
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့်နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ကို ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာလာ သောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများအရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းများ
၁။ ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
၂။ အပြင်ထွက်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့မိစေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ကိုပါလုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားပါ။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ပါ။ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်းထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကိုတပ်ဆင်ပါ။
၃။ အဝတ်ကင်းလွတ်နေသော လက်၊ လည်ပင်းနှင့် ပခုံးစသည့်နေရာများကို သနပ်ခါးထူထူ(သို့မဟုတ်)SPF ၁၅+ ပါဝင်သောနေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅)မိနစ်ခန့်ကြိုလိမ်းပါ။ နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး (၂)နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးပါ။
၄။ ကလေးငယ်များနှင့်သက်ကြီးဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်ပါသည်။ အသက်တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုပါနှင့်၊ ကလေးများကို အရိပ်ထဲတွင်သာ ကစားစေပါ။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