ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ အင်တာမီလန်အနိုင်ရပြီး မန်စီးတီးသရေကျ

 

ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၂ နာရီခွဲက တစ်ချိန် တည်း  ယှဉ်ပြိုင်ကစားသည့်    ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်  ၁၆ သင်းအဆင့် ပထမအကျော့မှ လိုက်ပ်ဇစ်နှင့် မန်စီးတီး၊ အင်တာမီလန်နှင့် ပေါ်တို အသင်းတို့ပွဲစဉ်တွင် အင်တာမီလန် အသင်း အနိုင် ရရှိပြီး မန်စီးတီးအသင်း သရေကျခဲ့သည်။ 


ပွဲကြည့်ပရိသတ် ၇၅၀၀၀ ကျော် လာရောက် ကြည့်ရှုသည့်  အင်တာမီလန်နှင့်  ပေါ်တိုအသင်း တို့ပွဲစဉ်တွင် အင်တာမီလန်အသင်းက ပွဲချိန်ပြည့် ခါနီးတွင် ရရှိခဲ့သော လူစားဝင်တိုက်စစ်ကစားသမား  လူကာကူ၏  တစ်လုံးတည်းသော   သွင်းဂိုးဖြင့် ပြိုင်ဘက်ကို    အနိုင်ရရှိပြီး     နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် ဆုပ်ကိုင်နိုင်ခဲ့သည်။ 


လိုက်ပ်ဇစ်နှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်တွင်  မန်စီးတီးအသင်းက ပွဲချိန် ၂၇ မိနစ်တွင် မာရက်ဇ်  ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၇၀ တွင် ဂီဗာဒိုလ်၏ ခေါင်းတိုက်ချေပဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ ရသည့်အတွက် ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။  


အဆိုပါပွဲစဉ်သို့ ပွဲကြည့်ပရိသတ်ပေါင်း ၄၅၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ပထမအကျော့ တွင် နှစ်သင်းစလုံး ပြတ်သားသော ရလဒ်ဖော်ဆောင် ထားနိုင်ခြင်း   မရှိသောကြောင့်လာမည့်   ဒုတိယ ကျော့ပွဲစဉ်တွင် နောက်တစ်ဆင့်တက်ရေး   ရေကုန် ရေခန်း ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။ 


အောင်ဇော်