
အောင်ဇော်ဦး၊ ဒေါ်စိုးစိုးအေး
ဓာတ်ပုံ- စောမျိုးမင်းသိန်း
(ပြန်/ဆက်)
လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် ပတ်သက်၍ ဘားအံမြို့ ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ချိုချိုစန်းထူး နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်တို့အား တွေ့ဆုံမေးမြန်း ထားပါသည်။
ဒေါက်တာ ဒေါ်ချိုချိုစန်းထူး
ဆေးပညာအထူးကု ဆရာဝန်ကြီး
မေး ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ် ရောဂါကူးစက်ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး သိလိုပါတယ်။
ဖြေ ။ ။ ကိုဗစ်ကဖြစ်လာတာလည်း တစ်နှစ်ကျော် ပြီဆိုတော့ အများသိထားတဲ့အတိုင်း အထိအတွေ့ကနေပြီးကူးနိုင်တယ်။ အသက်ရှူတဲ့ အခါ ရောဂါပိုးပါတဲ့လေကို ရှူမိတဲ့အခါမှာလည်း ကူးနိုင်တယ်။ အဓိကတော့ လူစုလူဝေးတွေစုမိတယ် ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက်က ၆ ပေ မကွာဘူး၊ ဒီတစ်ယောက်က နှာချေလိုက်လို့ သူ့အမှုန် ကိုရှူမိရင် ကူးတယ်၊ လက်ဖက်ရည်ဆိုင်မှာထိုင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ထိုင်တယ်၊ အထိ အတွေ့ ရှိတယ်၊ ရှူထုတ်လိုက်တဲ့လေကို ရှူမိတယ်၊ ချောင်းဆိုးတာကို ရှူမိလိုက်တယ်ဆိုရင်လည်း ကူးပါ တယ်။ လူစုလူဝေးတွေကြောင့်လည်း ကူးနိုင်တယ်။ အဓိကလူစုလူဝေး မလုပ်စေချင်ပါဘူး။ လူစုလူဝေး များလေ ကူးတဲ့နှုန်းပိုပြီးများလေ ဖြစ်မှာပါ။
မေး ။ ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ဟာ ဘယ်လို ကွာခြားမှုရှိတယ်ဆိုတာရယ်၊ ဖြစ်လာပြီ ဆိုရင် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတဲ့ ရှောင်ရန် ဆောင်ရန် အချက်လေးတွေလည်း ပြောပြပေးစေလို ပါတယ်။
ဖြေ ။ ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ကို ဒီအတိုင်းဆို ခွဲလို့မရဘူးပေါ့။ ရာသီတုပ်ကွေးကလည်း တစ်ကိုယ်လုံး ကိုက်မယ် ခဲမယ်၊ နှာစေးလာမယ်၊ ဖျားမယ်ပေါ့နော်၊ ကိုဗစ်ကလည်း စဖြစ်ရင် တစ်ကိုယ် လုံး ကိုက်ခဲလာမယ်၊ ဖျားလာမယ်၊ နှာပိတ်သလိုလို ဖြစ်ပါမယ်။ တစ်ခုကွာခြားချက်က ရာသီတုပ်ကွေးက