အဲဒီတော့ ကိုဗစ် - ၁၉ ရဲ့ ကုသ ရေးမှာ အောက်ဆီဂျင်ဟာ တကယ့်ကို မရှိမဖြစ် Essential ဖြစ်ပါတယ်။ Life Saving အသက်ကယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအရပ်ဒေသ၊ မိမိမြို့ရွာမှာရှိတဲ့ ဆေးရုံတွေ မှာ အောက်ဆီဂျင်ပဏာမ လုံလုံလောက်လောက်ကို မပြတ်တမ်းရရှိဖို့အတွက် အခုထဲက စီစဉ်ဆောင်ရွက် ထားဖို့လိုမှာ ဖြစ်တဲ့အကြောင်းလည်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။
အဲဒီတော့ သံသယလူနာတွေများလာမယ်။ ပိုးတွေ့ လူနာတွေများလာပြီဆိုတာနဲ့ သူတို့ကိုကုသပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ၊ စောင့်ရှောက်ပေးဖို့ Volunteer တွေကိုလည်း အခုထဲက စုဆောင်းထားမယ်၊ ပြင်ဆင် ထားမယ်၊ လိုအပ်တဲ့စွမ်းဆောင်မှုဆိုင်ရာ သင်တန်းတွေ လည်း ဆောင်ရွက်ထားရမှာဖြစ်တဲ့အပြင်ကို လက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေလည်း မလစ်ဟင်းအောင် ဘယ်လိုများ ထုတ်နုတ် ဆောင်ရွက်မလဲဆိုတဲ့ Human Resource Management Plan ကိုလည်း ပြင်ထားဖို့လိုပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေမှာ ဒီလိုမျိုးပြင်ပြီးတော့ ဆောင်ရွက်ထားရတဲ့ အဓိကအချက်ကတော့ ဒီဆေးရုံကို ရောက်လာတဲ့ ကိုဗစ်လူနာတွေဟာ အဆင်ပြေချောချော မွေ့မွေ့နဲ့ Quality Care လို့ခေါ်တဲ့ အတိုင်းအတာ တစ်ခု အထိ အဆင့်အတန်းရှိတဲ့ ကုသရေးကိုရရှိအောင် ရည်ရွယ် ပြီး ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျန်းမာ ရေးဝန်ထမ်းတွေကိုလည်း စွမ်းဆောင်ရည်မြှင့်တဲ့ သင်တန်းတွေ၊ Capacity Building Training တွေ ဆောင်ရွက်ပေးရမှာဖြစ်တယ်။
တကယ်လို့ လူနာတွေများလာပြီဆိုတာနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေးလုပ်ငန်းတွေလည်း လစ်ဟင်းမှုမရှိအောင် ကျန်းမာရေးဝန်ထမ်းအင်အားတွေ၊ Volunteer တွေကို ဘယ်လိုနည်းနဲ့ ထုတ်နုတ်သုံးစွဲမယ် ဆိုတဲ့ Human Resource Management Plan ကိုလည်း ယခုထဲက ရေးဆွဲပြီး အဆင်သင့်ပြင်ဆင်ထားရမှာ ဖြစ် ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ကပ်ရောဂါအသွင် ဖြစ်ပွား နေတဲ့အတွက်ကြောင့် သေဆုံးမှုလည်း အထိုက်အလျောက် ရှိပါတယ်။ ဒီသေဆုံးမှုတွေကို ပညာရှင်တွေရဲ့ သုံးသပ် ချက်အရ သေဆုံးမှုရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းက နဂို ရောဂါအခံရှိတဲ့လူတွေ၊ မကူးစက်နိုင်တဲ့ရောဂါအခံရှိတဲ့လူတွေက ဒီဗိုင်းရပ်စ်ပိုး ကူးစက်မယ်ဆိုရင် သေဆုံးနှုန်း မြင့်မားတာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က ကိုယ့်ဒေသမှာရှိတဲ့ ဆီးချို ရောဂါရှင်၊ သွေးတိုးရောဂါရှင်၊ Non-communicable Disease နဲ့ပတ်သက်တဲ့ လူနာတွေကို သူတို့ရဲ့ လိုအပ်တဲ့ ကုသမှုကို စဉ်ဆက်မပြတ်ရရှိအောင် အစိုးရဆေးရုံ၊ ဆေးခန်းတွေကလည်း ဆောင်ရွက်ပေးပါ။ လိုအပ်တယ် ဆိုရင် ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆက်သွယ် ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားဖို့ လိုအပ်ပါတယ်။
ဒုတိယသေဆုံးမှု အများဆုံးအချက်က ဆေးရုံကို အရောက် နောက်ကျတာဖြစ်ပါတယ်။ အချို့ဆိုရင် သေဆုံး ပြီးမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဆိုရင်တော့ ကျွန်တော်တို့က ပြည်သူလူထုကို ကိုဗစ်ရဲ့ သံသယလက္ခဏာတွေက ဒါတွေပဲ၊ ဒီသံသယလက္ခဏာ တွေ ပေါ်လာတာနဲ့ ဘယ်ဖုန်းနံပါတ်ကိုဆက်ပါ။ ဘယ် ဆေးခန်း၊ ဘယ်ဆေးရုံကိုလာပါ။ ဘယ်သူနဲ့ ဆက်သွယ် ပါဆိုပြီး
တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား သတင်းအချက်အလက်တွေကို အခုကတည်းက ဖြန့်ချိ ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြန့်ချိထားမှသာ Public ကို Communicate လုပ်ထားဖို့လိုပါတယ်။ ဒီသံသယ လက္ခဏာတွေ ပေါ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေ အမြန်ဆုံးရောက်ရှိလာအောင် ဆောင်ရွက်ခြင်းဖြင့် သေဆုံးမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အခု လက်ရှိ ဖြစ်ပွားနေတဲ့ ကူးစက်နှုန်းကို လျှော့ချဖို့ ကြိုးစား ဆောင်ရွက်နေသလို၊ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်း တွေကိုလည်း လုပ်နေသလို တစ်ပြိုင်နက်တည်းမှာ ဖြစ်လာနိုင်တဲ့ ကိုဗစ်ကူးစက် ကပ်ရောဂါအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်ကြောင်း ကျွန်တော့် အနေနဲ့ ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါက်တာသန်းနိုင်စိုး။ ။ အခုလိုမျိုး ပြည့်ပြည့်စုံစုံနဲ့
ရန်ကုန်တိုင်းဒေသကြီး သာမက ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုပါ ရန်ကုန်တိုင်းကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး မိမိတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မည်သို့မည်ပုံ ပြင်ဆင်ထားသင့်သည်ကို အလေးပေးပြီး ဆွေးနွေးပေးသွားတဲ့ ဆရာကြီးဦးသန်းဝင်းကို အထူး ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး ကျွန်တော် ဆရာကြီး ဦးထွန်းညွန့်ဦးကို ဖိတ်ခေါ်လိုပါတယ် ခင်ဗျာ့။
ဒေါက်တာထွန်းညွန့်ဦး။ ။ ဒီနေ့ မေးမြန်းထားတဲ့
မေးခွန်းတွေ ထဲကနေ ကိုဗစ် - ၁၉ ပိုးရဲ့ သွားလာလှုပ်ရှားပုံ၊ ရှင်သန်နေထိုင်မှု ကူးစက်ပုံ၊ ပိုးသတ်ဆေး အသုံးပြုတာတွေနဲ့ဆိုင်တဲ့ မေးခွန်းတချို့ကို အရင်ဆုံး ဖြေကြားပေးပါမယ်။
တက္ကသိုလ်တွေရဲ့ ဓာတ်ခွဲခန်းတွေမှာ ပြုလုပ်ထားတဲ့ သုတေသနတွေအရ ကိုဗစ် - ၁၉ ပိုးဟာ ပလတ်စတစ် ပစ္စည်းတွေပေါ်မှာ (၃) ရက်ခန့်၊ စက္ကူဂျပ်ဖာတွေပေါ်မှာ တစ်ရက်ခန့်နဲ့ ကြေးထည်ပစ္စည်း တွေပေါ်မှာ (၄) နာရီခန့် ရှင်သန်နိုင်ကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီသုတေသန တွေက စိုထိုင်းဆနဲ့ အပူချိန်ကို ထိန်းညှိထားတဲ့ ဓာတ်ခွဲ ခန်းတွေမှာ စမ်းသပ်ထားတာဖြစ်လို့ ကာလဒေသအလိုက် တော့ ကွာခြားမှုတွေရှိနိုင်ပါတယ်။
ကိုဗစ် - ၁၉ က နားနဲ့ ဆံပင်စတာတွေကနေ မကူး စက်နိုင်ပါဘူး။ ဒါပေမယ့် ဆံပင်နဲ့ ခန္ဓာကိုယ်ပေါ် ကျနေတဲ့ ဗိုင်းရပ်စ်အမှုန်အမွှားတွေကို လက်နဲ့ထိမိပြီး နှာခေါင်း၊ မျက်လုံးစတာတွေနဲ့ ပွတ်မိရင်၊ လက်နဲ့ ပွတ်မိရင်တော့ ကူးစက်နိုင်ပါတယ်။ သားငါးသီးနှံတွေကို မဆေးကြောမီ မိမိလက်ကို ဆပ်ပြာနဲ့ အရင်သေချာစွာ ဆေးဖို့လိုပါလိမ့် မယ်။
ကိုဗစ် - ၁၉ ပိုးဟာ အသက်မရှိတဲ့ အသား၊ ငါး အစိမ်း တွေအပေါ်မှာ မပွားများနိုင်ပါဘူး။ ဒါပေမယ့် အသား၊ ငါးတွေကို အနည်းဆုံး ၇၀ ဒီဂရီဆဲလ်စီးရပ်မှာ ချက်ပြုတ် ပြီး စားသောက်သင့်ပါတယ်။ အပြင်ကနေ ပါလာတဲ့ အဝတ်အစား၊ ပလတ်စတစ်ပစ္စည်း စတာတွေကို ရေ၊ ဆပ်ပြာနဲ့ ဆေးကြောနိုင်ပါတယ်။ US CDC လို့ခေါ်တဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟိုဌာနကတော့ အွန်လိုင်းမှာ ရောင်းချနေကြတဲ့ Ultra- violet Lamp တွေကို ဝယ်ယူမသုံးစွဲသင့်ကြောင်း အကြံပြု ထားပါတယ်။
ကိုဗစ် - ၁၉ ပိုး ကူးစက်နိုင်ခြေဟာ ရောဂါပိုးနဲ့ ထိစပ် ချိန် အတိုင်းအတာ၊ ထိတွေ့တဲ့ ပိုးပမာဏ နဲ့ အကာအကွယ် ဝတ်ထားခြင်း ရှိ / မရှိ၊ ရောဂါပိုးနဲ့ ထိစပ်မိသူရဲ့ ရောဂါအခံ အခြေအနေ စတာတွေပေါ်မှာ မူတည်နိုင်ပါတယ်။
