ချင်းလူမှုရေးအသင်း - ရန်ကုန် (All Chin Society-Yangon) ၏ ACSY Community Hall ပန္နက်တော်တင် ဆုတောင်းဆက်ကပ်ခြင်းနှင့် ACSY Logo နှင့် Founding Member ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားများသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်

 
 
 
ရန်ကုန် ဇန်နဝါရီ ၁၆
 
 
ချင်းလူမှုရေးအသင်း - ရန်ကုန် (All Chin Society - Yangon) ၏ ACSY Community Hall ပန္နက်တော်တင် ဆုတောင်းဆက်ကပ်ခြင်းအခမ်းအနား ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၅) ရပ်ကွက် အမှတ်-၁၈၃ ရှိ ချင်းလူမှုရေးအသင်း - ရန်ကုန် (ACSY) ဝင်းအတွင်း ကျင်းပသည်။
 
 
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာ ရွှေလွှမ်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဒုတိယ မြို့တော်ဝန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ချင်းလူမှုရေးအသင်း - ရန်ကုန် (ACSY) မှ ဥက္ကဋ္ဌနှင့် ချင်းလူမှုရေးအဖွဲ့စည်းများမှ တာဝန်ရှိသူများ၊ ရန်ကုန်ရှိ ချင်းတိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ သိက္ခာတော်ရဆရာ ဒေါက်တာရာလ်ဘွေး က ဆုတောင်းခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
 
 
ပူးပေါင်းလက်တွဲ
 
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့် အမှာစကားပြောကြားရာတွင် ချင်းလူမှုရေးအသင်း - ရန်ကုန် သည် ချင်းတိုင်းရင်းသားများ ပူးပေါင်းလက်တွဲ လျက် ရှေ့အနာဂတ်၏ ခရီးလမ်းတွင် အတူတကွ လျှောက် လှမ်းနိုင်ရမည်ဆိုသည့် အတွေးဖြင့် စတင်ပေါ်ပေါက်လာ ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် မေလ ၁၀ ရက်နေ့ Novotel Hotel တွင် ချင်းတိုင်းရင်းသားခေါင်းဆောင်များ ပထမဆုံး အကြိမ် အစည်းအဝေးကျင်းပပြီး မေ ၂၉ ရက်တွင် မိမိနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်တို့ကို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း။
 
 
တူညီဝတ်စုံတစ်ခု ဖန်တီး
 
အဆိုပါအခမ်းအနား ကျင်းပပြီးနောက်ပိုင်း မိမိအနေ ဖြင့် ချင်းတိုင်းရင်းသားခေါင်းဆောင်များအား ယခုထက် ပိုပြီး စည်းလုံးနိုင်ရန်၊ ညီညွတ်စွာဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး မျိုးနွယ်စုအလိုက် ဝတ်စုံများကို ပေါင်းစပ်ပြီး ချင်းလူမျိုးများ၏ တူညီဝတ်စုံ (ဘုံဝတ်စုံ) တစ်ခု ဖန်တီးနိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရန် မှာကြားခဲ့ပါကြောင်း။
 
 
ယခုအခါ ချင်းလူမျိုးများ၏ ဘုံဝတ်စုံတစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ကြပြီဖြစ်၍ ဝမ်းသာပီတိဖြစ်ရ ပါကြောင်း၊ ယင်းအတွက် ပါဝင်ဆောင်ရွက်သူများအားလုံး ကို အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ယင်းဘုံဝတ်စုံကို ဖန်တီးနိုင်ခြင်းအားဖြင့် ချင်းတိုင်းရင်း သားများ၏ စည်းလုံးညီညွတ်မှုမှတစ်ဆင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်စေရန် ဆန္ဒပြုအပ်ပါကြောင်း။
 
 
ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်
 
ချင်းလူမျိုးများ တူညီဝတ်စုံဖြစ်မြောက်ရေးကော်မတီ က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ချင်းတိုင်းရင်းသားများ၏ သာရေး၊ နာရေး၊ လူမှုရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် ချင်းလူမှုရေးအသင်း - ရန်ကုန်ကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက် တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင် ရေးအဖွဲ့၏ မှတ်ပုံတင်လက်မှတ် အမှတ် ၁/ ပြည်တွင်း / ၀၅၃၇ ဖြင့် စတင်ဖွဲ့စည်းခွင့်ရခဲ့ပါကြောင်း။
 
