
ယခုနှစ်မှာ (၁၀၁) ကြိမ်မြောက်အဖြစ် ကွန်မြူနတီဒိုင်းလုပွဲကို ယှဉ်ပြိုင်ကစား သွားမှာ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းလုပွဲကို ပြီးခဲ့တဲ့ ရာသီမှာ ပရီမီယာလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းနဲ့ အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတို့ ယှဉ်ပြိုင် ရလေ့ရှိသော်ငြား ယခုနှစ်မှာ မန်စီးတီးအသင်းက ပရီမီယာလိဂ်ဖလားရော အက်ဖ်အေဖလားပါ ဆွတ်ခူးရရှိထားတာကြောင့် အမှတ်ပေးဇယားမှာ အဆင့် (၂) ရရှိတဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်တယ်။
မန်စီးတီးအသင်းက ပြီးခဲ့တဲ့နှစ်မှာလည်း ကွန်မြူနတီဒိုင်းလုပွဲကို လီဗာပူး အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး သုံးဂိုး- တစ်ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ကွန်မြူနတီ ဒိုင်းလုပွဲက ချန်ပီယံခြေစွမ်းကို အကြမ်းဖျင်းအကဲခတ်လို့ရနိုင်မယ့် ပွဲလို့ဆိုသော် ငြား ယတိပြတ်ကောက်ချက်ချ သုံးသပ်လို့ မရပါဘူး။
ပြောရမယ်ဆိုရင် လီဗာပူးအသင်းဟာ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးပြီး ကန့်လန့်ကာအဖွင့်လှခဲ့ပေမယ့် ရာသီပိတ်သိမ်းချိန်မှာ ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အပြင် ယူရိုပါလိဂ်သာ ဝင်ခွင့်ရရှိခဲ့တယ်။ ဒါက ရာသီအစမှာ စည်တော်တီးဝင်ပြီး ရာသီ အဆုံးမှာ ခေါင်းမြီးခြုံနဲ့ အဆုံးသတ်ရတဲ့အသင်းအဖြစ် ပြောစမှတ်ဖြစ်ခဲ့တယ်။
ကွန်မြူနတီဒိုင်းကို လက်လွှတ်ခဲ့ရတဲ့ မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တဲ့အပြင် ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့တယ်။ မန်စီးတီးအသင်းက အစပိုင်းပွဲစဉ်တွေမှာ အားနည်းချက်၊ ချို့ ယွင်းချက်တွေရှိခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အဲဒီအားနည်းချက်တွေ၊ ချို့ယွင်း ချက်တွေကို နည်းပြ ဂွါဒီယိုလာ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့တယ်။
အသင်းတစ်သင်းအောင်မြင်ဖို့ဆိုရင် ကစားသမားဝယ်ယူနိုင်ရေးအတွက် ငွေကြေး သုံးစွဲမှုက အဓိကကျတာမှန်ပေမယ့် လိုအပ်တဲ့ ကစားသမားနဲ့ ပွဲရလဒ်အဖြေ ပြောင်း နိုင်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေအတွက် ငွေကြေးသုံးစွဲမှု မှန်ကန်ဖို့ လိုအပ် တယ်။ ဒါ့အပြင် ဒီနေရာမှာ နည်းပြတစ်ဦးရဲ့ စူးရှထက်မြက်တဲ့အမြင်နဲ့ ပြိုင်ပွဲအပေါ် ချဉ်းကပ်တဲ့ နည်းဗျူဟာ မှန်ကန်ဖို့ကလည်း အရေးကြီးသေးတယ်။
မည်သို့ပင်ဆိုစေ ကွန်မြူနတီဒိုင်းလုပွဲက ချန်ပီယံပြေးလမ်းမှာ အဓိကကျတဲ့ ခြေလှမ်းတစ်ခုအဖြစ်ရှိနေပြီး ပေါ့ဆလို့ မရတဲ့အတွက် ယခင်ပြိုင်ပွဲတွေကထက် ပြိုင်ဆိုင်မှုပြင်းထန်လာမှာပါ။ ဒါကြောင့် ဘယ်အသင်းက ကွန်မြူနတီဒိုင်းဆွတ်ခူး ပြီး အဖွင့်လှသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။
အောင်ဇော်