နောက်ဖြေကြားပေးချင်တဲ့ မေးခွန်းတစ်ခုက ကိုဗစ်- ၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်တဲ့ အချိန်ကာလနဲ့ ထိတွေ့ ကူးစက်ရန်လိုတဲ့ ဗိုင်းရပ်စ်ကောင်ရေတို့နဲ့ ပတ်သက်ပြီး မေးထားတာပါ။ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ်ရဲ့ တက္ကသိုလ်တစ်ခုမှာ ပြုလုပ်ထားတဲ့ သုတေ သနအရ ကိုဗစ်- ၁၉ ပိုးဟာ (၅)မိနစ်ကနေ မိနစ် (၅၀)အတွင်း ကူးစက်ပျံ့နှံ့နိုင်ပြီး ရောဂါဖြစ်နိုင်ခြေပိုများ ပါတယ်လို့ သိရပါတယ်။
ဥပမာ - ရောဂါရှိသူနဲ့ အကာအကွယ် မပါဘဲ တစ်မိနစ်ခန့် စကားပြောရာက ဗိုင်းရပ်စ်အမှုန် ရာနဲ့ချီပြီး ထုတ်လွှင့်နေမှာ ဖြစ်ပါတယ်။ (၅) မိနစ်လောက် စကား ပြောရင်တော့ ဗိုင်းရပ်စ်အမှုန် ထောင်နဲ့ချီပြီး ရောက်ရှိ သွားနိုင်ပါတယ်။ ပိုးရှိသူရဲ့ ပါးစပ်နဲ့နှာခေါင်းစည်း Mask မပါဘဲ (၁၀) မိနစ် ကျော် စကားပြောခြင်း၊ အလုံပိတ်အခန်း အတွင်း အတူနေထိုင်ပြောဆိုခြင်း စတာတွေဟာ ရောဂါပိုး ကူးစက်နှုန်းကို ပိုမြင့်စေနိုင်ပါတယ်။
ပိုးရှိသူနဲ့ ထိစပ်ချိန် ပမာဏတိုတောင်းပြီး တစ်ကိုယ် ရေ အကာအကွယ်ပစ္စည်း အသုံးပြုထားခြင်း၊ တစ်ဦးနဲ့ တစ်ဦး အနည်းဆုံး (၆) ပေအကွာမှ တွေ့ဆုံပြောဆိုခြင်းဖြင့် ကူးစက်နိုင်ခြေ နည်းပါးနိုင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း အသုံးပြုထားခြင်းဖြင့် ရောဂါပိုးရှိသူ ကနေ ထွက်လာနိုင်တဲ့ ဗိုင်းရပ်စ်အမှုန်တွေကို ကာကွယ် ပေးနိုင်သလို မိမိထံက ပိုးကိုလည်း တခြားသူစီကို မကူးစက် အောင် ကာကွယ်ပေးနိုင်ပါတယ်။
နောက်မေးခွန်း တစ်ခုကတော့ ကိုဗစ် - ၁၉ စစ်ဆေး ရေးနဲ့ ပတ်သက်ပြီး မေးထားတာပါ။ ကိုဗစ် - ၁၉ သံသယ လူနာနဲ့ ထိတွေ့မှုဖြစ်ပြီး အချိန်ကာလ ဘယ်လောက်ကြာမှ ပိုးတွေ့နိုင်တာလဲ၊ နာရီပိုင်းအတွင်း ထိတွေ့မိသူအား စစ်ဆေးရင် ပိုးတွေ့နိုင်သလား လို့ မေးထားတာပါ။
ကိုဗစ် - ၁၉ ပိုးဟာ အလွန်ကူးစက်မြန်ပြီး မိမိမှာ လက္ခဏာမပြဘဲ ကူးစက်ခံနေရနိုင်ပါတယ်။ အတည်ပြု လူနာနဲ့ ထိတွေ့မိတဲ့လူကို နောက်တစ်နေ့မှာ စစ်တဲ့အခါ Positive ဖြစ်နေခြင်းဟာ ယခင် မိမိမှာ ရှိနေပြီးသား “ပိုး” သို့မဟုတ် ထိုလူနာကနေ ကူးစက်ခြင်း နှစ်မျိုးစလုံး ဖြစ်နိုင် ပါတယ်။
ဆက်လက်ပြီး အသွားအလာကန့်သတ်မှုပြုလုပ်ထား တဲ့ Quarantine စင်တာတွေနဲ့ ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတချို့ကို ဆွေးနွေးပါမယ်။ ကျွန်တော်တို့ နိုင်ငံဟာ ကိုဗစ် - ၁၉ စတင်ဖြစ်ပွားချိန်မှာ အတည်ပြုလူနနဲ့ ထိတွေ့သူတွေကို စုံစမ်းဖော်ထုတ်ခြင်း၊ သတင်းပေးပို့ခြင်း၊ အသွားအလာ ကန့်သတ်ခြင်းစတဲ့ Containment Strategy ကို သေချာလုပ်နိုင်ခဲ့ပါတယ်။
နယ်စပ်ဝင်ထွက်ပေါက်တွေ၊ လေဆိပ်ဝင်ထွက်ပေါက် တွေမှာ သေချာစစ်ဆေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတဲ့ နှီးနွှယ်ဌာနတွေ စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ လက်တွဲပြီး တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကျွန်တော်လည်း စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး (၃) ပတ်ကျော်လောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့နဲ့အတူ ရန်ကုန်မြို့မှာ ရှိနေခဲ့ပါတယ်။ အဲဒီမှာ Hotel နဲ့ Facility Quarantine တွေ၊ Community Base Facility Quarantine တွေ အပြင် Community Quarantine Center တွေကို စက်တင်ဘာ ၁၇ ရက်နေ့လောက်ကစပြီး ရန်ကုန် တိုင်းဒေသကြီးရဲ့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ခဲ့ကြပါတယ်။ အနံ့ပျောက် လူနာတွေထားဖို့ Anosmia Center တွေပါ ဖွင့်ခဲ့ကြတယ်။ Quarantine Center ပေါင်း ၃၄၀ ကျော်နဲ့ Anosmia Center ၇၀ လောက် ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိဖွင့်လှစ်ထားပါတယ်။
