
ဘောလုံးချစ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ ၂၀၂၃-၂၀၂၄ ရာသီ ပရီမီယာလိဂ်ဘောလုံးပွဲစဉ်တွေကို ယခုသီတင်းပတ်မှ စတင်ကာ စတင်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အသင်းတိုင်းက ကစားသမား ဝယ်ယူမှု၊ အင်အားဖြည့်တင်းမှု အသီးသီးပြုလုပ်ထားတာကြောင့် ယခုအဖွင့်ပွဲစဉ်မှစတင်ကာ ဘယ်အသင်းက ဘယ်အတိုင်းအတာအထိ စွမ်းဆောင်သွားနိုင်မလဲဆိုတာ မျက်ဝါးထင်ထင်တွေ့မြင်ခံစားနိုင်တော့ မှာ ဖြစ်ပါတယ်။
အာဆင်နယ်နှင့် နော်တင်ဟမ်ပွဲကို သြဂုတ် ၁၂ ရက် ညနေ ၆ နာရီ မှာ ယှဉ်ပြိုင်ကစားမှာပါ။ ယမန်နှစ်က ဖလားဆွတ်ခူးနိုင်ရေး ကြိုးပမ်းမှု အလုပ်ဖြစ်ခဲ့ပေမယ့် လက်တစ်ကမ်းအလိုရောက်မှ မန်စီးတီးကို လက်လွှဲပေးခဲ့ရတဲ့ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ အဖွင့်ပွဲစဉ်မှစပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ ပြင်ဆင်လာမှာဖြစ်တဲ့အတွက် နော်တင် ဟမ်အသင်းရဲ့ ကစားဟန်ကောင်းမွန်ခဲ့သော်ငြား အာဆင်နယ်ကို အနိုင် ရဖို့ မလွယ်ဘူး။
ဘရန့်ဖို့ဒ်နှင့် စပါးပွဲကို သြဂုတ် ၁၃ ရက် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင် ကစားမှာပါ။ ရာသီအကြိုခြေစမ်းပွဲတွေမှာ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းက တည်ငြိမ်မှု၊ ကျစ်လျစ်မှုမရှိတာကြောင့် အားရစရာမရှိဘူး။ စပါးက ဘရန့်ဖို့ဒ်ထက် ခြေစွမ်းသာလွန်မှုရှိတယ်ဆိုပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်။ အသင်းအဓိက တိုက်စစ်ကစားသမား ကိန်းကလည်း ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် စပါးက သာမန် ထက်မပိုရင် ဘရန့်ဖို့ဒ် နိုင်မယ်။
ချယ်ဆီးနှင့် လီဗာပူးပွဲကို သြဂုတ် ၁၃ ရက် ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကစားမှာပါ။ နှစ်သင်းစလုံး ရာသီအကြိုခြေစမ်းပွဲတွေမှာ အားရစရာကောင်းတယ်။ အဖွင့်မျက်နှာပန်းလှဖို့အတွက် ချယ်ဆီးရော လီဗာပူးပါ နိုင်ပွဲရရေး ဦးတည်လာမှာပါ။ ဒီနှစ်သင်း တွေ့ဆုံတိုင်း အကြိတ်အနယ်ရှိသော်ငြား ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ပွဲရလဒ် ဖော်ဆောင်နိုင်ခြင်း မရှိဘဲ သရေရလဒ်သာ ထွက်ပေါ်ထားတယ်။ အဆုံးသတ်သေချာတဲ့အသင်း နိုင်ပွဲရမယ်။
မန်ယူနှင့် ဝုဖ်ပွဲကို သြဂုတ် ၁၄ ရက် နံနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင် ကစားမှာပါ။ အဖွင့်ပွဲစဉ်မှာကတည်းက ရလဒ်ကောင်းရရှိဖို့ အားစိုက် ကစားလာမယ့် မန်ယူကို ဝုဖ်အသင်း ဟန့်တားဖို့ ခက်မယ်။ မန်ယူက အားထားရတဲ့ ကစားသမားကောင်းတချို့ အသင်းမှထွက်ခွာသော်လည်း ထိပ်တန်းကစားသမားတွေ ဝယ်ယူအားဖြည့်ထားတာကြောင့် ဝုဖ်ရဲ့ တုံ့ပြန်ကစားပုံ ကောင်းမွန်မှုရှိသည့်တိုင် နိုင်ပွဲရလဒ်ကို ဖော်ဆောင် နိုင်မယ်။
လင်းလက်ကြယ်