ကိုက်ခဲတယ်၊ နှာစေးတယ်၊ ဖျားတယ်။ ပြီးပြီဆိုရင် အိုကေသွားတယ်။ ကိုဗစ်ကျတော့ ထူးခြားတာတစ်ခု က အနံ့ပျောက်သွားတာတစ်ခုရှိတယ်။ လုံးဝအနံ့ မရဘူး။ နှာခေါင်းထဲမှာရှိတဲ့ အနံ့ခံတဲ့အစိတ်အပိုင်း လေးတွေကို ဒီဗိုင်းရပ်ပိုးက ထိတွေ့တဲ့အခါမှာ ခဏ ဖျက်ဆီးလိုက်တယ်။ အဲဒီအခါမှာ အနံ့ပျောက်သွား တယ်။ ဒါက ထူးခြားချက်တစ်ခုပေါ့နော်။ ကွာခြား တာက ရာသီတုပ်ကွေးက သေဆုံးနှုန်း အလွန် နည်း တယ်။ ကိုဗစ်-၁၉ ကျတော့ သေဆုံးမှု အထိုက် အလျောက်ရှိတယ်။ အခု မျိုးဗီဇအသစ် ကိုဗစ်မှာ သေဆုံးနှုန်းက ပိုပြီးတော့မြင့်လာတယ်။ ရာသီတုပ် ကွေးနဲ့ အခြေခံအချက်အလက်တွေကတူတယ်။ ထူးခြားတာကတော့ အနံ့ပျောက်သွားတာရယ်၊ သေဆုံးနှုန်းပိုပြီးတော့ မြင့်တာရယ်၊ ကူးစက်နှုန်းက လည်း အဆတော်တော်များများ ပိုပြီးတော့ မြင့်လာ ပါတယ်။
မေး ။ ။ အခုတတိယလှိုင်းမှာ မျိုးဗီဇပြောင်းသွား တဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ ရောဂါ ကူးစက်ခံရရင် ဖြစ်ပေါ်လာတဲ့ လက္ခဏာလေး တွေကိုလည်း ရှင်းပြပေးစေချင်ပါတယ်။
ဖြေ ။ ။ မျိုးဗီဇပြောင်းလို့ လက္ခဏာက ပြောင်းလဲ မသွားပါဘူး။ အရင်ကိုဗစ်လည်း ဒီ အတိုင်းပဲ။ အခုကိုဗစ်လည်း ဒီအတိုင်းပါပဲ။ နိုင်ငံတကာသုတေသနအရ ပြန့်ပွားနှုန်းကနည်းနည်း ပိုပြီးတော့မြန်လာတယ်။ ကျွန်မအတွေ့အကြုံအရ ပြောရရင် နည်းနည်းပိုပြီးတော့ ပြင်းထန်လာတယ်။ သေဆုံးနှုန်းကလည်း ပိုပြီးတော့ မြင့်လာတယ်။ လက္ခဏာပြောင်းသွားတာတော့ မရှိပါဘူး။
မေး ။ ။ ကိုဗစ်ကူးစက်မခံရအောင် ဘယ်လိုပြုမှု နေထိုင်သင့်လဲဆိုတာကို ပြောပြပေး စေချင်ပါတယ်။
ဖြေ ။ ။ ကပ်ရောဂါဆိုတဲ့ သဘောသဘာဝကို နည်းနည်းလေးရှင်းပြချင်တယ်။ ကမ္ဘာ တစ်ဝန်းက သုတေသနပြုလုပ်ချက်တွေအရ ကပ်ရောဂါတွေမှာ အဆင့်(၄)ဆင့်ရှိတယ်။ ကိုဗစ် နဲ့ အခြေခံပြီး ပြောပြရရင် အဆင့်(၁)မှာ ပြည်ပနိုင်ငံ တစ်ခုကနေပြီး ပြန်လာတယ်၊ သယ်လာတယ်၊ လေယာဉ်ကွင်းက အဆင်းမှာတွေ့တယ်၊ ဒါမျိုးဆိုရင် အဆင့်(၁)လို့ ခေါ်ပါတယ်။ အဲဒီအချိန်မျိုးမှာဆိုရင် လေယာဉ်ကအဆင်းမှာ လည်ချောင်း၊ နှာခေါင်း တို့ဖတ်တွေယူတယ်၊ တွေ့တယ်ဆိုတာနဲ့Quarantine ထားလိုက်တယ်၊ အဲဒါက အဆင့်(၁)ပါ။
အဆင့်(၂)မှာဆိုရင် သူကနေပြီးတော့ သူ့ရဲ့ မိသားစုတွေ၊ သူနဲ့အတူ လူစုလူဝေး လုပ်ခဲ့မိတဲ့သူ တွေကို ကူးတယ်။ အဲဒီအခါမျိုးမှာဆိုရင် Case ကို တွေ့အောင်ရှာရတယ်၊ ပြီးရင် ဖမ်းထိန်းထားလိုက်ရ တယ်။ အဆင့်(၁)နဲ့(၂)နဲ့မှာ အပတ်တကုတ် ကြိုးစားပြီး အဆင့်(၃) ကို မရောက်အောင် ထိန်းရ တယ်ပေါ့နော်။ သို့သော် ကူးစက်ရောဂါသဘာဝအရ အဆင့်(၃) ကို မဖြစ်စေရဘူးလို့တော့ လုပ်လို့မရဘူး၊ တဖြည်းဖြည်းနဲ့ပျံ့နှံ့လာတဲ့ သဘောသဘာဝတော့ ရှိတယ်၊ ကပ်ရောဂါရဲ့သဘောသဘာဝအရ အဆင့်(၂)ပြီးလျှင် အဆင့်(၃)လာတာပဲ။
အဆင့်(၃)က ဘယ်လိုလဲဆိုတော့ ဟိုဘက် ရပ်ကွက်မှာ တစ်ယောက်၊ ဒီဘက်ရပ်ကွက်မှာ တစ်ယောက်၊ ဘယ်ကရယ်လို့ ရင်းမြစ်ရှာလို့ မရဘူး။ ဥပမာ နိုင်ငံခြားက ပြန်လာလို့လည်းမဟုတ်ဘူး၊ ခရီး က ပြန်လာတဲ့ရာဇဝင်လည်းမရှိဘူး၊ အလိုလို ပေါ်ပေါက်လာတာ ဖြစ်တယ်၊ ဘယ်ကနေကူးတယ် ဆိုတာကို ရှာလို့မရဘဲနဲ့ Case တွေစပြီးဖြစ်လာတာ ပေါ့၊ ကျွန်မတို့ဆီမှာတော့ မတ်၊ ဧပြီ လောက်မှာ ဘယ်ကမှန်းရှာလို့မရဘဲနဲ့ Case တွေ စပေါ်လာတာ မျိုးဖြစ်လာပါတယ်၊ အဲဒါက အဆင့်(၃) ဖြစ်ပါတယ်။
အဆင့် (၃) ကနေပြီးတော့ အလွန်လျင်မြန်စွာနဲ့ အဆင့်(၄)ကို ပြောင်းတတ်တယ်။ ကပ်ရောဂါရဲ့ သဘာဝကို နားလည်စေချင်တာပါ။ အဆင့်(၃)ပြီးရင် အဆင့်(၄)သည် အော်တိုအမြန်လာမှာပဲ။ အဆင့်(၄)ဆိုတာကတော့ အလွန်ကျယ်ပြန့်တဲ့နေရာမှာ အုံလိုက် ကျင်းလိုက်ဖြစ်တာကို ဆိုလိုတာပါ။ အခု ဆိုရင် ရန်ကုန်လိုနေရာမျိုးမှာ ဖြစ်နေပြီ၊ မန္တလေး ဖြစ်နေပြီ။ အခုလည်း ဘားအံမှာ စပြီးတော့ အုံလိုက် ကျင်းလိုက် ဖြစ်နေပြီ ။ အဆင့်(၁)နဲ့ (၂)မှာတော့ Case ကို အမြန်ရှာတယ်။ Quarantine လုပ်တယ်၊ အဆင့်(၃)မှာဆိုလျှင် Lock Down တွေ ချရတယ်။ ထပ်ပြီးကျယ်ကျယ်ပြန့်ပြန့်မဖြစ်ဖို့အတွက် Lock Down ချရခြင်း ဖြစ်ပါတယ်။ ကုန်တိုက်ကြီးတွေ ပိတ်ပစ်လိုက်တာတို့၊ ဘားတွေ၊ နိုက်ကလပ်တွေ ပိတ်လိုက်ရတာတို့ အဲဒါမျိုးတွေပေါ့။ နေရာတွေ၊ မြို့တွေ LockDown ချရတာမျိုးပါ။