အစပိုင်းမှာ အကာအကွယ်ပစ္စည်းရရှိမှုနဲ့ စီမံခန့်ခွဲမှု အပိုင်း အခက်အခဲ တချို့ရှိခဲ့ပေမယ့် အခု နောက်ပိုင်းမှာ Community Quarantine Center နဲ့ Anosmia Center တွေကို စနစ်တကျ ဆောင်ရွက်လာနိုင်ပါတယ်။ မြို့နယ် အသီးသီးမှာ အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများ ကြီး အားဖြည့်ပေးကြတာကို တွေ့ရပါတယ်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး နေထိုင်ကြမယ်ဆိုရင် အရင်ကတည်းက ရောဂါပိုးဝင်ရောက်ထားခြင်း မရှိသူတွေအနေနဲ့Quarantine Center ကနေ ရောဂါကူးစက်ခံရဖို့ အခွင့်အလမ်း အလွန် နည်းပါတယ်။
Quarantine Center ကို သွားဖို့လိုလာရင်တော့ မိမိ သုံးနေကျ တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အထူးသဖြင့် ဆီးချို၊ သွေးတိုးစတဲ့ နာတာရှည် ရောဂါရှိသူတွေ အနေနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို အနည်း ဆုံးရက် ၃၀ စာနဲ့အထက် လက်ဝယ်ရှိနေအောင် ကြိုတင် စီစဉ် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။
ဒါ့အပြင် မိမိရပ်ရွာထဲမှာလည်း မဖြစ်မနေ အပြင်ထွက် ဖို့ လိုအပ်လာရင် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေ စနစ်တကျ ဝတ်ဆင်ထားမယ်ဆိုရင် မိမိကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်နိုင်သလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း ကူညီရာ ရောက်ပါတယ်။
နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ ဖြေပေးချင်တာက မြန်မာနိုင်ငံမှာ ဒီကပ်ရောဂါကြီး ဘယ်တော့ပြီးမှာလဲ၊ Normal Life ကိုဘယ်တော့ပြန်ရောက်နိုင်မလဲ၊ ကာကွယ် ဆေးပေါ်လာပြီဆိုရင် လူတိုင်း ကာကွယ်ဆေးထိုးဖို့ အချိန် ဘယ်လောက်ကြာမလဲဆိုတဲ့ မေးခွန်းတွေပါ။
ဟုတ်ကဲ့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ ကမ္ဘာ့လူသားတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ တုပ်ကွေး၊ အီဘိုလာနဲ့ HIV စတဲ့ ကပ်ရောဂါပေါင်း ၁၅ ခု ထက်မနည်း ခံစားခဲ့ရပြီး ၁၉၁၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ စပိန် တုပ်ကွေးကြောင့် ကမ္ဘာ့လူဦးရေသန်းပေါင်း ၂၀ ကနေ ၄၀ အထိ သေဆုံးခဲ့ရပြီး အဲဒီရောဂါကို ထိန်းချုပ်ဖို့ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။
ဒါပေမယ့် ယနေ့ခေတ် နည်းပညာတွေမြင့်မားလာတာ ကြောင့် ကိုဗစ် - ၁၉ ကပ်ရောဂါကို သေဆုံးမှုအနည်းဆုံးနဲ့ ဒီထက်ပိုစောစောထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ကာကွယ်ဆေးထုတ်လုပ်နေတဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အခုလူတွေမှာ စမ်းသပ်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကာကွယ် ဆေးရရှိပါက နိုင်ငံတိုင်းမှာရှိတဲ့ လူတိုင်း လက်လှမ်းမီအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ ပေါ်လာပြီး Herd Immunity မရခင်ကာလအထိတော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း မိမိကိုယ်တိုင်နဲ့ မိမိရဲ့မိသားစု၊ မိမိရပ်ရွာကို ကာကွယ်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာ နေထိုင်ခြင်းဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးမှာ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်း လိုပါ တယ်။ ယခုလို ဆွေးနွေးခွင့်ရတဲ့အတွက်လည်း အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ဒေါက်တာသန်းနိုင်စိုး။ ။ ကျေးဇူးအများကြီး တင်ရှိပါ