 
ချင်းလူမှုရေးအသင်း - ရန်ကုန်ကို ပြည်ထောင်စုဖွား ချင်းတိုင်းရင်းသားအားလုံး အချင်းချင်း ချစ်ခင်ရင်းနှီးလျက် စည်းလုံးညီညွတ်မှု ရှိလာစေရန်၊ ချင်းလူမျိုးတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများအား ထိန်းသိမ်းကာကွယ်မြှင့်တင်ရန်နှင့် အမျိုးသားရေး စိတ်ဓာတ်များ မြင့်မားလာစေရန်၊ ချင်းလူမျိုးတို့၏ သာရေး၊ နာရေး ကိစ္စရပ်များတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ကူညီဖေးမခြင်းဖြင့် အချင်းချင်း ရိုင်းပင်းတတ်လာစေရန်၊ ချင်းလူငယ်များ ပညာဗဟုသုတ ကြွယ်ဝလာစေရန်၊ ဘက်စုံထူးချွန်သော လူငယ်များမွေးထုတ်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးနိုင်ရန် ဆိုသည့် ရည်ရွယ်ချက် (၄) ခုဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
 
 
အကူအညီလိုအပ်နေ
 
ယခုကဲ့သို့ ကောင်းမြတ်သည့် ရည်ရွယ်ချက်များနှင့် အသင်းကြီး ဖွဲ့စည်းနိုင်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း နေထိုင်သည့် စားဝတ်နေရေးခက်ခဲသည့် ချင်းလူမျိုးများ ဆေးဝါးကုသရန် အကူအညီလိုအပ်နေ သည့် သူများအတွက် အကျိုးခံစားခွင့်ရှိခြင်း၊ ချင်းပြည်နယ် နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ၏ ကျန်းမာရေး အတွက် လိုအပ်ချက်၊ သာရေး/နာရေးကိစ္စအဝဝတွင် အကူ အညီရယူနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန် မြို့သို့ ရောက်ရှိလာပြီး တည်းခိုရန် အခက်အခဲရှိသော သူများအတွက် တည်းခိုနိုင်ခြင်းနှင့် အခက်အခဲပြဿနာ တွေ့ကြုံရင်ဆိုင်နေရသူများအတွက် ခိုလှုံအားကိုးရာဖြစ် ခြင်း၊ ချင်းလူမျိုးတို့၏ နေ့ထူးနေ့မြတ်အခမ်းအနားများ နှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရန်အတွက် အဆောက်အအုံခန်းမကို အသုံးပြုနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ပါကြောင်း။
 
 
ချစ်ကြည်စည်းလုံးမှု
 
ချင်းမျိုးနွယ်စု ၅၃ မျိုးလုံး စုပေါင်းတည်ထောင်ထား သည့် ချင်းလူမှုရေးအသင်းကြီးအနေဖြင့် အသင်းဖွဲ့စည်း သည့် ရည်ရွယ်ချက်ပါအတိုင်း ချင်းတိုင်းရင်းသားလူမျိုး များအကြား ရိုင်းပင်းကူညီဖေးမခြင်းဖြင့် အချင်းချင်း ချစ်ခင် ရင်းနှီးမှုရရုံသာမက အခြားသော ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့် ချစ်ကြည်စည်းလုံးမှု ပိုမိုလာစေ အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသင်း ကြီးအနေဖြင့် ယင်းကဲ့သို့ စည်းလုံးညီညွတ်မှုအင်အားကို တည်ဆောက်ပြီး နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကြိုးပမ်းမှုများတွင် အခြားသော ညီနောင်တိုင်းရင်းသား များနှင့်အတူ လက်တွဲကာ တစ်ထောင့်တစ်နေရာက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။
 
 
ဝိုင်းဝန်းကြိုးပမ်း
 
ယခုကဲ့သို့ ချင်းလူမှုရေးအသင်း - ရန်ကုန်ကို ဖွဲ့စည်း မှတ်ပုံတင်ခွင့်ပေးသော ပြည်ထဲရေးဝန်ကြီးဌာန (ယခု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)၊ အသင်း မြေနေရာ ရရှိရေးနှင့် ခန်းမတည်ဆောက်နိုင်ရေးတို့အတွက် အဘက် ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့သော အလှူရှင်များ၊ ဘက်ပေါင်းစုံမှ ပါဝင်ပံ့ပိုး ကူညီပေးသူများနှင့် ချင်းလူမှုရေးအသင်း - ရန်ကုန်မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင် အသိ အမှတ်ပြုပါကြောင်း။
 
