
သင့်လျော်သည့်ဒေသများကို ဦးစားပေးအစီအစဉ်အလိုက် ရွေးချယ်ပြီး ပြည်တွင်းခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရန် အသင့်ပြင်ထားကြရမည်
---================================================================================================
နေပြည်တော် စက်တင်ဘာ ၂၇
၂၀၂၁ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ အမျိုးသားခရီးသွားဖွံ့ဖြိုးတိုးတက်ရေး
ဗဟိုကော်မတီဝင်များ၊ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ စကားဝိုင်းဆွေးနွေးပွဲကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် အမှာစကားရုပ်သံဗီဒီယိုကို ဖွင့်လှစ်ပြသ သည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် အမှာစကားကို စာမျက်နှာ - ၃ တွင် ဖော်ပြထားပါသည်။)
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် စက်တင်ဘာ ၂၇ ရက်သည် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရေးပါသော နေ့ထူး နေ့မြတ်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နှုတ်ခွန်းဆက်စကားပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
ဖန်တီးပေးနိုင်
လူသားများသည် ခရီးသွားခြင်းကို နှစ်သက် ကြပြီး ကမ္ဘာ့နေရာအနှံ့အပြားသို့ ရှာဖွေစူးစမ်းသွားလာလိုကြကြောင်း၊ ထို့ကြောင့် လူသားအားလုံးပျော်ရွှင် စိတ်ချမ်းမြေ့မှုရရှိခံစားနိုင်ရေးအတွက် ခရီးသွား လုပ်ငန်းကိုဖော်ဆောင်ကြရခြင်းဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းသည် လူသားတိုင်းအတွက် လူမှုစီးပွားအကျိုး များစွာကို ဖန်တီးပေးနိုင်သဖြင့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင် ပေး” (Tourism for Inclusive Growth)နှင့်များစွာ ကိုက်ညီမှုရှိသည်ဟု ပြောကြားလိုပါကြောင်း။
သို့သော် ယနေ့ကမ္ဘာနှင့်အဝှမ်း ကြုံတွေ့နေရ သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးအန္တရာယ်ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် အခြားသော စီးပွားရေးနယ်ပယ်အသီးသီးတွင် ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်နေကြသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင် ဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် အချိန် ကာလအားဖြင့် နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် အပြင် ဗီဇမျိုးကွဲများ များပြားလာပြီး ရောဂါကူးစက်မှု ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းနှင့် အချို့ သော ကမ္ဘာ့နိုင်ငံများတွင် စတုတ္ထလှိုင်းအထိ စတင် ကူးစက်ပျံ့နှံ့နေသည်ကိုလည်း သိရှိရပါကြောင်း။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်အထိ ကမ္ဘာ့ လူဦးရေသန်းပေါင်း ၂၃၂ သန်းကျော်သည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခြင်းကိုခံခဲ့ရကြောင်းနှင့် သေဆုံးမှု စုစုပေါင်းသည် ၄ ဒသမ ၇ သန်းကျော်ရှိပြီး ပြန်လည် ကောင်းမွန်သူ ၂၀၉ သန်းကျော်ဖြစ်သည်ကို သိရပါ ကြောင်း၊ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၆ ရက်တွင် ကူးစက်ခံရသူ ၁၅၃၄ ဦးရှိပြီး သေဆုံးသူ ၆၂ ဦးအပါ အဝင် ယနေ့အထိ တစ်နိုင်ငံလုံးတွင် လေးသိန်း ငါးသောင်းကျော်ရှိပြီး ဆေးရုံဆင်းသည့်အရေအတွက် သည် လေးသိန်းတစ်သောင်းကျော်နှင့် သေဆုံးသူ ၁၇၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း။
အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အပါ အဝင် နိုင်ငံတကာက ဆေးပညာရှင်များကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးနှင့် ထိရောက်သည့် ကာကွယ်ဆေးရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြသည် ကိုလည်း တွေ့ရပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေကြရခြင်းဖြစ် သည့်အတွက် ကပ်ရောဂါထိန်းချုပ်နိုင်မည့်အချိန်ကို မှန်းဆသိရှိနိုင်ရန်မလွယ်ကူသော်လည်း မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ် သော ကူးစက်မြန်ဒယ်လ်တာမျိုးကွဲ ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၆ ရက်အထိ ကူးစက်မှုနှုန်းသည် ၈ ဒသမ ၃၂ ရာခိုင်နှုန်းသာရှိတော့ သည်ကို တွေ့ရကြောင်း၊ ဆက်လက်၍ ငါးရာခိုင်နှုန်း အောက်ကျဆင်းရေး၊ ထိုမှတစ်ဆင့် ကူးစက်မှုလုံးဝ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
ကာကွယ်ဆေးထိုးနှံလျက်ရှိ
ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပြီးစီးရေး ရည်မှန်းချက်ထားပြီး ကာကွယ်ဆေးထိုးနှံလျက်ရှိသည့်အပြင် ပညာသင် အရွယ် ကျောင်းသား ကျောင်းသူများ စာသင်နှစ် တစ်နှစ် မထိခိုက်စေရေး၊ စာသင်ကျောင်းများ အမြန် ဖွင့်လှစ်နိုင်ရေးအတွက်လည်း အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ တစ်ဦးနှင့်တစ်ဦး Social Distancing ဖြင့် နေထိုင်ခြင်း၊ နှာခေါင်းစည်း(mask)၊ မျက်နှာအကာ (face shield) များကို စနစ်တကျတပ်ဆင်ခြင်းစသည့် ကိုဗစ်ရောဂါပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးဆိုင်ရာ(SOP) လိုက်နာစရာများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်နေပါကြောင်း၊ သို့မှသာ မြန်မာ နိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်လာ နိုင်ပြီး ခရီးသွားလုပ်ငန်းအပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း အမြန်ဆုံးပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။
ပြန်လည်စတင်လည်ပတ်နိုင်ရန်
ကပ်ရောဂါဘေးထိန်းချုပ်နိုင်သည်နှင့် တစ်ပြိုင် တည်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် လည်ပတ်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက အဆင်သင့် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိနေကြ သည်ကိုသိရှိရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာအကူ အညီများ ပံ့ပိုးပေးလျက်ရှိနေကြသည်ကိုလည်း တွေ့ရကြောင်း၊ အထူးသဖြင့် နိုင်ငံအသီးသီးက ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းပြန်လည် စတင်နိုင်ရေးအစီအစဉ်များကို ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ခရီးသွားလုပ်ငန်းပြန်လည် စတင်နိုင်ရေးလမ်းညွှန်ချက်များနှင့် အစီအမံများကို မှီငြမ်းကိုးကားနိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံစားနေရရုံသာမက လတ်တလော ဖြစ်ပွားနေသော အခြေအနေများကြောင့် အခြားသော နိုင်ငံများထက် ခရီးသွားလုပ်ငန်းပြန်လည်စတင် နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို နှစ်ဆ သုံးဆ ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများဟူသော အခန်းကဏ္ဍများအားလုံး ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ယန္တရားကြီး အရှိန်အဟုန်ဖြင့် အမြန်ဆုံးလည်ပတ်နိုင် မည်ဖြစ်ကြောင်း။
ထို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော ခရီးသွားလုပ်ငန်းကို ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ် နိုင်မှုနှင့် အချိန်ကိုက် အမြန်ဆုံးပြန်လည်စတင် ဆောင်ရွက်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြသူများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကိုဗစ် အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်ရာတွင်လည်း နိုင်ငံခြားခရီးသွားဧည့်သည် များအတွက် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည် စတင်နိုင်ရေးသည် မိမိတို့နိုင်ငံတစ်ခုတည်း အခြေ အနေဖြင့် ဆောင်ရွက်၍မရသည့်အတွက် ပြည်တွင်း ခရီးသွားလုပ်ငန်း (Domestic tourism)မှ စတင် ဆောင်ရွက်ရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များတွင် ဖော်ပြထားပြီးဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ပြည်တွင်းခရီးစဉ် များအတွက် သင့်လျော်သည့်ဒေသများကို ဦးစားပေး အစီအစဉ်အလိုက် ရွေးချယ်ပြီး ပြည်တွင်းခရီးသွား များအတွက် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ယခုမှစ၍ အသင့်ပြင်ထားကြရမည်ဖြစ်ကြောင်း။
