
ညိုချော
မြန်ဆန်လွန်းတဲ့ သတင်းအချက်အလက်ခေတ်မှာ သတင်းမျိုးစုံကို အွန်လိုင်းကနေ ကျွန်တော်တို့ အလွယ်တကူနဲ့ ရယူနိုင်ပါတယ်။ ဒါပေမယ့် ပြည့်စုံမှန်ကန် ခိုင်မာတဲ့သတင်းမျိုးရရှိဖို့ဆိုတာကတော့ လက်ရှိဖြစ်ရပ်နဲ့ အခြေအနေကိုမူတည်ပြီး မိမိရဲ့ ပင်ကိုအသိဉာဏ်၊ ဖြစ်နိုင်စွမ်းရှိမရှိ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားကြရတာပါ။ တစ်ခါတစ်ရံမှာ မိမိယုံကြည်စိတ်ချရတယ်လို့ ယူဆရတဲ့သတင်းဌာန၊ လူပုဂ္ဂိုလ်တွေထံက သတင်းမျိုးတွေကိုတော့ အလွယ်တကူပဲ လက်ခံယုံကြည်မိတတ်ကြပါတယ်။ အချို့ဖြစ်စဉ်တွေမှာတော့ အဲဒီသတင်းဌာနတွေဟာ တိကျမှု၊ မှန်ကန်မှု၊ ပြည့်စုံမှုမရှိတဲ့ သတင်းတွေကို လူမှုကွန်ရက်တွေ၊ သူတို့ ဝက်ဘ်ဆိုက်တွေမှာ ရည်ရွယ်ချက်တစ်ခုခုနဲ့ ရေးသားဖြန့်ဝေနေကြတာကိုလည်း တွေ့မြင်ရပါတယ်။
မနေ့က ဘီဘီစီလို နိုင်ငံတကာသိ သတင်း ဌာနကြီးရဲ့ မြန်မာပိုင်းဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မြဝတီဘဏ်ကနေ ငွေထုတ်တာ ကို လက်မခံတော့ဘဲ မတ်လဆန်းမှသာ ငွေထုတ် ခွင့်ပြုတော့မယ်ဆိုပြီး ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ ဘဏ်ကို ငွေသွားထုတ်သူ အချို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ပြောဆိုထားတဲ့ သတင်း စကားအရဆိုပြီး အဲဒီသတင်းမှာ ဖော်ပြထားပါ တယ်။ တိကျခိုင်မာတဲ့သတင်းတွေကို လိုအပ်နေ တဲ့ ပြည်သူတွေအတွက် ခိုင်မာမှု အားနည်းတဲ့ သတင်းတစ်ခုလို့ ကျွန်တော်ကတော့ အားမလို အားမရ ဖြစ်မိပါတယ်။
ပုံကြီးချဲ့ပြီး သတင်းမလုပ်သင့်
သတင်းဌာနတစ်ခုဟာ နိုင်ငံရဲ့လက်ရှိ အခြေ အနေ၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စအဝဝရဲ့ ထူးခြားဖြစ်စဉ်တွေကို တင်ဆက်တဲ့အခါ ခိုင်လုံ တိကျမှုကို ဦးစားပေးဖို့ အထူးလိုအပ်ပါတယ်။ အထူးသဖြင့် ယခုကာလကဲ့သို့ ပြည်သူတွေရဲ့ စိုးရိမ် ပူပန်မှုရှိနေချိန်မှာ သတင်းတွေဟာ မှန်ကန်ခိုင်မာ မှု၊ မျှတမှုရှိပြီး ပြည်သူတွေအတွက် စိုးရိမ်မှု မြင့်တက်စေမယ့် ခိုင်မာမှုမရှိတဲ့ သတင်း တင်ဆက်မှုမျိုး မဖြစ်သင့်ပါဘူး။ ဘဏ်တစ်ဘဏ် လောက်၊ ရပ်ကွက်တစ်ခုလောက်၊ ဒေသတစ်ခု လောက်မှာ ဖြစ်နေတာကိုလည်း ဘဏ်အားလုံးမှာ ဖြစ်နေသလိုမျိုး၊ တစ်နိုင်ငံလုံးမှာ ဖြစ်နေသလိုမျိုး ပုံကြီးချဲ့ပြီး သတင်းမလုပ်သင့်ပါဘူး။
