ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်များယှဉ်ပြိုင်၊ ဘိုင်ယန်မြူးနစ်ကို မန်ယူအသင်း ရှုံးနိမ့်

 

ယူအီးအက်ဖ်အေ     ချန်ပီယံလိဂ် အုပ်စု          နောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာ ၁၃ ရက်  နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့်   မန်ယူနှင့် ဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့်    အနိုင်ရရှိခဲ့ သည်။ အဆိုပါ ပွဲစဉ်ကို  အိုးထရက် ဖို့ဒ်ကွင်း၌     ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်   ၇၃၀၀၀  ကျော်   လာ ရောက်ကြည့်ရှုခဲ့သည်။     


မန်ယူအသင်းသည်  ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲ၌  ခြောက်ပွဲကစားပြီး တစ်ပွဲ နိုင်၊   တစ်ပွဲသရေ၊   ရှုံးပွဲလေးပွဲ နှင့်အတူ      ရမှတ်    ၄  မှတ်ဖြင့်   အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ မန်ယူအသင်း ၏ အဆိုပါရမှတ် စုဆောင်းနိုင်မှုမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အနည်းဆုံး ဖြစ်ကြောင်း  သိရသည်။ ထို့ပြင် အုပ်စုအဆင့်ပြိုင်ပွဲ၌ ပေးဂိုး ၁၅ ဂိုး အထိ     ခွင့်ပြုပေးခဲ့ရသည့် ပရီမီယာလိဂ်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ သည်။ 


ဂိုးကန်သွင်းခွင့် ငါးကြိမ်ရှိ


ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို   ပွဲချိန်  ၇၁  မိနစ်တွင် ကိုးမန်းက   သွင်းယူပေးခဲ့သည်။ မန်ယူအသင်းသည်   ဘိုင်ယန်မြူးနစ်အသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ငါးကြိမ်ရှိခဲ့သော်လည်း ဂိုးပေါက်တည့်မတ်မှု တစ်ကြိမ်သာ ရှိခဲ့သည်။ 


အုပ်စုနောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားအပြီးတွင် ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းက  ရမှတ် ၁၆ မှတ်နှင့်အတူ  အုပ်စုပထမဖြင့် နောက်တစ်ဆင့်  တက်လှမ်းနိုင်ခဲ့သည်။   ထို့ပြင်    အဆိုပါအုပ်စု၌ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ကိုပင်ဟေဂင်အသင်းကလည်း အုပ်စု ဒုတိယဖြင့်  နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။


 အခြားပွဲစဉ်ရလဒ်များ


ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်များမှ အခြားသောပွဲစဉ် ရလဒ် များတွင် လန်းစ်က ဆီဗီလာကို  နှစ်ဂိုး- တစ်ဂိုး၊  နာပိုလီက ဘရာဂါကို  နှစ်ဂိုး - ဂိုးမရှိ၊   ရီးရဲမက်ဒရစ်က    ယူနီယံဘာလင်ကို သုံးဂိုး - နှစ်ဂိုး၊    ဘင်ဖီကာက ဆောလ်ဘတ်ကို  သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး   အင်တာမီလန်နှင့်   ဆိုစီဒက်အသင်းပွဲစဉ်တွင်   ဂိုးမရှိ   သရေကျခဲ့ကာ ပီအက်စ်ဗွီနှင့် အာဆင်နယ်အသင်းပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။      

                                              
 အောင်‌ဇော်