ကြိုတင်ညှိနှိုင်း
ထို့ပြင် နိုင်ငံတကာလေကြောင်းလိုင်းများနှင့် နိုင်ငံတကာဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်နိုင်မှု အပေါ်မူတည်၍ Inbound tourism ပြန်လည်စတင် နိုင်ရေးအတွက် အဓိကကျသော ပြည်ဝင်ခွင့် Visa ဆိုင်ရာကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးကြောင်း သက်သေအထောက်အထား အပါအဝင် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် ကန့်သတ် ချက်များကို စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံ များအပါအဝင် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စိတ်ဝင်စားသည့်နိုင်ငံများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံခရီးစဉ်ဒေသများကို COVID Safe Destination အဖြစ် နိုင်ငံတကာခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် Marketing ၊ Promotion နှင့် Public Relations (PR) ကိစ္စရပ် များကို ထိထိရောက်ရောက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ထိုသို့ဆောင်ရွက်ရာတွင် Digital နည်းပညာကို အသုံးပြု၍ Marketing ၊ Promotion နှင့် PR ကိစ္စရပ်များကို ဆောင်ရွက်ခြင်းသည် မိမိပေးလိုသော သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေမည်ဖြစ်ပြီး Offline သို့မဟုတ် Physical/ In person နည်းဖြင့် ဆောင်ရွက်မှုသည်လည်း ထိရောက်မှုရှိသည့်အတွက် Online/Offline နှစ်မျိုး စလုံးကို အသုံးပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မြန် ဒယ်လ်တာရောဂါပိုးကူးစက်မှု ထိန်းချုပ်လာနိုင်သည်နှင့်အမျှ မြန်မာ့ခရီးသွား လုပ်ငန်းများ အမြန်ဆုံးအရှိန်အဟုန်ဖြင့် စတင် လည်ပတ်နိုင်ရေးအတွက် ကော်မတီဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တတ်သိ ပညာရှင်များနှင့် ဒေသခံများပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် Focal Ministry ဖြစ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က ရေးဆွဲထားသည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap- MTSRR 2021-2025)တွင် ပါဝင်သော လတ်တလော၊ ကာလလတ်နှင့် ကာလရှည် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်၍ ရနိုင်သမျှဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ယခု ၂၀၂၁ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး” ဟူသော ဆောင်ပုဒ်အတိုင်း ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် Secretary General Mr. Zurab Pololikashvili ၏ သတင်းစကားရုပ်သံဗီဒီယိုကို ပြသသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက နှုတ်ခွန်းဆက် စကားပြောကြားသည်။
မိတ်ဆက်တင်ပြ
ယင်းနောက် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အထင်ကရနေရာ များကို ၃၆၀ ဒီဂရီ Virtual Reality Tour ဖြင့် မိတ်ဆက်တင်ပြသည်။
ထို့နောက် ဒေါ်ကြည်ကြည်အေး၊ ဒေါက်တာ လူမွန်၊ ဦးဇော်ဖြိုးဝေ၊ ဦးမျိုးမင်းဇော်၊ ဦးနောင်နောင်လတ်နှင့် ဒေါ်ခိုင်မီမီထွန်းတို့က Tourism For Inclusive Growth; Rebuilding Resilient Tourism in Myanmar ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ကျေးဇူးတင်စကားပြော ကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရ သည်။
သတင်းစဉ်