ခရီးသွားပွင့်လင်းရာသီအစတွင် တန်ဆောင်တိုင်ပွဲတော်နှင့် ဘုရားဖူးခရီးစဉ်များအတွက် ခရီးသွားများပြင်ဆင်

 

ရန်ကုန်   နိုဝင်ဘာ  ၄
၂၀၂၂  ခုနှစ် ပွင့်လင်းရာသီ ခရီးသွားရာသီသို့ စတင် ဝင်ရောက်လာချိန်၌  ရန်ကုန်မြို့နှင့် အခြားမြို့ကြီး များမှ ခရီးသွားများအနေဖြင့် ပြင်ဦးလွင်နှင့် လားရှိုး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အပါအဝင်  ဘုရားဖူး ခရီးစဉ်၊ အပန်းဖြေခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင် နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော        ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ သိရသည်။
“လားရှိုးမီးပုံးပျံပွဲထက် ပြင်ဦးလွင်မီးပုံးပျံပွဲကို ခရီးသွားတွေ    စိတ်ဝင်စားကြတယ်။   ပုပ္ပါး၊    ပုဂံ၊  မန္တလေး၊  အင်းလေး၊    ပင်းတယခရီးစဉ်ကိုလည်း စိတ်ဝင်စားကြတယ်။ အပန်းဖြေခရီးဆိုရင်  ချောင်းသာ၊ ငွေဆောင်၊   ငပလီသွားမယ့်သူလည်း   များတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဖူးတဲ့ခရီးစဉ်လည်း သွားကြတာများတယ်။ ခရီးသွားတွေကို မှန်လုံယာဉ်နဲ့ ပို့ပေးပြီး    ထမင်းကျွေးတယ်။    ဟိုတယ်တည်းခိုဖို့ အတွက်လည်း စီစဉ်ပေးတယ်။ တန်ဆောင်တိုင်ပွဲတော် ကနေ နှစ်သစ်ကူးအထိ ဆက်တိုက်ခရီးသွားဝန်ဆောင်မှု ရှိနေပါတယ်။        ကျိုက်ထီးရိုးခရီးစဉ်ကိုလည်း တောင်တက်ခရီးစဉ်နဲ့ တည်းခိုမှုအခမဲ့၊  စတုဒိသာ အကျွေးအမွေးတွေ   ရှိတာကြောင့်      ထူးခြားတဲ့ ဝန်ဆောင်မှုနဲ့အတူ   ဘုရားဖူးတွေ  သွားကြမှာပါ။ ပွင့်လင်းရာသီမှာ ကနဦး ပြည်တွင်းခရီးသွားတွေများ ပြီး  နောက်ပိုင်း  နိုင်ငံခြားခရီးသွားတွေ ဝင်ရောက် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလဆန်းပိုင်းမှာ    ခရီးသွားလက်မှတ်ဝယ်ယူမှု  များနေပါတယ်”  ဟု မြန်မာနိုင်ငံ           ပြည်တွင်းဘုရားဖူးများအသင်း   ဒုတိယဥက္ကဋ္ဌ    ဦးမောင်မောင်အေးက ပြောသည်။
မြန်မာနိုင်ငံ၌        နှစ်စဉ်ပြည်တွင်းခရီးသွား ရှစ်သန်းခန့် ခရီးသွားလာလျက်ရှိပြီး ခရီးသွားအများဆုံး ဝင်ရောက်သောနေရာမှာ ကျိုက်ထီးရိုးစေတီတော်ဖြစ်၍ ဒုတိယအများဆုံးမှာ ပုဂံယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။ အောက်တိုဘာလ  သီတင်းကျွတ်ပွဲတော်မှ   ဧပြီလ သင်္ကြန်ကာလအထိ    မြန်မာနိုင်ငံ၌    ပွဲတော်ရက် အရှည်ဆုံး၊  ဘုရားဖူးဝင်ရောက်မှု  အများဆုံးနှင့် အစည်ကားဆုံးနေရာမှာ ကျိုက်ထီးရိုးစေတီတော်မြတ် ဖြစ်ပြီး   ၂၀၁၈-၂၀၁၉  စာရင်းအရ   ကျိုက်ထီးရိုးသို့ ပြည်တွင်းခရီးသွား     သုံးသန်းခန့်   ဝင်ရောက်ခဲ့သည်။
ပြည်တွင်းခရီးသွားလာမှုတွင် ၂၀၁၉ ခုနှစ်အထိ သီတင်းကျွတ်၊ တန်ဆောင်တိုင် နှစ်သစ်ကူးပွဲတော် အပါအဝင်   သင်္ကြန်ကာလအထိ    ခရီးသွားများဖြင့် စည်ကားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကပ်ရောဂါ ကြောင့် ခရီးသွားလာမှုရပ်နားခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်က ခရီးသွားကဏ္ဍကို ပြန်လည်ဖွင့်လှစ်ခဲ့၍ ပွင့်လင်းရာသီမတိုင်မီမှစပြီး ခရီးသွားများ စည်ကား ခဲ့သည်။   ယခုနှစ်  ဩဂုတ်လအတွင်း    တောင်ပြုံးပွဲ၊ စက်တင်ဘာလတွင် အဘအောင်မင်းခေါင်ထွက်ပွဲနှင့် ပုပ္ပါးတောင်ဘုရားဖူးတို့ဖြင့် အထူးစည်ကားခဲ့ပြီး အောက်တိုဘာလတွင်  ပုဂံ၊ ညောင်ဦး၊ တောင်ကြီး၊ မော်လမြိုင် (ကျိုက်ခမီ)၊ ငွေဆောင်၊  ချောင်းသာတို့၌ ခရီးသွားများ     တစ်ဖွဲဖွဲဝင်ရောက်ခဲ့ကာ     ယခု နိုဝင်ဘာလတွင်လည်း  ဘုရားဖူးခရီးစဉ်နှင့် အပန်းဖြေ ခရီးစဉ်တို့အတွက် ခရီးသွားလက်မှတ်များကို ကြိုတင် ဝယ်ယူနေကြကြောင်း သိရသည်။ 
ညိမ်းသူ (သတင်းစဉ်)