
မိုးဇက်
ပရီမီယာလိဂ်ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကစားလာတာဟာ အခုဆိုရင် ပွဲစဉ် (၁၂) အထိ ပြီးဆုံးခဲ့ပြီ။ အဲဒီလို ပြီးဆုံးချိန်မှာ အမှတ် ပေးဇယားကို မန်စီးတီးအသင်းက တစ်မှတ်အသာနဲ့ ဦးဆောင်ထားတယ်။ နည်းပြတန်ဟက်ရဲ့ မန်ယူအသင်းက ရမှတ် ၂၁ မှတ်နဲ့ အဆင့် (၆) မှာ ရပ်တည်နေတယ်။ ဒီလိုရပ်တည်နေတာက မန်ယူအသင်းပရိသတ်တွေအတွက် ကျေနပ်စရာရလဒ် တစ်ခုမဟုတ်တာ သေချာတယ်။
မေဆင်မောင့်၊ အီဗန့်စ်၊ အိုနာနာ၊ ဟွိုက်လန်း၊ ဘာရင်ဒါ၊ ရီဂွယ် လွန်နဲ့ အမ်ရာဘတ်တို့ ခေါ်ယူအားဖြည့်နိုင်ခဲ့တာကြောင့် မန်ယူအသင်း အနေနဲ့ ပြိုင်ပွဲစတင်ကတည်းက ရလဒ်ကောင်းတွေနဲ့ အစပြုနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်တွက်ဆထားပေမယ့်လည်း တကယ် လက်တွေ့မှာတော့ ကစားသမားသစ်တွေနဲ့ ရှိရင်းစွဲ ကစားသမားတွေကြား နားလည်မှု လွဲမှားခြင်း၊ ခံစစ် - ကွင်းလယ် - တိုက်စစ်ချိတ်ဆက် ကစားပုံ အားနည်းခြင်း၊ အသင်း ကစားသမားတွေ နိုင်လို စိတ် ပြင်းထန်မှု အားနည်း ခြင်း၊ မလိုအပ်ဘဲ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တိုက်စစ်ကစားသမား တွေ အဆုံးသတ်အားနည်းခြင်း စတာတွေကြောင့် အသင်းရလဒ်ပိုင်း ဆိုးရွားနေတဲ့အတွက် အထင်နဲ့အမြင် လွဲမှားနေတာ တွေ့ရတယ်။
ဆိုရရင် မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လေးပွဲကစားပြီး တစ်ပွဲသာနိုင်ပွဲရကာ သုံးပွဲအထိ ရှုံးနိမ့်ထားတာကြောင့် အမှတ်ပေး ဇယားအောက်ဆုံးရပ်တည်နေပြီး ပြိုင်ပွဲကနေထွက်ခွာရဖို့ လက်တစ်ကမ်း အလိုကို ရောက်နေပြီဖြစ်တယ်။ ဒါ့အပြင် ကာရာဘောင်ဖလား ပြိုင်ပွဲမှာလည်း နယူးကာဆယ်အသင်းရဲ့ ယမန်နှစ် ရှုံးကြွေးပြန်ဆပ်မှု ကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီ ဖြစ်တယ်။ ပရီမီယာလိဂ်မှာလည်း တိုက်စစ်ထက်မြက်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ စပါး၊ လီဗာပူးစတဲ့ အသင်းတွေကိုကျော်ဖြတ်နိုင်ဖို့ ခဲယဉ်းတာကြောင့် အမှတ်ပေးဖလား ဆွတ်ခူးရေး မျှော်လင့်ချက်က အလွန်နည်းပါးပါတယ်။
မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ်၊ အန်တိုနီ၊ ဂါနာချို၊ ပယ် လစ္စထရီ၊ ဟွိုက်လန်းနဲ့ မာရှယ်တို့ ရှိနေပေမယ့် ပရီမီယာလိဂ်မှာ တစ်ဂိုး သာ သွင်းယူထားနိုင်သေးတယ်။ မန်ယူအသင်းဟာ ပရီမီယာလိဂ် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်နဲ့ အကောင်းဆုံးပုံစံမှာရှိနေတယ် ဆိုသော်ငြား အသင်းတိုက်စစ်က လက်ရှိအချိန်အထိ စုစုပေါင်း ရဂိုး ၁၃ ဂိုးသာ ရှိတာကြောင့် တိုက်စစ် အဆိုးရွားဆုံးအသင်းထဲမှာ ပါနေတာတွေ့ရတယ်။ အဲဒီ ၁၃ ဂိုးထဲမှာ ကွင်းလယ်က တွန်မီနေးနဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်တို့က သုံးဂိုးစီပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးတိုက်စစ်စုဖွဲ့မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်။
ယမန်နှစ်တုန်းက ဂိုးသွင်းစွမ်းရည်ထက်မြက်မှုရှိခဲ့တဲ့ တိုက်စစ် ကစားသမား ရက်ဖို့ဒ်ဆိုရင် ဒီရာသီ ပရီမီယာလိဂ်မှာ ၁၁ ပွဲကစားပြီး တစ်ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ ဆိုးရွားသွားတယ်။ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတယ်။ အပိုင်အခွင့်အရေးတွေရသည့်တိုင် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိတော့ဘူး။ ဟွိုက်လန်းကလည်း ချန်ပီယံလိဂ်မှာ လေးပွဲကစားပြီး ငါးဂိုးအထိ သွင်းယူထားနိုင်တယ်ဆိုပေမယ့် ပရီမီယာ လိဂ်မှာ ကိုးပွဲကစားပြီးတဲ့အထိ ဂိုးသွင်းယူထားနိုင်ခြင်း မရှိသေးဘူး။