တယ် ဆရာကြီး ဦးထွန်း ညွန့်ဦးခင်ဗျာ။ ဆက်လက်ပြီး ကျန်ရှိတဲ့မေးခွန်းတွေကိုတော့ ကျွန်တော်ကနေ ဖြေကြားပေးပါမယ်။ မေးခွန်းထဲမှာတော့ အဓိက မေးထားတာက တစ်ဖက်က ကုသရေးအတွက်ကို လည်း အများကြီး အင်အားတွေ စိုက်ထုတ်ပြီး ကုသပေး နေတာတွေ့ရသလို တစ်ဖက်က ကာကွယ်ရေးအပိုင်းမှာ လည်း ဒီထက်ပိုပြီး ဖိဖိစီးစီး ဆောင်ရွက်စေလိုပါတယ်။ ဒီလိုမျိုးကာကွယ်ရေးအပိုင်းကို ဖိဖိစီးစီး ဆောင်ရွက်တာနဲ့ အမျှ ခုနကုသရေးအပိုင်းမှာ ဆရာဝန်တွေ၊ ဆရာမတွေ ပင်ပန်းနေတာကိုလည်း အမြန်ဆုံး လျှော့ချနိုင်မှာ ဖြစ်ပါ တယ်။ အဲဒီမေးခွန်းတစ်ခုရှိပါတယ်။
နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ အခု ဖြစ်ပွားနေတာတွေက ဘယ်တော့ပြီးမှာပါလဲ။ ရန်ကုန် တိုင်းဒေသကြီးအနေနဲ့ မြန်မြန်ဆန်ဆန် ကျဆင်းသွားမယ် ဆိုရင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလည်း ခုနက ဆရာကြီးဦးသန်းဝင်း အမိန့်ရှိသွားသလိုပဲ ဆက်လက် ကူးစက်နိုင်ဖို့ အခွင့်အလမ်း တော်တော် နည်းသွားမယ်။ ဒီမေးခွန်းနှစ်ခု ရှိပါတယ်။ အဲဒီ ၂ ခုကိုတော့ ကျွန်တော့်အနေနဲ့ ခြုံငုံပြီး ဖြေကြားပေးပါမယ်။
ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခြေအနေ ကို ပြန်ကြည့်လိုက်ရင် Case - 375 စစ်တွေမြို့ကနေ စတင် ပေါ်ပေါက်ခဲ့တဲ့နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ ရန်ကုန်တိုင်းဒေသကြီးမှာ Case တွေ တဖြည်းဖြည်း များ လာတာကို တွေ့ရပါတယ်။ အများဆုံးအနေနဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ၁၉၈၅ ဦးအထိ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၁ ရက်နေ့မှာ ပြန်ပြီး ၁၆၀၀ အထိ ကျဆင်းလာပါတယ်။ အခုနောက်ပိုင်းမှာ ၇၀၀၊ ၈၀၀၊ ၁၀၀၀ ပေါ့နော်။ ဒီဟာက တဖြည်းဖြည်းနဲ့ ၁၀၀၀ ပတ်ချာလည်မှာ တန်းနေတာကို တွေ့ရပါတယ်။
ဒီရက်ပိုင်းအတွင်း တွေ့ရှိမှုတွေက ၁၀၀၀ ပတ်ချာ လည်မှာပဲ တင်းတင်းလေးခံနေတာကို တွေ့ရပါတယ်။ ဒီလိုမျိုး တွေ့နေရတဲ့အနေအထားကို ကပ်ရောဂါဗေဒ ရှုထောင့်က ကြည့်ရင် ဒီလိုမျိုး တင်းခံနေတဲ့ အနေအထား ကို သိပ်တော့မကြိုက်လှပါဘူး။ တင်းခံနေတဲ့ အနေအထား ကနေ မြန်မြန်လေး ဒီထက်ပိုပြီး ကျဆင်းသွားစေချင် ပါတယ်။
ဒီလိုမျိုး ကျဆင်းသွားဖို့ကလည်း ကျွန်တော်တို့က ကပ်ရောဂါဗေဒရှုထောင့်အရပဲ ပြောရမယ်ဆိုရင် ခုန ပြောတဲ့ ဖြစ်ပွားမှုတွေ၊ ဆေးရုံတက်ရတဲ့ အနေအထား၊ Quarantine ဝင်ရောက်တဲ့ ဝန်ထမ်းတွေ၊ Case တွေရဲ့ ဖြစ်ပွားမှုတွေ မြင်နေရတယ်ဆိုတာ ဒီကပ်ရောဂါဗေဒ ရှုထောင့်အရ ရေခဲတုံးကြီးတစ်တုံး ရေထဲမှာ မျောနေတယ်။ ရေခဲတုံးကြီးရဲ့ပေါ်နေတဲ့ထိပ်ဖျားပိုင်းကို မြင်နေရတယ်။ တကယ်တမ်းရေခဲတုံးကြီးရဲ့ အောက်ပိုင်းမှာ မြုပ်နေတဲ့ အပိုင်းရှိပါတယ်။ အဲဒီမြုပ်နေတဲ့အပိုင်းက ကြီးလေလေ အပေါ်မှာတက်တဲ့ ဂဏန်းတွေက ထောင်လေလေဖြစ်မယ်။ ပြီးတော့ ဒီဂဏန်းတွေကို ချိုးချဖို့ခက်မယ်။
ဒီမြုပ်နေတဲ့အပိုင်းက နည်းလာမယ်။ တစ်နည်း အားဖြင့် မြုပ်နေတဲ့အပိုင်းကို များများဖော်ပြီး များများ အရည်ဖျော်လိုက်ရင် လက်ရှိတင်းခံနေတဲ့ ထောင်ဂဏန်း ကလည်း ခဏနဲ့ ကျဆင်းသွားမယ်။ ဒီဟာကို ပြန်ကြည့် တဲ့အခါ ကိန်းဂဏန်းတစ်ခုနဲ့ တစ်ခုမှာ ရာဇဝင်တွေရှိတယ်။ ဖြစ်ပွားမှုတစ်ခုနဲ့ တစ်ခုမှာ လူနာတစ်ဦးချင်းရဲ့ ရောဂါ ဖြစ်ပွားမှု ရာဇဝင်အရ ရောဂါကို ဘယ်လိုရရှိလာသလဲဆိုတဲ့ ရာဇဝင်တွေ ရှိပါတယ်။
ခုနပြောတဲ့ဂဏန်းတွေနောက်ကို ပြန်လိုက်ကြည့်တဲ့ အခါ ဂဏန်းတွေက သွားပြီးစုနေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ကပ်ရောဂါဗေဒအရပြောရင် Cluster ပေါ့နော်။ Case တွေစုစုနဲ့ ဖြစ်နေတဲ့ အနေအထားကို တွေ့ရပါတယ်။
တစ်နိုင်ငံလုံးအနှံ့ပျံ့ပြီး အိမ်တိုင်း၊ အိမ်တိုင်း ရောဂါ ရှိတဲ့သူတွေ ပေါ်ထွက်နေတာ ထက်စာရင် စုစု ၊ စုစုလေး တွေပဲ တွေ့နေရတဲ့ အနေအထားဆိုပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း ကျွန်တော်တို့နိုင်ငံကို Cluster of Cases လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့မှာ လည်း ခုနကပြောသလို ဖြစ်ပွားနေတဲ့ လူတစ်ယောက်ကို တွေ့ရင် လိုက်တယ်။ လိုက်တဲ့အခါ သူနဲ့ ဆက်စပ်ပြီး ထိတွေ့တဲ့ သူတွေက အများကြီး။ တစ်နည်းအားဖြင့် ၃၀/ ၄၀ ။ တချို့ Cluster တွေဆိုရင် ၇၀ / ၈၀ လောက် အထိ တွေ့တာတွေရှိပါတယ်။ Positive တွေ ဆက်တိုက် ဖြစ်သွားတာ။ အဲဒီနေရာတွေကို ပြန်ကြည့်တဲ့အခါ ထပ်ပြီး ထူးခြားချက်တွေကို တွေ့ရပါတယ်။
အဲဒါက နံပါတ် (၁) ဘာလဲဆိုတော့ ဈေးပါ။ ဈေးတွေ ကနေ ကူးစက်ခံရတဲ့ အရေအတွက် တော်တော်လေး များတာကို တွေ့ရပါတယ်။ နံပါတ် (၂) အရေအတွက်က ဘုန်းတော်ကြီးကျောင်းလို နေရာမျိုးတွေပါ။ ဒီလိုမျိုးနေရာ တွေမှာလည်း သွားတွေ့ပါတယ်။ နံပါတ် (၃)က ဘိုးဘွား ရိပ်သာလို နေရာမျိုးတွေမှာလည်း ခုနပြောတဲ့ အစုလိုက် ဖြစ်ပွားမှုလေးတွေ တွေ့ရပါတယ်။
နံပါတ် (၄) က အချို့စက်ရုံ၊ အလုပ်ရုံလို နေရာမျိုးတွေ မှာလည်း သွားတွေ့တယ်။ ဒီနေရာတွေက လုပ်ငန်း သဘောသဘာဝအရလည်း သူက အစုအဖွဲ့နဲ့ လုပ်နေရတဲ့ သဘာဝရှိတယ်။ အဲဒီတော့ ဒီလိုနေရာမျိုးတွေမှာ လုပ်ကိုင်နေတဲ့ မိဘပြည်သူတွေအနေနဲ့ သတိကို အထူး ထားပြီး ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။
အဲဒီတော့ ဈေးကိုသွားမယ်ဆိုရင် မဖြစ်မနေ Mask တပ်ပါ။ ဈေးရောင်းတဲ့ သူတွေကလည်း တပ်ထားပါ။ ဈေးလာဝယ်တဲ့သူ ဘယ်သူ့ဆီမှာရှိမှန်း မသိနိုင်ပါဘူး။ အဲဒီလိုပဲ ဘုန်းတော်ကြီးကျောင်းတို့၊ ဘိုးဘွားရိပ်သာတို့၊ စက်ရုံအလုပ်ရုံတွေမှာလည်း ကာကွယ်ရေးနည်းလမ်း တွေကို အထူးသတိပြုပြီး လိုက်နာဖို့လိုပါတယ်။
ဒီလို လိုက်နာလိုက်ရင် ကူးစက်မှုတွေက သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဒါတွေ ကလည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက အမြဲတမ်းထုတ်ပြန် လျက်ရှိပါတယ်။ Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးပါ။ ဒါမှမဟုတ်ရင် လက်သန့် ဆေးရည်ကို ကိုယ်နဲ့ တစ်ပါတည်းဆောင်ထားပြီး အသုံးပြု ပေးပါ။ ဒါမျိုးလေးတွေကို အထူးသတိပြုပြီး ဆောင်ရွက်ဖို့ လိုပါတယ်။
ခုနကလို စက်ရုံ၊အလုပ်ရုံလို နေရာမျိုးတွေဆိုရင် လည်း ထမင်းအတူတူ မစားမိဖို့။ ထမင်းစားတဲ့အချိန် ကျရင် Mask ချွတ်ရတယ်။ စုပြီးစားကြတယ်။ တစ်ခါ တလေ ထွေရာလေးပါး ပြောကြ၊ ဆိုကြတယ်။ အဲဒီ အချိန်မှာ အများဆုံးကူးစက်တာကို တွေ့ရပါတယ်။ အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်လိုက်မယ်ဆိုရင် အဓိက တက်စေတဲ့ အကြောင်းတရားတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လျော့ကျတာနဲ့အမျှ ဒီအပေါ်မှာ တင်းခံနေတဲ့ ကိန်းဂဏန်းတွေသည် အောက်ကိုကျဆင်း လာမှာ ဖြစ်တယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ ဒီအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး မှာနေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ အိမ်မှာပဲ တတ်နိုင် သမျှ နေပေးပါ။ မဖြစ်မနေ စားဝတ်နေရေးအရ အပြင် ထွက်ရမယ့်သူတွေကလည်း မိသားစုတိုင်းမှာ ရှိနေ ပါတယ်။ အိမ်မှာနေတဲ့ လူကတော့ ရှင်းပါတယ်။ ရောဂါပိုး ရှိတဲ့သူနဲ့လည်း ထိတွေ့စရာမရှိဘူး။ သူ့ကိုကူးစရာ အကြောင်းလည်း မရှိပါဘူး။