သာမန်ပြည်သူတစ်ဦးဟာ သူကြိုက်နှစ်သက် ရာကို သူ့စာမျက်နှာမှာ ရေးသားနိုင်ပါတယ်။ အကြောင်းအရာတွေကို အမှားအမှန် မခွဲခြားဘဲ၊ စိစစ်မှုအားနည်းစွာနဲ့ ဖြန့်ဝေနေသူတွေ ဖြစ်မှန်း မသိဖြစ်နေတတ်ပါတယ်။ ပြည်သူတစ်ဦး ပြောဆို တာ၊ ဝေဖန်တာတွေတိုင်းကို လူတိုင်းက အပြည့် အဝ မယုံကြည်ကြပေမယ့် ခိုင်မာတဲ့အဖွဲ့အစည်း တွေ၊ သတင်းဌာနတွေ ပြောစကားကိုတော့ ယုံကြည်လေ့ရှိပါတယ်။ သတင်းထောက်တွေ၊ သတင်းဌာနတွေအားလုံးဟာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို အခြေခံပြီး သတင်းဦး၊ သတင်းထူးတွေကို ပြည်သူတွေသိရအောင် တင်ဆက်ပေးရတာ ဖြစ်ပါတယ်။ တိကျခိုင်မာစွာ ကိုယ်တိုင်သိရှိ နားလည်ထားတဲ့ အကြောင်းကိုသာ ပြည်သူအတွက် ဖြန့်ဝေပေးရမှာ ဖြစ်ပါတယ်။
အချို့သော သတင်းတွေဟာ ပြည်သူအတွက် အကျိုးကျေးဇူးမရှိနိုင်သလို၊ တိုင်းပြည်နဲ့ ပြည်သူ အတွက် အဖျက်သဘော ဖြစ်လာစေနိုင်တာတွေ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ထိပါးစေနိုင် တာတွေကိုလည်း ဒီရက်ပိုင်းမှာ မြင်တွေ့နေရပါ တယ်။ သတင်းကို ပုံစံအမျိုးမျိုး ပြန်လည်ပြင်ဆင် ပြီး အမျိုးမျိုးပြန်လည်ရေးသားနေတဲ့ တရားမဝင် သတင်းဖြန့်ဖြူးသူတွေကိုလည်း မြင်တွေ့နေရပါ တယ်။ ဒါတွေဟာ ပြည်သူတွေရဲ့ သတင်းသိပိုင် ခွင့်ကို ထိပါးလာတာလည်းဖြစ်ပါတယ်။
သတင်းမီဒီယာကျင့်ဝတ်မှာလည်း သတင်း မီဒီယာတစ်ခုက ဖော်ပြသော သတင်းတိုင်း အချက် အလက် တိကျမှန်ကန်ရန် တတ်နိုင်သမျှ ပြည့်စုံ ရန် စိစစ်ရမည်ဟု ဖော်ပြထားတာကို လေ့လာ တွေ့ရှိရပါတယ်။ ဒါတင်မကသေးပါဘူး။ အီလက် ထရွန်နစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ရက် စသည့်နည်းလမ်းများမှ တစ်ဆင့် ရသောသတင်းများသည် မှန်ကန်ကြောင်း သက်သေအခိုင်အမာ မဖော်ပြနိုင်ပါက ပြန်လည် ကူးယူဖြန့်ချိခြင်းမပြုရလို့ ဖော်ပြထားပါတယ်။
သတင်းသမားကောင်း
မှတ်သားမိတဲ့ အကြောင်းအရာတစ်ခု ရှိပါ တယ်။ သတင်းသမားကောင်းတွေဟာ ကြားရုံနဲ့ လည်း မယုံကြည်ကြပါဘူး။ ထင်တာနဲ့လည်း မပြောဆိုကြပါဘူး။ မြင်နေရင်တောင် အပြည့်အဝ မယုံဘဲ အတည်ပြုချက်တွေ ရယူအတည်ပြုပြီး ဘ ခြောက်လုံး ပြည့်စုံအောင် မေးမြန်းရှာဖွေ ဖြည့်ဆည်းပြီးမှသာ ပြည်သူကို တင်ဆက်ကြရ တာပါ။ ဒါမှသာ မှန်ကန်ပြည့်စုံတဲ့ သတင်းအချက် အလက်တွေကို ပြည်သူက ရရှိမှာပါ။
မေးခွန်းထုတ်နေကြပြီဖြစ်
ဘီဘီစီလို သတင်းဌာနကြီးအနေနဲ့ အခုလို သတင်းမီဒီယာကျင့်ဝတ်နဲ့ မညီတဲ့ သတင်းမျိုးကို ထုတ်လွှင့်တဲ့အတွက် မြန်မာနိုင်ငံသားတွေအတွက် တော့ ဘီဘီစီရဲ့ သတင်းတင်ဆက်မှုအပေါ် ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်နေကြပြီ ဖြစ်ပါ တယ်။ ဒီလိုမျိုး နိုင်ငံတကာက သတင်းအမှားတွေ ကိုလည်း ကျင့်ဝတ်မရှိ၊ ကျင့်ဝတ်မညီ ထုတ်လွှင့် နေတာပဲ ဖြစ်မှာပေါ့လို့ သံသယစိတ်တွေလည်း ပွားများနေနိုင်ပါတယ်။ ပြီးတော့ ဘီဘီစီသာမက သတင်းဌာနတွေအနေနဲ့ သတင်းအမှားကို ထုတ်လွှင့်ရင် ပေးဆပ်ရမယ့် သိက္ခာတရားကိုလည်း အသိပေး၊ သတိပေးရာ ရောက်သွားပါပြီ။
လူမှုကွန်ရက်တွေမှာ နေ့စဉ်နဲ့အမျှ စိုးရိမ် ပူပန်မှုကိုဖြစ်စေတဲ့ သတင်းမျိုးတွေ၊ တိုင်းပြည် မငြိမ်သက်အောင်၊ ဆူပူလှုပ်ရှားမှု အရှိန်ရအောင် မြှောက်ပင့်သွေးထိုးနေတဲ့ သတင်းအတုအယောင် တွေ၊ ပုံဖျက်ထားတဲ့ သတင်းအမှားတွေ ပလူပျံ နေတာကို အားလုံးမြင်တွေ့ကြမယ် ထင်ပါတယ်။ ဒီလိုအချိန်မှာ သမာသမတ်ကျတဲ့ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြတဲ့ မှန်ကန်ပြည့်စုံ တဲ့သတင်းတွေကို ပြည်သူတွေက တောင့်တနေ ကြတာ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပအခြေစိုက် သတင်းဌာနများဟာ ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ် နဲ့ လက်ရှိအခြေအနေကို အမှန်ကန်ဆုံး သုံးသပ်၊ ဖြစ်စဉ်တိုင်းကို ရှုထောင့် အမျိုးမျိုးကနေ မေးမြန်း တင်ဆက်မှုတွေနဲ့ အကောင်းဆုံးထုတ်ဖော်ပြသ ပြီး ကျင့်ဝတ်နဲ့လျော်ညီမှုရှိတဲ့ သတင်းတင်ဆက်မှု မျိုးတွေ ဖော်ပြပေးခြင်းဖြင့် ပြည်သူများရဲ့ သတင်း သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးကြပါလို့ တိုက်တွန်း ပါရစေ။
- Log in to post comments