
မြင့်မောင်စိုး
ယခုတလော ကျွန်တော်ဖတ်မှတ်မိသော သတင်းများတွင် ခြိုးခြံချွေတာရေးသတင်းများဖြစ်သည်။ နွေရာသီရောက်တော့မည်ဖြစ်၍ ရေကိုချွေတာသုံးစွဲရ မည်ဆိုသော သတင်း၊ ဆည်ရေများလျော့နည်းလာ၍ လျှပ်စစ်မီးကိုချွေတာရမည်ဆိုသော သတင်း၊ စားသုံးဆီနှင့်စက်သုံးဆီများ ပြည်ပကတင်သွင်းနေရ၍ လျှော့ချသုံးစွဲသင့်သည်ဆိုသော သတင်း စသည့်ချွေတာရေးသတင်းများဖြစ်လေသည်။ ထိုသတင်းအချက်အလက်များက ယနေ့တိုင်းပြည်တွင် ဘက်ပေါင်းစုံမှ ခြိုးခြံချွေတာရေးစနစ်ကိုကျင့်သုံးပြီး ကုန်ထုတ်စွမ်းအားကို အရှိန်အဟုန်နှင့်မြှင့်တင်သွားရန် သံချောင်းခေါက်လိုက်ခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် တိုင်းပြည် အသီးသီးတို့သည် စစ်ဘေးစစ်ဒဏ်များကြောင့် အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့ပြီး ပြန်လည် ထူထောင်ရေးနှင့်ခြိုးခြံချွေတာရေးစနစ်ကို ထိထိရောက်ရောက်ဆောင်ရွက်ကြရပါသည်။ အချို့သော နိုင်ငံများ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပြီး ခြိုးခြံ ချွေတာရေးစနစ်ကို ထိထိရောက်ရောက်လုပ်ဆောင် နိုင်မှုကြောင့် မူလအခြေအနေကို ကျော်လွန်ကာ တိုးတက်ကြီးပွားသောနိုင်ငံအဖြစ်သို့ပင် ရောက်ရှိ သွားသည်။ ထိုအထဲတွင် ဂျပန်နိုင်ငံသည် အတုယူ ဖွယ် အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဂျပန် နိုင်ငံသည် ထိုခေတ်ထိုအချိန်က တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်လုပ်ကိုင်ရသလို စစ်လျော်ကြေးပေးရသည့်နိုင်ငံများကိုလည်း စစ်လျော် ကြေးပေးခဲ့ရသည်။ ထိုအခက်အခဲ အကျပ်အတည်း မှ လွန်မြောက်ရေးအတွက် ဂျပန်တစ်မျိုးသားလုံး အလုပ်ကိုများများလုပ်ကြပြီး ခြိုးခြံချွေတာရေး စနစ်ကို အသုံးပြုခဲ့ရကြောင်း သမိုင်းမှတ်တမ်းများ အရ သိရသည်။ ထိုခေတ်ထိုအခါက ဂျပန်နိုင်ငံ သာမက စက်မှုခေတ်ရှေ့ပြေးနေသော ဗြိတိန်လို နိုင်ငံများပင်လျှင် စားရေး၊ သောက်ရေး၊ ဝတ်ရေး နေရာတိုင်းတွင် ခြိုးခြံချွေတာရေး ရာရှင်စနစ်ကို အသုံးပြုခဲ့ရသည်။
ခြိုးခြံချွေတာခြင်းသည် မင်္ဂလာ
(၃၈)ဖြာမင်္ဂလာတရားတော်တွင် “တပေါစ” ခြိုးခြံချွေတာခြင်းသည် မင်္ဂလာဖြစ်သည်ဟု ဆိုထား သည်။ ထိုမင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံ နေထိုင် လုပ်ကိုင်ကြသူတိုင်းသည် ချမ်းသာစွာ နေထိုင်ရခြင်း၏ အကြောင်းပင်ဖြစ်သည်။ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၏ အကြောင်းပင်ဖြစ် သည်။ ခြိုးခြံစွာနေထိုင်ခြင်းဖြင့် စိတ်ဆင်းရဲခြင်း လည်း မရှိ၊ ကိုယ်ဆင်းရဲခြင်းလည်းမရှိပေ။ ထို့ကြောင့် ခြိုးခြံချွေတာစွာ နေထိုင်ခြင်းသည် မင်္ဂလာပင်ဖြစ်သည်။ ဘဂဝါဘုရား ဟောမြွက်ကြား သည့် ထိုမင်္ဂလာတရားတော်သည် လူသားတိုင်း အတွက် လောကလမ်းညွှန် ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်း ထာဝရမှန်ကန်နေသော အကြောင်း တရားပင်ဖြစ်၏။ ထိုတရားတော်နှင့်အညီ လက်ကိုင်ထား ကျင့်သုံးလိုက်နာဆောင်ရွက်ကြသူ အပေါင်းသည် ကြီးပွားတိုးတက်ခြင်းပန်းတိုင်သို့ မလွဲမသွေရောက်ရမည်မှာ အမှန်ပင်ဖြစ်ပါသည်။
