
နေပြည်တော် မတ် ၃၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခုခံကျ/ကာလသားရောဂါတိုက်ဖျက် ရေးစီမံချက်၊ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်၊
ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်များ၏ ၂၀၂၂ ခုနှစ် ဒုတိယ (၃) လပတ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက မြန်မာနိုင်ငံသည် မကူးစက်နိုင်သော ရောဂါများနှင့် ကူးစက်နိုင်သော ရောဂါများကို တစ်ပြိုင်နက် ရင်ဆိုင်တိုက်ဖျက် နေရတာဖြစ်ပါကြောင်း၊ ကူးစက် ရောဂါများထဲမှ အဓိကရောဂါကြီးသုံးမျိုးဖြစ်သည့် ခုခံကျ/ကာလသား၊ တီဘီ၊ ငှက်ဖျားရောဂါများကို ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် National Stategic Plan၊ Monitor and Evaluation Plan များ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါကြောင်း။
၆၂ ရာခိုင်နှုန်းကျဆင်း
ငှက်ဖျားရောဂါအတွက် အမြန်သွေးစစ်ကိရိယာ (RDT) ဖြင့် စစ်ဆေးခြင်း၊ Malaria Case-based Reporting Application ဖြင့် သတင်းပို့ခြင်း၊ ငှက်ဖျားရောဂါကုဆေးပေါင်းဖြင့် ကုသခြင်းများကို စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ၇၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ငှက်ဖျား ရောဂါ သေဆုံးမှုနှုန်း ၆၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ ကြောင်း။
တီဘီအတွက်လည်း End-TB Strategy ကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခြင်း၊ ပြည်သူလူထု အတွင်း လူနာသစ်များ သွားရောက်ရှာဖွေခြင်း၊ ဆေးယဉ်ပါးတီဘီရောဂါ (MDR-TB) ရှာဖွေစစ်ဆေး ကုသပေးခြင်း၊ ကုသမှုအတွက် စင်တာများ တိုးမြှင့် ဖွင့်လှစ်ခြင်းတို့ကြောင့် တီဘီလူနာ ရှာဖွေတွေ့ရှိ နှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၂၆၇ ဦးနှင့် ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၇ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း တီဘီရောဂါ သည် ဦးစားပေးဖြေရှင်းဆောင်ရွက်ရမည့် ရောဂါ တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း။
ခုခံကျ/ကာလသားရောဂါ ကာကွယ်ကုသရေး မှာလည်း အိပ်ချ်အိုင်ဗွီပိုးရှိလူနာများ (PLHIV) အား အေအာတီဆေးရရှိရေး၊ တီဘီလူနာများတွင် အိပ်ချ်အိုင်ဗွီရောဂါစစ်ဆေးရေး၊ အိပ်ချ်အိုင်ဗွီ လူနာများတွင် တီဘီ ရှိ၊ မရှိ စစ်ဆေးရေးနှင့် မိခင်မှ ကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ် အိပ်ချ်အိုင်ဗွီအသစ် ဖြစ်ပွားမှုသည် ၂၀၀၀ ပြည့် နှစ်တွင် ၂၉၀၀၀ ခန့်ရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀၀၀၀ ခန့် ကျဆင်းလာခဲ့ပါကြောင်း၊ Test and Treat Strategy ကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သောကြောင့် ၂၀၁၉ ခုနှစ်အကုန်တွင် အိပ်ချ်အိုင်ဗွီပိုးရှိလူနာများ၏ ၇၇ ရာခိုင်နှုန်း ကုသမှုရရှိလာခဲ့ပါကြောင်း၊ Global Fund ၏ အထောက်အပံ့ကြောင့် ခုခံကျ/ကာလသား၊ တီဘီ၊ ငှက်ဖျား ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်ပါ ကြောင်း။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံ များ နည်းအတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်းလုပ်ငန်းများကို ပြည်သူလူထုနှင့်အတူ
ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေရဆဲဖြစ်ပါကြောင်း၊ သို့သော်လည်း ခုခံကျ/ကာလသား၊ တီဘီ၊ ငှက်ဖျား ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း အရှိန် အဟုန်လျော့ကျမသွားအောင် ကြိုးစားဆောင်ရွက် ပေးကြရန် လိုအပ်နေပါကြောင်း။
ယနေ့ တက်ရောက်လာကြသူများအားလုံး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လိုအပ်ချက် များအပေါ် အခြေခံပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲပေးကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူပြည်သားများ အားလုံး ပူးပေါင်းလက်တွဲပြီး လူတိုင်းလက်လှမ်း မီသော အခြေခံကျန်းမာရေးစောင့်ရှောက်မှု (UHC) ရရှိစေရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် မျှော်မှန်းထားသည့် ကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်များ ရရှိအောင်မြင် ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးကြရန် ပြောကြား သည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဌာန၏ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခုခံကျ/ ကာလသား/ တီဘီ/ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်များမှ တာဝန်ရှိသူများ၊ WHO နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၅ ဦးခန့် တက်ရောက်ကြသည်။ ဖွင့်ပွဲ အခမ်းအနားပြီးနောက် “Preparation Meeting of Quarterly Workplan for Q2 2022 (HIV, TB, Malaria)” အစည်းအဝေးကို ဆက်လက်ကျင်းပပြီး လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်းကို သက်ဆိုင်ရာ စီမံချက်များအလိုက် နေပြည်တော်၌ နှစ်ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်