
နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် အုပ်စုခေါင်းဆောင်ဆို သူများသည် သူတို့ကိုယ်သူတို့ အစိုးရလုပ်တန်းကစားသော ကြေညာ ချက်များ ထုတ်ပြန်ခြင်းကို အင်္ဂလိပ်အက္ခရာ သုံးလုံး၊ လေးလုံးပါသည့် ဖြစ်သလို အမည်များဖြင့် online ပေါ်တွင် ကျယ်ကျယ်လောင်လောင် ပြုလုပ်လာကြသော်လည်း တကယ့်အစိုးရစစ်စစ်တစ်ရပ် မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရေးစသည့် ပြည်သူ့ရေးရာ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်းလုံးဝမရှိဘဲ အလှူငွေ လိမ်ညာ ကောက်ခံခြင်း လုပ်ငန်းတစ်ခုတည်းကိုသာ ၎င်းတို့ပြည်ပတွင် ဖူလုံစွာ အခြေချနိုင်ရန် ရည်သန်ကာ တစိုက်မတ်မတ် ပြုလုပ်နေကြသဖြင့် ၎င်းတို့အာဘော်များကို အများပြည်သူစိတ်ဝင်စားမှု နည်းပါးနေသော ကြောင့် လည်းကောင်း၊ လျှပ်စစ်မီတာခ၊ အခြားအခွန်အခများ ပေးဆောင်ခြင်း မပြုရန် ခြိမ်းခြောက်နေသည့်ကြားမှ ကံငါးပါးကို လေးစားစောင့်ထိန်းသော လုပ်သားပြည်သူများသည် ၎င်းတို့ပြောသလို လိုက်မလုပ်ကြသည်ကို မကျေမချမ်း ဖြစ်လာသောကြောင့် လည်းကောင်း အများပြည်သူအပေါ်တွင် အငြိုးအာဃာတဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများကို လုပ်ကိုင်လာနေလျက်ရှိပါသည်။
စက်တင်ဘာ ၇ရက်နေ့ကလည်း အဆိုပါ အင်္ဂလိပ်အက္ခရာသုံးလုံး၊ လေးလုံး အမည်များ ပေါက်ပန်းဈေးလျှောက်တပ်ကာ မှည့်ခေါ်ထား သည့် CRPH, NUG, PDF စသည် စသည် အမည်ခံအဖွဲ့များက ခေါင်းဆောင်ဆိုသူက တိုက်ပွဲစတင်သောနေ့ဖြစ်ကြောင်း တတ် သလောက် မှတ်သလောက် ဗီဒီယိုရိုက်ကာ ခြောက်လှန့်ထုတ်လွှင့်ခဲ့သော်လည်း အများပြည်သူတို့သည် မိမိတို့ နိစ္စဓူ၀ သွားလာလှုပ်ရှား ရောင်းဝယ်ဖောက်ကားပြုလုပ်နေခြင်းများ အနေအစားမပျက် ဆောင်ရွက်နေခြင်း၊ ခါကြီးရက်ကြီးများတွင် ဘုရားကျောင်းကန်များ၌ ကြက်ပျံမကျစည်ကားနေခြင်း၊ မိသားစု အားလပ်ရက်များတွင် အပန်း ဖြေစခန်းများ နေရာပြည့်ခရီးထွက်ခြင်းများကို ကြားသိလာရသည့် အလျောက် ထိုဆန့်ကျင်ဘက်အဖွဲ့များသည် ပြည်သူတို့၏ ပုံမှန်ဘ၀ လည်ပတ်နေရပါ့မလားဟု ဆောက်တည်ရာမရဖြစ်ကာ အများပြည်သူ အပေါ်တိုက်ခိုက်မှုများတိုးမြှင့်ရန် ကြိုးစားလာကြပြန်ပါသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း ၁၀နာရီ ၁၅ မိနစ်ခန့် တွင် မိမိတို့ကုမ္ပဏီမှ အများပြည်သူ သယ်ယူပို့ဆောင်ရေးဆောင်ရွက် ပေးနေသော ယာဉ်အမှတ် YGN 4P/1236 သည် ပုံမှန် တနင်္ဂနွေတစ် ရက်အတိုင်း ပြေးဆွဲလျက်ရှိပြီး