
နေပြည်တော် မေ ၃
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သဘောထားမှတ်ချက် မေးမြန်းလာခြင်းအပေါ် ပြန်ကြားနိုင်ရေး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် တွင် ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေလွယ်ကူချောမွေ့စေရေး အတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးစေလိုကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ရှင်သန်ရပ်တည် တိုးတက်အောင်မြင် စေရေး လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများကြုံတွေ့ရသည့် အခက်အခဲများ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က MAYLP Agriculture Co., Ltd. မှ အကျိုးတူလယ်ယာစနစ်ဖြင့် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဆန်နှင့်ဆန်ကွဲများ ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် အဆိုပြု ချက်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သဘောထား ပြန်ကြားနိုင်ရေးနှင့် စက်အုတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် သစ်လွင်သောကမ္ဘာ ရွှေပြည်တန် ကုမ္ပဏီလီမိတက်၏ တည်ဆောက်ရေးကာလ ထပ်မံ တိုးမြှင့်ခြင်းအတွက် အတည်ပြုမိန့် ပြင်ဆင် ထုတ်ပေးခွင့်ပြုရန်နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေး ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြဆွေးနွေး ချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)