အဲဒီကနေပြီးတော့ အဆင့်(၄) အုတ်အော်သောင်း တင်း အကုန်ဖြစ်ပြီဆိုရင် ကျွန်မတို့အပိုင်းက အုပ်စု လိုက် ဆောင်ရွက်ရတဲ့ ပုံစံမျိုးတွေဖြစ်လာတယ်။ ဥပမာ အရင်တုန်းက လူနာ အယောက် ၂၀ တွေ့ရင် အယောက် ၂၀ လုံး ဆေးရုံပေါ်မှာ တင်ထားနိုင်တယ်။ Contact ၁၀၀ တွေ့ရင် ၁၀၀ လုံးကို Quarantine စုထားနိုင်တယ်။ ဒါပေမယ့် အဆင့် (၄) ဖြစ်ပြီဆိုရင် တော့ အဲဒီလိုပုံစံမျိုးမဟုတ်တော့ဘူး။ ဥပမာ ဆေးရုံ က ခုတင် ၅၀ ဆံ့ ဆိုပါစို့။ အနံ့ပျောက်သွားတာက ၁၀၀၊ အသည်းအသန်ဖြစ်နေတာက ၁၀၀ ဆိုရင် ၂၀၀ လုံးကို ဆေးရုံတင်ထားဖို့ရာအတွက် အခက်အခဲ ရှိလာပြီ။ အဲဒီအခါမျိုးမှာဆိုရင် ပုံမှန်အနံ့ပျောက် တာတို့၊ ငွေ့ငွေ့ဖျားတာတို့ဆိုရင် ခဏအသာထား ပြီး အသည်းအသန်သမားတွေကို ဦးစားပေးကုရ တယ်။ အဲဒီအခါမှာ ဝမ်းနည်းစရာတော့ ကောင်းတယ်။ အကုန်လုံးကို ကုပေးလို့ မရဘူးလေ။ ခုတင် ၅၀ ရှိတာကို ၁၀၀ တင်လို့မရဘူး၊ အသည်းအသန် လူကို ရွေးထုတ်ပြီးတော့ ကုရတယ်တဲ့သဘောရှိပါတယ်။
အဲဒီအခါမှာ ခုတင်မလုံလောက်မှုတွေ သဘာဝ တရားအရကို ပေါ်ပေါက်လာတယ်။ နိုင်ငံတကာမှာ လည်း ဒီလိုပဲ၊ မြန်မာမှာလည်းဒီလိုပဲ၊၊ ကိုယ့်တစ်နိုင်ငံ တည်းမှ အထူးဖြစ်တာမဟုတ်ဘူး။ ကမ္ဘာအနှံ့မှာ လည်း ဒီလိုဖြစ်နေကြတာပဲ။ နောက်တစ်ခုက ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမတွေဟာ လူရောစိတ်ပါ အရမ်းပင်ပန်းသွားတဲ့အနေအထား၊ နောက်တစ်ခုက ပစ္စည်းယန္တရား မလုံလောက်မှုပေါ့။ ဥပမာ အသည်းအသန်ဖြစ်တာက လူ ၆၀၊ ပေးနိုင်တဲ့ Oxygen စက် အနေအထားက လူ ၂၀ ပဲရှိတယ်ဆိုရင် အသည်းအသန်သမားကို ဦးစားပေးရတယ်။ အဲဒီလို မျိုးပေါ့နော်။
ပြောချင်တာက ဆေးရုံတက်ချင်တယ်။ ဖြစ်တဲ့ အခါမှာ ကျွန်မတို့က ဇွန်လထဲမှာဆိုရင် စုစုပေါင်း ၆၄ ယောက်ရှိတယ်။ အကုန်လုံးထိန်းထားနိုင်တယ်။ ဇူလိုင်လထဲမှာတော့ ကပ်ရောဂါ အဆင့် (၄) ရဲ့ သဘာဝအရ ဇူလိုင်လ ၁၃ ရက်နေ့ထိကို စုစုပေါင်း လူနာ ၈၇ ယောက်လောက်အထိ ရုတ်တရက်တက် လာတယ်။ ခုတင် ၂၀၀ ဆံ့ ဆေးရုံဆိုတော့ ဝန်ထမ်း အင်အားကလည်း အားလုံးသိတဲ့အတိုင်း နည်းသွား တဲ့အခါကျတော့ တကယ်တမ်း လက်ခံနိုင်တာက လူ ၃၀ အတွက်ပဲ လက်ခံနိုင်ပေမယ့် ရုတ်တရက် ဝုန်းခနဲ့ တက်လာတဲ့အခါကျတော့ လူနာဦးရေ ၈၇ ဦးလောက်အထိကို လက်ခံထားလိုက်နိုင်သော် လည်း တကယ်တမ်းပြောချင်တာက ဆေးရုံဟာ ရောဂါဖြစ်လာတဲ့ ပမဏအတွက် လုံလောက်မှု မရှိ တော့ဘူး။ အဲဒီအချိန်မှာ အခြား Center တွေလည်း ဖွင့်ရတယ်၊ သိပ်ပြီး အခြေအနေမဆိုးတဲ့သူတွေကို အခြားစင်တာတွေကိုပို့၊ ဘားအံဆိုရင် တိုင်းရင်း ဆေးရုံ၊ နတလ သင်တန်းကျောင်းတွေကို ပို့၊ အသည်း အသန်လူနာတွေကို ဒီဆေးရုံမှာစုထားပြီး Oxygen ကို လူတိုင်းလူတိုင်းအတွက် မပေးနိုင်တော့ဘဲ အသည်းအသန်လူနာတွေကိုသာ ဦးစားပေး၊ ပြန်ပြီး ရွေးချယ်ရတာပေါ့နော်။
ကျန်တာတွေကတော့ ရောဂါကာကွယ် တားဆီး ရေး Public Health ပေါ့နော်။ သူ့အပိုင်းနဲ့သူ ရှာဖွေ ပေးတာတွေရှိပါတယ်။ ဖြစ်တဲ့လူဦးရေ အလွန်များ လာတော့ ယခင်နဲ့က မတူနိုင်တော့ဘူးပေါ့နော်။ နားလည်ပေးစေချင်တာပါ။ ပြည်သူ့ဆေးရုံက အသည်းအသန် လူနာတွေကို တာဝန်ယူပေးတယ်၊ သာမန်အနံ့ပျောက်တာလောက်ကတော့ Public Health ပြည်သူ့ကျန်းမာအစီအစဉ်နဲ့စစ်ပေးတယ်။ Quarantine Center တွေကို ပို့ပေးတယ်။ အဲဒါမျိုးလေးတွေကွဲပြားစေချင်တာပါ။
မေး ။ ။ ဘားအံဆေးရုံမှာ အောက်ဆီဂျင် လုံလောက် မှုရှိရဲ့လားဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ အောက်ဆီဂျင်ကတော့ လောလောဆယ် အချိန်ထိ ဆေးရုံပေါ်က လူနာတွေအတွက် ပြတ်လပ် တယ်ဆိုတဲ့အဆင့်ထိ မရောက်သေးပါဘူး။ အရင် ကတည်းက အောက်ဆီဂျင်စက်အကြီးကြီးတစ်လုံး ရှိတယ်။ ပြီးတော့ ဝိသာခါဖောင်ဒေးရှင်းကနေပြီး တော့ အလှူငွေ မတည်ပြီးတော့ နိုင်ငံတော်ဘဏ္ဍာနဲ့ ပေါင်းပြီး သိန်းတစ်ထောင့်ငါးရာခန့် တန်ဖိုးရှိတဲ့ အောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်ကြီးတစ်လုံးကို ဧပြီလကုန်လောက်မှာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဒီတတိယလှိုင်းအမီကို ပြီးသွားတယ်ဆိုတော့ အဲဒီ ကနေပြီးပိုက်လိုင်းတွေနဲ့ ကိုဗစ်အသည်းအသန် အဆောင်တွေကို ဖြန့်ပေးနိုင်တယ်။ အောက်ဆီဂျင် လိုအပ်ချက်က ရိုးရိုးရောဂါမှာ လိုအပ်တာနဲ့မတူဘူး။ သွေးက အောက်ဆီဂျင်သယ်တဲ့စနစ်ကို ပျက်သွား တာဖြစ်တဲ့အတွက်ကြောင့်မို့ အဆုတ်မကောင်းလို့ သေတာတင် မကဘူး၊ ကိုဗစ်ရဲ့သဘာဝက