မြို့နေပြည်သူလူထု မိသားစုဦးရေ ၉၀ခန့် ကြောင့်ကြမဲ့စီးနင်းလိုက်ပါနေရာမှ ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်အဝေးပြေးမှတ်တိုင်အရောက်တွင် အထက်က ဖော်ပြခဲ့ သော အမည်အက္ခရာ သုံးလုံး၊ လေးလုံးအဖွဲ့၏ ကြေညာချက်ပါ ညွှန် ကြားထားသည့်အတိုင်း ဆောင်ရွက်နေကြောင်း မသင်္ကာဖွယ်တွေ့ ရှိရသည့် လူတစ်ဦး၏ အပြုအမူနှင့် ပြောဆိုပုံများသည် အဖျက်သမား တစ်ယောက်၏ ပြောဆိုလုပ်ကိုင်ပုံ ဖြစ်နေသည်ကို ကြားသိရသော ကုမ္ပဏီဝန်ထမ်းယာဉ်မောင်းသည် အဆိုပါအဖျက်သမားက မီးလောင် ဗုံးတစ်ခု ပေါက်ကွဲအောင်ကြိုးစားချိန်အမီ ၎င်းသတ်ဖြတ်ရန် ပစ်မှတ် ထားခံရသော ခရီးသည် ၉၀ကျော်လုံးကို ကားပေါ် မှ ဘေးလွတ်ရာသို့ အမြန်ထွက်ခွာစေရန် ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနိုင်သောကြောင့် ခရီးသည်အားလုံး (လုံး၀) ထိခိုက်ခြင်းမရှိဘဲ မီးလောင်ဗုံးပေါက်ကွဲချိန် တွင် ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီးဖြစ်နေခဲ့ပါသည်။
အထက်ပါဖြစ်စဉ်တွင် အစိုးရကို ဆန့်ကျင်ပါသည်ဟု ခေါင်းစဉ် တပ်ထားသော အဖွဲ့အစည်းများသည် အမှန်တကယ်တွင် အခြေခံ လူတန်းစားပြည်သူများ နေ့စဉ်မဖြစ်မနေ သွားလာရေးအတွက် အားထားနေရသော ယာဉ်လမ်းကြောင်းကို လူစီးအများဆုံးအချိန် ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ အစိုးရနှင့်စိုးစဉ်းမျှ မပတ်သက်သော ပြည်သူများ သေကျေဒဏ်ရာရခြင်းကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့် ပိန်ဖျင်းသေးသိမ် ယုတ်မာသောလုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ပါသည်။
အန္တရာယ်ကြုံလာလျှင် ကုမ္ပဏီပိုင်ပစ္စည်းဖြစ်သောယာဉ်ကို အလေးမထားဘဲ ခရီးသွားပြည်သူများ၏ လုံခြုံရေးကိုသာ အစဉ် ဦးစားပေးရမည်ဟူသော မိမိတို့မူနှင့်အညီ စွမ်းစွမ်းတမံဆောင်ရွက်သွားခဲ့သော ယာဉ်မောင်းကို အထူးဂုဏ်ပြုမှတ်တမ်းတင်ပြီး အခင်း ဖြစ်ရာသို့ အမြန်ဆုံးရောက်ရှိ တာဝန်ကျေပွန်ကြသော လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအားလည်း လေးစားကျေးဇူး တင်မိပါသည်။
အဖျက်သမားများ၏ ပြည်သူသို့ ခြိမ်းခြောက်ခြင်းများ မည်သို့ပင် ပြုလုပ်စေကာမူ မိမိကုမ္ပဏီမှ ဝန်ဆောင်မှုပေးလျက်ရှိသော ယာဉ်အစီး ၅၀၀ ခန့်စလုံးကို ပုံမှန်မပျက် အကောင်းမွန်ဆုံး ဝန်ဆောင်မှု၊ အမြင့် မားဆုံး လုံခြုံမှုအသိ သတိတို့ဖြင့် ဝါယမစိုက်ထုတ်ကာ ဆက်လက် ဆောင်ရွက်နေမည်ဖြစ်ကြောင်း တည်ကြည်စွာ ထပ်လောင်းအသိပေး အပ်ပါသည်။