
နေပြည်တော် နိုဝင်ဘာ ၄
မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့ အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အာဆီယံ-ကိုရီးယားစင်တာကို ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဈေးကွက်မြှင့်တင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက် ခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် နှစ်ကုန် ပိုင်းမှ စတင်၍ ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု အရှိန်အဟုန် မြင့်မားခဲ့ရာ ခရီးသွားလုပ်ငန်းအပါအဝင် တစ်ကမ္ဘာလုံး၏ လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်များ လည်း ကျဆင်းခဲ့သည်။
ကျင်းပ
ယခုအခါ ယင်းကပ်ရောဂါမှ ရုန်းထွက်၍ ပြန်လည်ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြရာ အိမ်ရှင် တောင်ကိုရီးယားနိုင်ငံသည် ကိုရီးယားယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့ အစည်း(OECD)နှင့် ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းတို့ ပူးပေါင်းစီစဉ်မှု ဖြင့် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ခရီးသွားလုပ်ငန်းစာရင်းဇယား၊ အသိ ပညာနှင့် မူဝါဒ ကမ္ဘာလုံးဆိုင်ရာဖိုရမ် ၂၀၂၁ (2021 Global Forum on Tourism Statistics, Knowledge and Policies) ကို ကျင်းပသည်။
တက်ရောက်
ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွား လုပ်ငန်းဝန်ကြီး Mr. Hee Hwang နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း(OECD)မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Mathias Cormann တို့ တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
ဖိုရမ်၏ပထမနေ့တွင် ပိုမိုခိုင်မာသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် ခရီးသွားလုပ်ငန်းကို မည်ကဲ့သို့ ပိုမို ကောင်းမွန်အောင် ပြင်ဆင်ကြမည်ကို ကိုဗစ်-၁၉ ကပ်ရောဂါမှ ရရှိခဲ့သော သင်ခန်းစာများကိုအခြေခံ၍ ဆွေးနွေး ခဲ့ကြရာ ကိုလံဘီယာနိုင်ငံမှ စီးပွား ကူးသန်း၊ စက်မှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးနှင့် အီဂျစ်ရှေးဟောင်းနှင့် ခရီးသွား လုပ်ငန်းဒုတိယဝန်ကြီးတို့ တက်ရောက် အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲတွင် ပေါ်တူဂီ၊ တောင်အာဖရိက၊ မက္ကဆီကို နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာရှနှင့်ပစိဖိတ် ခရီးသွားလုပ်ငန်းအဖွဲ့ အစည်း၊ ဩစတြေးလျ ကုန်သည်များ အသင်းနှင့် ဥရောပ အနာဂတ်ခရီးသွား လုပ်ငန်းအေဂျင်စီတို့မှ ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်၏ ဒုတိယနေ့အစီအစဉ်ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ တွင် ပြန်လည်ထူထောင်လာခြင်းနှင့်အတူ ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ပြန်လည်တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ ကော်စတာရီကာ နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Mr. Gustavo Segura က အွန်လိုင်းမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အသင်းအဖွဲ့များမှ အကြီးအကဲများနှင့် အတတ်ပညာရှင်များက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိုရမ်သို့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ခံ များနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ သည်။
တုံ့ပြန်ဖော်ဆောင်နိုင်ရန်
ယင်းဖိုရမ်ကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ရာသီ ဥတုပြောင်းလဲမှုနှင့် နည်းပညာတိုးတက် ပြောင်းလဲမှုများအပေါ် ရှင်းလင်းခိုင်မာ သော မူဝါဒများဖြင့် တုံ့ပြန်ဖော်ဆောင် နိုင်ရန်၊ အစိုးရများအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရန် နှင့် တူညီသော ဦးတည်ချက်ဖြင့် မူဝါဒ ဆိုင်ရာ ပံ့ပိုးမှုများနှင့် အတွေ့အကြုံများကို မျှဝေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်