အဲဒီတော့ အပြင်ထွက်တဲ့သူကလည်း သတိအမြဲတမ်း ထားပြီး ကာကွယ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ကူးစက်လိုက်တာနဲ့ အိမ်ကိုပြန်တဲ့အခါ အိမ်က မိသားစုတွေကိုလည်း ကူးစက်ခံရနိုင်တယ်။ အဲဒီလိုနဲ့ တစ်မိသားစုလုံး ကူးစက်မှုတွေရရှိပြီး ဆေးရုံတွေမှာ ကုသမှုခံယူနေရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။
လူငယ်ကတော့ အပြင်ထွက်လိုက်တယ်။ ကူးလာ တယ်။ အိမ်မှာရှိတဲ့ အသက်အရွယ်ကြီးရင့်တဲ့သူရှိမယ်။ ဆီးချို၊ သွေးတိုးတို့ ဒီလိုမျိုး နာတာရှည်ရောဂါအခံရှိတဲ့သူ တွေရှိမယ်။ အဲဒီအခါကျရင် သူတို့ရဲ့ သေဆုံးမှုနှုန်းက အလွန်ကို မြင့်မားပါတယ်။ သေဆုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က ဒီလိုမျိုး ရောဂါအခံရှိတဲ့သူတွေ ဖြစ်ပွားနေတဲ့ အခါကျတော့ ဒါဟာလည်း ကျွန်တော်တို့ အထူးသတိပြု ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက အပြင်ထွက်တဲ့သူကလည်း Mask ကို မဖြစ်မနေဝတ်ဖို့လိုပါတယ်။ စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့ရေ အသုံးပြုပြီး ဆေးတာတို့၊ ရေမလို လက်သန့် ဆေးရည်ဆောင်ထားပြီး သုံးတာတို့ ဒါမျိုးလုပ်သင့်ပါ တယ်။ ဒါတွေသေချာလုပ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ မှာလည်း ကိုယ်က အပြင်ထွက်လေ့ထွက်ထရှိတယ်။ နေ့စဉ်အလုပ်လုပ်ရတယ်ဆိုရင် အိမ်မှာရှိတဲ့ သက်ကြီး ရွယ်အို မိဘတွေ၊ ရောဂါ အခံရှိတဲ့သူတွေနဲ့ နီးနီးကပ်ကပ် မထိတွေ့မိဖို့ လိုပါတယ်။
အထူးသဖြင့် မျက်နှာချင်းဆိုင် ထမင်းစားတာ ဒါမျိုး တွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ အနေအထားမှာ အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊ ရောဂါ အခံရှိသူတွေအနေနဲ့ လည်း တတ်နိုင်ရင် အပြင်ထွက် လေ့ထွက်ထရှိတဲ့ သား၊သမီးတွေနဲ့ ခပ်ခွာခွာနေသင့် ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဟာနဲ့ကိုယ် သီးခြားလေး နေသင့်ပါတယ်။
တချို့ဆိုရင် ဆရာဝန်သား၊ သမီးတွေရှိတဲ့ လူကြီး မိဘ တွေလည်း ရှိပါတယ်။ ဆရာဝန်တွေက ဆေးရုံတွေ သွားတယ်။ လူနာတွေ ကုသပေးရတယ်။ ပြန်လာတဲ့အခါ ကျရင်လည်း သူတို့နဲ့ ခပ်ခွာခွာ လူကြီးတွေက မထိတွေ့ အောင်နေတယ်။ ဒါမျိုးလေးတွေ ဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ဆောင်ရွက်မယ်ဆိုရင် ခုနပြောတဲ့ ကူးစက်မှု ကွင်းဆက်တွေက ပြည်သူလူထုကြားထဲမှာ ပြတ်တောက် သွားမှာ ဖြစ်ပါတယ်။
အဲဒီတော့ လက်ကျန်တင်းခံနေတဲ့ အပိုင်းတွေ ကိုလည်း ဒီလိုမျိုး စုပေါင်းအင်အားနဲ့ ဒါကတော့ တစ်ဦး တစ်ယောက်တည်း၊ မိသားစုတစ်ခုတည်းကတော့ ဆောင်ရွက်လို့ မရပါဘူး။ မိသားစုအားလုံး အတူတကွ စုပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းသည် ကိုယ့်မိသားစုကို ကာကွယ်ခြင်း ဖြစ်သည်၊ ကိုယ့်မိသားစုကို ကာကွယ်ခြင်းကလည်း တခြားမိသားစုကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုက မိသားစု တိုင်း၊ မိသားစုတိုင်းမှာ တစ်ဦးတစ်ယောက်ကတော့ အိမ်မှာအချင်းချင်း သတိပေးသင့်ပါတယ်။ အပြင်ထွက် မယ့်သူဆိုရင်လည်း Mask မဖြစ်မနေတပ်သွားဖို့၊ အပြင်က ပြန်ရောက်တာနဲ့ လက်ဆေးဖို့။ အဝတ်အစားတွေ လျှော်ဝတ်ဖို့။ တခြား သက်ကြီးရွယ်အို မိဘတွေ၊ ရောဂါ အခံရှိသူတွေနဲ့ မထိတွေ့ဖို့ တစ်ယောက်ကနေ သတိပေး သင့်ပါတယ်။