ဒါ့အပြင် ပေးဂိုးခွင့်ပြုရတဲ့ အပိုင်းကိုကြည့်ရင်လည်း ၁၆ ဂိုးအထိ ရှိနေတယ်။ ပြောမယ်ဆိုရင် ဒါကလည်း အသင်းကြီးတွေနဲ့နှိုင်းစာရင် ပေးဂိုး အများဆုံးခွင့်ပြုပေးရတဲ့ အသင်းထဲပါတယ်။ ပေးဂိုးတွေ ပွဲတိုင်း နီးပါး ခွင့်ပြုပေးရတာဟာ ခံစစ်ပိုင်းအားနည်းမှုကြောင့်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်းမှာ ဂိုးသမားရဲ့ စွမ်းဆောင်ရည် အားနည်းမှုကြောင့်လည်း အများကြီး ပါပါတယ်။ ဒါပေမယ့် မန်ယူဂိုးသမား အိုနာနာအနေနဲ့ ပွဲစဉ် (၁၂) အပြီးမှာ ဂိုးမပေးရအောင် လေးပွဲအထိ စွမ်းဆောင်ထားနိုင်တာ တွေ့ရတယ်။ ၎င်းရဲ့အထက်မှာဆိုရင် ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဂျွန်စတုန်းနဲ့ နယူးကာဆယ်ဂိုးသမား နစ်ပုပ်တို့သာ ရှိတယ်။
'ရှင်နည်းရာ အဂ္ဂလူထွက်' ဆိုသလို မန်ယူအသင်းမှာ အီဗန့်စ်၊ လုခ်ရှော၊ မာတီနက်ဇ်၊ မာလာစီယာ၊ ကက်စမဲရိုးတို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့်အချိန်မှာ ကွင်းလယ်က အဲရစ်ဆင်နဲ့ တိုက်စစ် က ဟွိုက်လန်းတို့ပါ ဒဏ်ရာကြောင့် ထပ်မံအနားယူရဖွယ်ရှိနေတော့ နည်းပြတန်ဟက်အတွက် ခေါင်းကိုက်စရာ၊ စိတ်ရှုပ်စရာ ဖြစ်လာတယ်။
နည်းပြတန်ဟက်အနေနဲ့ မန်ယူအသင်းကို ၂၀၂၂ ခုနှစ် မေလမှာ စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၈၀ ကိုင်တွယ်ထားရာ ပွဲ ၅၀ နိုင်၊ ကိုးပွဲသရေနဲ့ ၂၁ ပွဲ ရှုံးနိမ့်ထား တယ်။ ပရီမီယာလိဂ်မှာဆိုရင် ပွဲ ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်။ ဒီရာသီ မှာ ၎င်းကိုင်တွယ်တဲ့ ပထမဆုံး ၁၇ ပွဲမှာ ကိုးပွဲအထိ ရှုံးနိမ့်ထားတာ ကြောင့် နည်းပြအဖြစ်မှ ထုတ်ပယ်ခံရတော့မယ်လို့ ထင်ကြေးပေးပြောဆိုနေမှုတွေရှိသော်ငြား ပြီးခဲ့တဲ့ ပွဲစဉ်မှာ လူတန်အသင်းကို အနိုင်ရရှိမှုနဲ့ အတူ ပရီမီယာလိဂ် ပွဲ ၅၀ ပြည့်မြောက်ပြီးနောက် ရမှတ် ၉၆ မှတ် အထိ စုဆောင်းထားနိုင်တဲ့ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ခဲ့တာ ဖြစ်တယ်။ ဒါဟာ ဖာဂူဆန်နောက်ပိုင်း မန်ယူအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟို (၉၅ မှတ်)၊ ဗန်ဟားလ် (၉၄ မှတ်)နဲ့ ဆိုးလ်ရှား (၈၅ မှတ်) တို့ထက် များပြားနေတာ တွေ့ရတယ်။
မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းက အဲရစ်ဆင်၊ ကက်စမဲရိုး၊ ဖာနန် ဒက်စ်၊ တွန်မီနေးတို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ အတွဲအဖက်ညီညီ ကစား နိုင်ခဲ့တာကြောင့် ပြီးပြည့်စုံမှုတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့အပြင် အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သလို ကာရာဘောင်ဖလားကိုလည်း ဆွတ်ခူး နိုင်ခဲ့တဲ့အထိ အောင်မြင်မှုတချို့ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ အဲဒီကစားသမားတွေဟာ မကြာခဏနားလည်မှုလွဲတာအပြင် အသင်းဖော်ဆီ ဘောလုံးဖြန့်ဝေမှုပိုင်းမှာ တိကျမှု လျော့နည်းတာ တွေ့ရ သလို ဂိုးပါဝင်ပတ်သက်မှုပိုင်းမှာလည်း ယမန်နှစ်ကထက် သိသိသာသာ လျော့နည်းလာတာ တွေ့ရတယ်။
ဒါကြောင့် နည်းပြတန်ဟက်အနေနဲ့ အသင်းရဲ့ လိုအပ်ချက်တွေကို အချိန်မီပြင်ဆင်ကာ လာမယ့်ပွဲစဉ်ကစပြီး ဘယ်အတိုင်းအတာအထိ လုပ်ပြသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ။