
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၁ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်အမှာစကား
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ ကမ္ဘာတစ်ဝန်းရှိ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံများမှာ ကျင်းပကြကြောင်း သိရှိရပါတယ်။ ဒီလိုကျင်းပရတဲ့ရည်ရွယ်ချက်က စီးပွားရေးဆိုင်ရာအကျိုးရှိမှု၊ ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေး နိုင်မှု၊ သဘာဝအရင်းအမြစ်များ၊ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်မှု၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်နိုင်မှု၊ ပြည်သူလူထုအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနဲ့ အပြန် အလှန်နားလည်ရေး တည်ဆောက်နိုင်မှု စတဲ့ ခရီးသွားလုပ်ငန်းရဲ့ အရေးပါတဲ့ အကျိုးသက်ရောက်မှု တွေကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်စေဖို့ဖြစ်တယ်လို့ သိရှိရပါတယ်။
ခရီးသွားလုပ်ငန်းဟာ ၎င်းနဲ့တိုက်ရိုက်ပတ်သက် တဲ့ အလုပ်အကိုင်များဖြစ်တဲ့ ဟိုတယ်များ၊ ခရီးသွား လုပ်ငန်းအေဂျင်စီများ၊ ခရီးလှည့်လည်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီများ၊ လေကြောင်းလိုင်းများနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင် ဆောက်လုပ် ရေးလုပ်ငန်းများ၊ အင်ဂျင်နီယာလုပ်ငန်းများ၊ ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ အစားအသောက်နဲ့ သစ်သီးဝလံ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း အကျိုးအမြတ် များ ရရှိခံစားစေတာကို သတိပြုမိဖို့လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အလုံးစုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အထောက်အကူပြုတဲ့နေရာမှာ ခရီးသွားလုပ်ငန်း ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပြီး အလုပ် အကိုင်နဲ့အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် စီးပွားရေးဆိုင်ရာ မညီမျှမှုများကို လျော့နည်းစေနိုင် တယ်လို့လည်း ပြောနိုင်ပါတယ်။ ယခုနှစ် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို “ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင် ပေး” (Tourism for Inclusive Growth) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပကြမှာဖြစ်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံများမှာ ရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ကဏ္ဍအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေတယ်ဆိုတာ ပိုမို သိရှိကြစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က အရှိန်အဟုန် ကောင်းစွာနဲ့ တိုးတက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းတာတွေ၊ နိုင်ငံတကာ လေကြောင်းလိုင်းတွေရပ်ဆိုင်းတာတွေ၊ ခရီးသွား လာခွင့် ထိန်းချုပ်တာတွေကို လုပ်ဆောင်ခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာပြည်ဝင်ခရီးစဉ်များ လုံးဝရပ်ဆိုင်းသွား ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံတကာမှာ ဖြစ်ပေါ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး အပြည့်အဝ ပြန်လည်နာလန်ထူဖို့ ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန် ထားတဲ့ စာရင်းဇယားများအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လမှ မေလအထိ ကမ္ဘာတစ်ဝန်း နိုင်ငံတကာ ခရီးသည်ရောက်ရှိမှုဟာ ၂၀၁၉ ခုနှစ် အလားတူ ကာလ ရောက်ရှိမှုနဲ့ နှိုင်းယှဉ်ရင် ၈၅ ရာခိုင်နှုန်း ကျဆင်းသွားတာကို တွေ့ရှိရပါတယ်။ အရေအတွက် အားဖြင့် သန်း ၄၆၀ လျော့နည်းသွားခြင်းဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းသမိုင်းမှာ အဆိုးရွား ဆုံး ကျဆင်းမှုဖြစ်ပါတယ်။