အဲဒီလိုမျိုး မိသားစုဝင်တိုင်းမှာ သတိပေးမယ့်သူ တစ်ယောက်ရှိတယ်ဆိုရင် မိသားစုအချင်းချင်းရှိတဲ့ သံယောဇဉ်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေ အတူနေထိုင်သူတွေရဲ့ ကြားထဲမှာရှိတဲ့ သံယောဇဉ်တွေနဲ့ အချင်းချင်းထိန်းကျောင်းခြင်းအားဖြင့် ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ Hotline တို့၊ 2019 Call Center ဒီလိုမျိုး နံပါတ်တွေ၊ မိမိရပ်ကွက်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး၊ မိမိနဲ့အနီးဆုံး ကိုဗစ် - ၁၉ ကုသရေးဌာနရဲ့ ဖုန်းနံပါတ်တွေ ဒါတွေကို လည်း ဖြစ်နိုင်ရင် အိမ်တိုင်း၊ မိသားစုတိုင်းမှာ ဆောင်ထား စေလိုပါတယ်။
အရေးအကြောင်းဖြစ်လာတဲ့အခါ ကိုဗစ်ရဲ့ လက္ခဏာ တွေ၊ အနံ့အရသာပျောက်တာတို့၊ အသက်ရှူရခက်ခဲတာ တို့၊ ဖျားတာတို့ ဒီလိုမျိုးလက္ခဏာတွေ ပေါင်းစုံလာတဲ့အခါ ဒါမှမဟုတ်ရင်လည်း ကိုယ်နဲ့အနီးကပ်နေတဲ့ တစ်ယောက် ယောက်က Positive ဖြစ်သွားတယ်ဆိုတဲ့ သတင်းမျိုး ဒါမျိုးကြားခဲ့ရင်လည်း ခုနကပြောတဲ့စင်တာတွေကို ဆက်သွယ်ပြီး အကြံဉာဏ်တွေရယူဖို့၊ လမ်းညွှန်မှုတွေ ရယူဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။
ဒါဆိုရင် ခုနကျွန်တော်တို့ပြောသလို စောစောပြော၊ စောစောသိ၊ စောစောအကျိုးရှိဆိုသလို အမြန်ဆုံးကုသ ပေးနိုင်တဲ့ စင်တာ၊ ကိုယ့်ရဲ့ အောက်ဆီဂျင် level ကို တိုင်းပေးနိုင်မယ့် အနေအထား၊ လိုအပ်တဲ့သွေးတွေ ဖောက်ပေးနိုင်မယ်၊ ဓာတ်မှန်ရိုက်ပေးတာတို့၊ သွေးပေါင် ချိန်တာတို့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးတာတို့ ဒါတွေကို အမြန်ဆုံးစောစီးစွာရရှိတဲ့အခါ သေဆုံးမှုနှုန်း တွေကလည်း သိသိသာသာလျော့ကျနိုင်မှာ ဖြစ်ပါတယ်။
အားလုံးလည်းသိတဲ့အတိုင်းပါပဲ သေဆုံးသူအားလုံးရဲ့ ၁၈ ရာခိုင်နှုန်း၊ ၁၉ ရာခိုင်နှုန်းလောက်က သေပြီးမှ ရောက်လာတဲ့အခါ ကျွန်တော်တို့မှာလည်း ဒါတော်တော် ကြီးကို လွန်သွားတဲ့အချိန်ကာလ ဖြစ်ပါတယ်။ ဒါမျိုးတွေ လည်း မဖြစ်ရအောင် စောစောစီးစီးရောက်ဖို့ လိုပါတယ်။ အဲဒီအပြင် တစ်ရက်အတွင်းမှာ သေဆုံးတဲ့သူကလည်း တော်တော်များပါတယ်။ ဒီလိုမျိုး ဆေးရုံရောက်ပြီး တစ်ရက်အတွင်းမှာ သေဆုံးတာတို့၊ ဆေးရုံကို သေဆုံးပြီး မှာ ရောက်တာတို့ ဒါမျိုးမရှိအောင်လည်း ဆက်သွယ် ဆောင်ရွက်ဖို့လိုပါတယ်။
ကျွန်တော့်အနေနဲ့ ခုနကမေးခွန်း နှစ်ခုမေးတဲ့ မေးခွန်း ရှင်တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် တို့က အဓိက နှစ်ချက် လူစုစု၊ စုစုဖြစ်နိုင်တဲ့ Institution တွေ၊ ဈေးတွေ၊ ဘိုးဘွားရိပ်သာတွေ၊ စက်ရုံအလုပ်ရုံတွေ ဒီလိုနေရာမျိုးတွေကို အထူးသတိပြုကာကွယ်ခြင်းအားဖြင့် ရောဂါကွင်းဆက်တွေ ဖြတ်တောက်ရင် ဒီဖြစ်ပွားမှုက ကျမှာဖြစ်ပါတယ်။
အိမ်တိုင်း၊ မိသားစုတိုင်းက မိသားစုဝင်တစ်ဦးက အခြားသူတွေကို သတိပေးခြင်း၊ ဒါမျိုးတွေကို ဆောင်ရွက် ပေးရင်လည်း ရောဂါကွင်းဆက်တွေ ပြတ်တောက်ပြီး ကျသွားမှာဖြစ်ပါတယ်။ အဲဒီအပြင် မိသားစုတိုင်းနဲ့ လူတိုင်း ရဲ့ ပူးပေါင်းပါဝင်တဲ့ စုပေါင်းအင်အားနဲ့ ဒီရောဂါဖြစ်ပွား နေမှုကို လျော့ကျပြတ်တောက်နိုင်ရုံသာမက ကာကွယ် ဆေးမရရှိခင်အချိန်အထိ ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့ ဒီရောဂါရဲ့ တစ်ကျော့ပြန်ဖြစ်သလို နှစ်ကျော့ပြန်လည်း ဖြစ်လာနိုင်တယ်။ ဒါမျိုးတွေကိုလည်း ကျွန်တော်တို့က ထိရောက်စွာ ကာကွယ်နိုင်မယ့်အကြောင်း တင်ပြလိုပါ တယ်။ ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။ ဆရာကြီး တို့အားလုံးကိုရော၊ စီစဉ်ပေးတဲ့ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားကိုရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူအားလုံးကိုရော ဒီနေရာကနေ အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။
- Log in to post comments