
ဟားခါး ဇူလိုင် ၂၁
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အတွင်းရေးမှူးနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ချင်းပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် ပြည်နယ်ဖြစ်သော်လည်း ပထဝီအနေအထားအရ ပြည်နယ်အကျယ်အဝန်း ဧက ကိုးသန်းနီးပါးရှိသည့်အနက် စိုက်ပျိုး၍ရ သည့် မြေနေရာသည် ပြည်နယ်အကျယ်အဝန်း၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိသည့်အပြင် မိုးရေကိုပဲ အားထားရသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးနှင့် ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုး ရေးတို့ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချင်းပြည်နယ်၏ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရေးအတွက် ထုတ်ချေးပေးခဲ့သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းတိုးတက်မှုအခြေအနေကို အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တင်ပြ ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အမှတ် ( ၃) ကုန်းမြင့်လယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ ထုတ်ချေးပေးမှုနှင့် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးတို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)