သွေးအဖွဲ့ အစည်းကိုပါ ဖျက်ဆီးလိုက်တာ။ သွေးနီဥက အောက်ဆီဂျင်သယ်တယ်။ သွေးနီဥကို အောက်ဆီဂျင် သယ်လို့မရအောင်ကပ်ပြီးတော့ အောက်ဆီဂျင် သယ်တဲ့စနစ်ကို ဖျက်လိုက်တော့ သွေးသာရှိတယ်၊ အောက်ဆီဂျင်မသယ်တော့လို့ပုံမှန် ၉၆၊ ၉၈ ရှိရမယ့် နေရာမှာ ၈၀ ၊ ၆၀၊ ၄၀ အဲဒီလိုမျိုး ချက်ချင်းထိုးကျပြီး ချက်ချင်း သေဆုံးသွားတာပါ။
အဲဒါကို ကာမိအောင် အောက်ဆီဂျင်ကို တအားမှုတ်ပြီးသွင်းရတာဖြစ်ပါတယ်။ အောက်ဆီဂျင် ကုန်ကျတာ အတော်များတယ်။ အခုထက်ထိတော့ ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်သေးဘူး။ ဒါပေမယ့် စိုးရိမ်ရတဲ့အနေအထားကိုတော့ ရောက်တော့ ရောက် လာပြီပေါ့နော်။ ဒီထက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင်တော့ စိတ်ပူရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီအောက်ဆီဂျင်စက်အပြင် အားကူထားရတဲ့စက်တွေလည်း ရှိသေးတယ်၊ အခု ထက်ထိတော့ အတော့်ကို ကျားကန်ထားရတယ်။ ခံနိုင်ဝန်ထက်တော့ နည်းနည်းလေးကျော်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
လက်ရှိ ဆရာဝန်၊ ဆရာမအင်အားကလည်း တော်တော်နည်းသွားပါတယ်၊ ဒီဆေးရုံမှာဆိုလျှင် ၉၇ ယောက်သော ကိုဗစ်လူနာများအတွက် ဆရာမနဲ့ အခြား သမားတော်က နှစ်ယောက်၊ သူနာပြု ဆရာမ ခုနစ်ယောက်က ခြောက်လလောက်ရှိပြီ။ နေ့ရော ညရော တစ်ရက်မှလည်း ပိတ်ရက်မရှိဘဲနဲ့ တောက်လျှောက်ကုသပေးနေရတယ်။ ဟိုဘက်လ တွေတုန်းကတော့ ကိုဗစ်လူနာ သိပ်မများတော့ အဆင်ပြေပါသေးတယ်၊ ဒီတစ်လနှစ်လအတွင်းမှာ တော့ ကိုဗစ်လူနာ အင်မတန်များလာတော့ ပိုပြီးပင်ပန်းလာကြတယ်။ ကြိုးစားပြီးတော့ လုပ်ပေး နေကြရပါတယ်။ ဒီလောက်နဲ့ပဲ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်၊ စိုးရိမ်ရတဲ့အနေအထားကိုတော့ ရောက်နေပြီပေါ့နော်။
မေး ။ ။ ကိုဗစ်ကာလမှာ ကုသမှုနဲ့ ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ကုသမှုနဲ့ ပတ်သက်လို့ အခုချိန်ထိ အောက်ဆီဂျင်လည်း ရုပ်ပျက်ဆင်းပျက် တော့ မဖြစ်သေးဘူး၊ ဘယ်လောက်အထိ တင်းခံနိုင် မလဲတော့ ပြောလို့မရသေးဘူး။ ဒီထက်ပြိုဆင်းလာ ရင်တော့ အောက်ဆီဂျင် လိုအပ်ချက်ရှိလာမှုတွေ ရှိလာနိုင်ပါတယ်။ မိဘပြည်သူအားလုံးအနေနဲ့ ဒီကပ်ရောဂါက ဆရာဝန်၊ ဆရာမတွေနဲ့ ဆိုင်တဲ့ ရောဂါ မဟုတ်ဘူး။ လူသားအားလုံးနဲ့ဆိုင်တဲ့ရောဂါ။ ဒီကရင်ပြည်နယ်တစ်ခုလုံးနဲ့ဆိုင်တဲ့ ရောဂါဖြစ်တဲ့ အတွက်ကြောင့် အားလုံးကနေပြီးတော့ တစ်တပ် တစ်အား အာရုံစိုက် ဝိုင်းကူရမယ့်အချိန်လေးကို ရောက်လာပြီ။ ဆေးဝါးတွေအနေနဲ့က တော်တော် လေး အဖိုးတန်တဲ့ ကိုဗစ်ပိုးသတ်ဆေးတွေကိုလည်း အလွန်ဆိုးတဲ့သူတွေမှာပေးပါတယ်။ အဲဒါတွေကို လည်း ယနေ့ထိတော့ မတောင့်မတ ပေးနေနိုင် သေးတယ်။ ခုချိန်ထိတော့ အခြေအနေကောင်းနေပါ သေးတယ်၊
ဒါပေမယ့် ဝါယမစိုက်ရမယ့်အပိုင်းကိုတော့ ရောက်လာပြီပေါ့။ ပရဟိတသမားတွေလည်း အလွန်ကောင်းတယ်၊ သူတို့တွေမပါဘဲ မဖြစ်နိုင်ဘူး။ သေဆုံးတဲ့လူနာဆိုလည်း အကုန် သင်္ဂြိုဟ်ပေးတယ်။ လူနာသယ်တာ၊ ပို့တာတွေ အကုန်လုံးကို ဝိုင်းကူကြ တယ်။ လိုလေသေးကို မရှိအောင်ပါပဲ။ ကျွန်မအတော် ချီးကျူးမိပါတယ်၊ ပီတိလည်းဖြစ်ရတယ်၊ ဝမ်းလည်း သာရတယ်၊ ကျေးဇူးလည်း တင်မိပါတယ်။
အခုခါမှာ လူနာတွေက အလွန်ကိုများတယ်၊ ၁၃ ရက်နေ့ကဆိုရင် တစ်ရက်တည်းနဲ့ ပိုးရှိသူ အယောက် ၂၀ ထွက်တယ်၊ သေလုမျောပါးတွေက လည်းအများကြီးပဲ။ ကျွန်မတို့က ပြန်ရှင်လာနိုင် အောင် တော်တော်လေးကို လုပ်ရတယ်။ ရှင်အောင် လုပ်တဲ့ကြားထဲက ဇွန်လထဲမှာသုံးယောက်သေတယ်၊ ဇူလိုင်လမှာတော့ ရုတ်တရက် ဝုန်းခနဲ လူနာများ လာတယ်၊ ဒီကနေ့အထိ ၁၃ ယောက်လောက် လက်လွတ်လိုက်ရပြီးပြီပေါ့နော်၊ ဖြစ်တဲ့နှုန်းက လည်း ခုန်တက်လာတယ်၊ သေတဲ့နှုန်းကလည်း ခုန်တက်လာတယ်ပေါ့နော်၊ အထူးသတိထားရမယ့် ကိန်းဂဏန်းအခြေအနေကို ရောက်လာပါပြီ။ ကပ်ရောဂါရဲ့ အခြေအနေဟာ အဆင့်(၄) ထိရောက် ရှိနေပြီဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူအားလုံး ကလည်း အထူးဂရုစိုက်ပြီး တစ်ယောက်ချင်းက အလေးထားစေချင်ပါတယ်။ ယခုဖြစ်ပွားလျက်ရှိတဲ့ ကပ်ရောဂါဟာ ဆေးရုံတစ်ခုတည်းနဲ့ဆိုင်တာမဟုတ် ပါဘူး၊ လူသားအားလုံးနဲ့ဆိုင်တာဖြစ်တဲ့အတွက် ကြောင့် နည်းနည်းလေးတော့ သတိထားပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။