
နေပြည်တော် အောက်တိုဘာ ၁၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဟိုတယ်ဇုန်ဥက္ကဋ္ဌများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အဆင်သင့်ဖြစ်စေရေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်တည်းခို ပါက အဆင်သင့်ဖြစ်စေရေး ဟိုတယ်များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ပါ ကြောင်း၊ ဟိုတယ်များ ဖွင့်လှစ်ရာတွင်လည်း ဤဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားရှိ သည့် Enchanting Myanmar Health & Safety Protocols နှင့်အညီ လိုက်နာကျင့်သုံးပြီး ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း။
ယခုအခါတွင် ဟိုတယ်များ၌ ကျန်းမာရေး ဆိုင်ရာ ကာကွယ်ရေးစံသတ်မှတ်ချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ လက်တွေ့ဝန်ဆောင်မှုပေးခြင်းများကို ပြသသော ရုပ်သံဗီဒီယိုရိုက်ကူးပြီးစီးပြီး မကြာခင် ထုတ်ဝေတော့မည်ဖြစ်ရာ ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာများရှိ TV Channel များ၊ ဧည့်ကြိုဆောင်ခန်းမ၊ စားသောက်ခန်းမစသော မြင်သာသည့် နေရာများ တွင် ပြသနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါ ခရီးသွားပြည်သူများအနေဖြင့် ယခင်က ကဲ့သို့ ပျော်ပွဲရွှင်ပွဲ/ ပွဲလမ်းသဘင် အစီအစဉ်များ ရှိမှသာ ခရီးသွားလာခြင်းမျိုးမဟုတ်ဘဲ စိတ်လက် အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ် အသစ်အဆန်း များသို့ သွားရောက်လည်ပတ်လာကြသည့် သဘော ရှိသည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲ တာဝန်ခံများနှင့် ဟိုတယ်ဇုန်ဥက္ကဋ္ဌများအနေဖြင့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး မိမိတို့၏ ခရီးစဉ် ဒေသ စည်စည်ကားကားဖြစ်စေရေး၊ ကျန်းမာရေး ဆိုင်ရာ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဧည့်သည်များကို ဝန်ဆောင်မှုပေးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် Online မှ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ဟိုတယ်ဇုန်ဥက္ကဋ္ဌ များက ဟိုတယ်များ ဖွင့်လှစ်ထားရှိမှုနှင့် ခရီးစဉ်ဒေသ အခြေအနေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နယ်ပယ် (၇) မျိုးတွင် လုပ်ကိုင်ဆောင်ရွက်နေသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ Online မှ Outsoursing သင်တန်းများ ဖွင့်လှစ်ထားရှိမှု၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင် နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေး၊ Online သင်တန်းများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ဝန်ထမ်းများ ထိထိရောက်ရောက် ပါဝင်တက်ရောက်ပြီး လက်တွေ့ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်ကြ ရေး၊ ခရီးစဉ်ဒေသအသစ်များနှင့် ခရီးသွားဆွဲဆောင် မှုအသစ်များ စနစ်တကျဖော်ထုတ်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်