အာရှ- ပစိဖိတ်ဒေသကိုကြည့်ရင်၂၀၂၁ ခုနှစ်၊ ပထမ (၅)လအတွင်း နိုင်ငံတကာခရီးသည်ရောက်ရှိ မှုဟာ ၂၀၁၉ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၉၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။ ဥရောပဒေသက ၈၅ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်း ဒေသက ၈၃ ရာခိုင်နှုန်း၊ အာဖရိကဒေသက ၈၁ ရာခိုင်နှုန်းနဲ့ အမေရိကဒေသက ၇၂ ရာခိုင်နှုန်း အသီးသီး လျော့နည်းကျဆင်းသွားကြောင်း တွေ့ရှိ ရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ (Sustainable Development Goals) ထဲမှ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ကျား/မတန်းတူညီမျှမှု၊ ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စတဲ့ ရည်မှန်းချက်တွေကို အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ဖြည့်ဆည်းပံ့ပိုးပေးခဲ့တဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ယခုအချိန်မှာ ဒီလိုအခြေအနေမျိုးတွေကြောင့် မအောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေကြရ ပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းပြန်လည် စတင်နိုင်ဖို့နဲ့ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာဖို့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနဲ့ ကမ္ဘာ့နိုင်ငံများကလည်း အထူးဂရုစိုက်ကြိုးစားဆောင်ရွက်လျက်ရှိနေကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ခရီးသွားလုပ်ငန်းများ မကြာခင်မှာ ပြန်လည်စတင်နိုင်ဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်း များနဲ့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ဖို့ ပြည်တွင်းပြည်ပ ခရီးသွားများရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ရေးဟာ အရေးပါတဲ့အတွက် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းမှာ ဝန်ဆောင်မှုပေး နေကြသူများကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ရေးဆိုင်ရာ အသိပညာပေးသင်တန်းများ ပို့ချပေး နေသလို၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ အမှတ်တရပစ္စည်းအရောင်း ဆိုင်များ၊ ပို့ဆောင်ရေးလုပ်ငန်းများကိုပါ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးစံနှုန်းများ၊ လမ်းညွှန်ချက် များနဲ့ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး ဘေးအန္တရာယ် ကင်းရှင်းသော ဝန်ဆောင်မှုအဖြစ် သတ်မှတ်တဲ့ (Health and Safety Protocol) အသိအမှတ်ပြု လက်မှတ်များကို ဒေသတွင်းအဆင့်၊ အမျိုးသား အဆင့်နဲ့ နိုင်ငံတကာအဆင့် သတ်မှတ်ပေးသွားဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားဆက်စပ်ဝန်ကြီး ဌာနများရဲ့ ပံ့ပိုးကူညီမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားများရဲ့ ရွေးချယ်မှုများဟာ ပြောင်းလဲသွားပြီဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး သီးခြားသွားရောက် ရတဲ့ ခရီးစဉ်များကို ပိုမိုရွေးချယ်လာကြမှာ ဖြစ်ပါ တယ်။ လူနေထူထပ်များပြားတဲ့ မြို့ပြဒေသတွေ၊ နေရာတွေအစား လူနေထူထပ်မှုမရှိဘဲ လွတ်လပ်စွာ သွားလာလည်ပတ်လို့ရမယ့် Nature Based Tourism ၊ Ecotourism ၊ Agri-tourism ၊ Marine Tourism ၊ Rural Tourism စတဲ့ခရီးစဉ်တွေကို ပိုမိုစိတ်ဝင်စား လည်ပတ်လာကြပါတယ်။
မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်း သားလူမျိုး(၁၃၅)မျိုးရှိပြီး တိုင်းရင်းသားလူမျိုးစု တိုင်းမှာ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ ရိုးရာပွဲတော်တွေနဲ့ ဒေသထွက်ပစ္စည်းများ၊ အစားအသောက်များ စတဲ့ အလွန်စိတ်ဝင်စားစရာတွေကို ပိုင်ဆိုင်ထားကြပါ တယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှု များကို ဖော်ထုတ်ပေးဖို့၊ ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စတဲ့ရည်ရွယ် ချက်တွေနဲ့ ဆောင်ရွက်နေတဲ့ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) ကိုလည်း အထူးအလေးထားပြီး ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြ စေလိုပါတယ်။
မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ လွန်စွာ လှပတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝ အလှများဟာ ခရီးသွားဧည့်သည်တွေအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ဖျားဒေသတွေမှာ နှင်းဖုံးတဲ့ တောင်တန်းတွေရှိသလို တောင်ဘက်စွန်းဒေသ တွေမှာ ပင်လယ်ကမ်းခြေ အလှအပတွေ ကျွန်းစု တွေနဲ့ အလှအပပေါင်းစုံကို ခံစားရှုမြင်နိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်းက မြိတ်ကျွန်းစု ဒေသမှာလည်း ထူးခြားလှပတဲ့ ကမ်းခြေတွေရှိတဲ့ ကျွန်းတွေ၊ ရေအောက်သယံဇာတတွေနဲ့ အလှ အပတွေ၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာရှိတဲ့ ကမ်းခြေဒေသတွေဟာလည်း ပြည်တွင်း/ ပြည်ပ ခရီးသွားတွေအတွက် ရွေးချယ်စရာနေရာတွေ ဖြစ်ပါတယ်။
ဒီလိုသဘာဝခရီးစဉ်တွေအပြင် အပျော်စီးမီးရထား ခရီးစဉ်တွေ၊ မြစ်အတွင်းသင်္ဘော ခရီးစဉ်တွေ၊ တောတွင်းခရီးကြမ်း လမ်းလျှောက်တာတွေ၊ တောင်တက်ခရီးစဉ်တွေ စတဲ့ပြည်တွင်း ပြည်ပခရီး သွားတွေအတွက် ခရီးစဉ်အသစ်တွေ၊ ခရီးသွားမှု ပုံစံအသစ်တွေကို တီထွင်ကြံဆဖန်တီးဆောင်ရွက် သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖို့ အဘက်ဘက် က ကြိုးစားဆောင်ရွက်နေသလို တစ်ဖက်ကလည်း ခရီးသွားလုပ်ငန်းကရရှိလာမယ့် အကျိုးအမြတ်တွေ ကို ခရီးသွားလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နယ်ပယ်အသီးသီးက ပြည်သူများကလည်း အချိုး ညီမျှစွာရရှိစေရေးဟာလည်း အလွန်အရေးပါ ပါတယ်။
ခရီးသွားလုပ်ငန်းဟာ ကျွမ်းကျင်မှုနဲ့ အတွေ့ အကြုံမတူညီတဲ့ လုပ်သားများအတွက် အလုပ် အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနိုင်တာကြောင့် လူမှုရေးအရ ပိုမိုပေါင်းစည်းမှုကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို သတိပြု ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍ ပြန်လည်ရှင်သန်ဦးမော့လာ စေရေးအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျရေးဟာ အလွန်အရေးကြီးပါတယ်။ လူ တစ်ဦးချင်းစီရဲ့ အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းဆောင်ရွက် မှု၊ တာဝန်ရှိအဖွဲ့အစည်း အသိုက်အဝန်းအားလုံးက ကြပ်မတ်၊ ကူညီ၊ ပံ့ပိုးဆောင်ရွက်ပေးမှုများဟာ ခရီးသွားကဏ္ဍ အမြန်ရှင်သန်ရေးအတွက် အထောက် အကူပြုစေမှာပါ။ အားလုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်း၊ အားလုံးအတွက် အကျိုးပြုတဲ့လုပ်ငန်းဖြစ်လို့ အလေးထားစေလိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနဲ့အညီ ဌာနဆိုင်ရာများဘက်ကရော၊ ပုဂ္ဂလိက လုပ်ငန်းရှင် များဘက်ကပါ ဘက်စုံ ဟန်ချက်ညီညီ အကောင် အထည်ဖော် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒီအချက် ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များနဲ့ ခရီးသွားလုပ်ငန်း ဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များကလည်း အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ခရီးသွားလုပ်ငန်းဟာ ကဏ္ဍများစွာနဲ့ ပတ်သက် ဆက်နွှယ်မှုရှိတဲ့အတွက် ပါဝင်လုပ်ကိုင်သူအားလုံး အတွက် အကျိုးအမြတ်ရှိစေမှာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကြောင့် နိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုသည်သာမက ကမ္ဘာ့နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝ အမွေအနှစ်များကိုလည်း ထိန်းသိမ်းရာ ရောက်တဲ့အတွက် နိုင်ငံတော်ရဲ့ ဦးစားပေးကဏ္ဍများ အနက်မှာ အရေးပါတဲ့ကဏ္ဍအနေနဲ့လည်း ပါဝင်ပါ တယ်။ နိဂုံးချုပ်အနေနဲ့ ယခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင် ပေး” (Tourism for Inclusive Growth) နဲ့ လျော်ညီ စွာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်းမှရရှိတဲ့ အခွင့် အလမ်းများနဲ့ အခြား လူမှုစီးပွားကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်နဲ့ ဒေသခံ ပြည်သူများအချိုးညီမျှစွာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစားနိုင်ကြစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။