 
ချင်းလူမှုရေးအသင်း - ရန်ကုန်ခန်းမကြီးကို အောင်မြင် ပြီးဆုံးအောင် ဆောက်လုပ်နိုင်ပါစေကြောင်း၊ ချင်းလူမှုရေး အသင်း - ရန်ကုန် အရှည်တည်တံ့ခိုင်မြဲပါစေကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါကြောင်း ပြောကြား သည်။
 
 
အမှာစကားပြောကြား
 
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြား သည်။
ဆက်လက်၍ ချင်းလူမှုရေးအသင်း- ရန်ကုန် ဥက္ကဋ္ဌ ဦးလျန်ကြုံးနူးက ဂုဏ်ပြုကြိုဆိုစကားပြောကြားပြီး ဘဏ္ဍာ ရေးမှူး ပီတာငွန်ဇကျုံးက ချင်းလူမှုရေးအသင်း - ရန်ကုန် ဖြစ်ပေါ်လာပုံ၊ ဆောက်လုပ်မည့် အဆောက်အအုံကိစ္စရပ် များနှင့် ACSY Logo နှင့် ပတ်သက်သည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားသည်။
 
 
ပန္နက်တင်
 
ထို့နောက် ပန္နက်တော်တင် ဆုတောင်းဆက်ကပ် ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဒုတိယမြို့တော်ဝန်၊ ACSY အသင်းဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးတို့က အဆောက်အအုံဆောက်လုပ်မည့် မြေနေရာတွင် ပန္နက်တင်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး Bishop ဒေါက်တာ အန်ဒရူး မန်လုံးက ဆုတောင်းခြင်း ပြုလုပ်သည်။
 
 
စက်ခလုတ်နှိပ်ဖွင့်လှစ်
 
ဆက်လက်၍ ချင်းလူမှုရေးအသင်း - ရန်ကုန်(ACSY) Logo နှင့် Founding Member ကျောက်တိုင်ဖွင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရ ဒေါက်တာ ဗွန်ခန့်ပေါင်က ဆုတောင်းခြင်းပြုလုပ်ပြီး ဒုတိယသမ္မတက ACSY Logo နှင့် Founding Member ကျောက်တိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
 
 
အာစီခြောက်ထပ်တိုက် ဆောက်လုပ်
 
ချင်းလူမှုရေးအသင်း - ရန်ကုန်(ACSY) မြေနေရာတွင် မြို့နယ်လူမှုရေး၊ မျိုးနွယ်စုလူမှုရေးအသင်း အသီးသီး၏ ရုံးခန်းအတွက် ပေ (၂၀ X ၄၀)၊ အာစီနှစ်ထပ်တိုက်၊ ACSY ရုံးခန်း၊ ပြတိုက်၊ အစည်းအဝေးခန်းမ၊ လူနာများတည်းခို ရန်နှင့် အခြားအခန်းများ လိုအပ်သလိုအသုံးပြုနိုင်ရန် ပေ (၅၀ X ၇၀)၊ အာစီသုံးထပ်တိုက်၊ ချင်းလူမျိုးတို့၏ နေ့ထူး နေ့မြတ်နှင့် ချင်းအမျိုးသားနေ့တို့တွင် အသုံးပြုနိုင်ရန် လူဦးရေ ၁၅၀၀၀ ဆံ့ ပေ (၂၀၀ X ၂၀၀) ပတ်လည် ခန်းမ ကြီးနှင့် မြေညီထပ်၌ ကားပါကင်ထားရှိရန် အဆောက် အအုံနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးကိစ္စ၊ ပညာရေး ကိစ္စတို့အတွက် ရောက်ရှိလာကြမည့် ချင်းတိုင်းရင်းသား များ တည်းခိုရန်အတွက် ပေ (၁၀၀ X ၅၀)၊ အာစီခြောက်ထပ် တိုက် ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။
 
 
စုပေါင်းဖွဲ့စည်းထား
 
ချင်းလူမှုရေးအသင်း- ရန်ကုန်(All Chin Society - Yangon) သည် ရန်ကုန်မြို့၌ နေထိုင်ကြသော တောင်ပေါ် မြေပြန့် ချင်းလူမျိုးများနှင့် ချင်းလူမျိုး လူမှုအဖွဲ့အစည်း အသင်း အသီးသီးတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အသင်း ကြီးဖြစ်သည်။
 
သတင်းစဉ်