“ရေကိုမူလ ချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပါ”
ဒီမိုကရေစီအစိုးရနှစ်ဆက် မတိုင်မီက ရေနှင့် မီး ခြိုးခြံချွေတာရေး တိုက်တွန်းဆော်ဩခဲ့သော ဆောင်ပုဒ်တစ်ခုဖြစ်သည်။ အမှန်တကယ်တော့ ရေသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ရွှေလိုတန်ဖိုးရှိသည်ဟုဆိုရမည်သာ။ အဘယ် ကြောင့်နည်း။ ရေသည် စိုက်ရေးပျိုးရေး၊ နေထိုင် ရေးတို့အတွက် မရှိမဖြစ် လိုအပ်နေခြင်းကြောင့် ပင်ဖြစ်ပါသည်။ ဟုတ်ပါသည်။ ရေမှသောက်ရေ သုံးရေကိုလည်း အသုံးချရသည်။ စိုက်ရေးပျိုးရေး အတွက်လည်း ရေသည် အဓိကဇာတ်လိုက်ဖြစ် နေသည်။ လျှပ်စစ်မီးလင်းရေးကြပြန်တော့ ရော သူမပါလျှင်မပြီးပေ။ ထို့ကြောင့်ရေကို မူလ ချွေတာကြဟု ဆိုခြင်းဖြစ်သည်။
ယနေ့ ရန်ကုန်မြို့ကြီး တစ်ခုတည်းကိုပဲ လေ့လာကြည့်ပါ။ အဓိက မြို့တွင်းနေရာများကို ပေးထားသည့်ရေသည် လှော်ကား၊ ချိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ်၊ လဂွန်းပြင်စသည့် ရေအရင်းအမြစ်များ မှပေးဝေနေခြင်းဖြစ်သည်။ ထိုရေအရင်းအမြစ်များ သည် မိုးရေကိုအခြေခံသည်။ မိုးတွင်းကာလ မိုးကောင်းကောင်းရွာသွန်းမှသာ မြို့ရေပေးဝေရေး ကို ကောင်းစွာစီမံခန့်ခွဲနိုင်သည်။ သောက်ရေနှင့် သုံးရေအရင်းအမြစ်သည် ဆည်ရေပင်ဖြစ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် နေ့စဉ် ရေဂါလန်ပေါင်းသန်း၂၅၀ အထက်ဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေပေးဝေ
မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံ အပါ အဝင် နိုင်ငံတစ်ဝန်းရေလှောင်တမံ ၂၄၅ ခု၊ ရေလွှဲ ဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊ မြစ်ရေ တင် ၂၁၀ စုစုပေါင်း ဆည်မြောင်းအဆောက်အအုံ ၈၇၀ ကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းကာ နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံဧက ၂၄ သိန်းခန့် အတွက် စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရ သည်။ ခေတ်အဆက်ဆက်က အမြော်အမြင်ကြီး စွာ တည်ဆောက်ခဲ့သည့် ထိုဆည်မြောင်းတာတမံ များသည် သောက်ရေ၊ သုံးရေနှင့် စိုက်ပျိုးရေးတို့ အတွက်သာမက လျှပ်စစ်မီးလင်းရေး အတွက်ပါ အသုံးပြုနေရခြင်းဖြစ်သည်။
မိမိအသိစိတ်ဓာတ်ဖြင့်လုပ်ဆောင်
လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ တစ်ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ ထိုအချက် များကို ထောက်ရှုခြင်းအားဖြင့် ဆည်တမံများ၏ အခန်းကဏ္ဍသည် မီးလင်းရေးတွင် အဓိကနေရာမှ ပါဝင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မကြာမီ နွေကာလသို့ရောက်ရှိလာတော့မည်။ ဆည်ရေများ သည်လည်း တဖြည်းဖြည်း လျော့နည်းကျဆင်း လာသည်။ နွေရောက်သည်နှင့် ရေနှင့်လျှပ်စစ်မီးအသုံးပြုမှုကလည်း များပြားလာမည်မှာ အမှန်ပင် ဖြစ်သည်။ ပန်ကာ၊ ရေခဲသေတ္တာ၊ လေအေးပေးစက် အသုံးပြုမှုသည် မြို့ကြီးပြကြီးများ၌ သိသိသာသာ တိုးလာလိမ့်မည်။ နေ့စဉ်ရေ တစ်ကြိမ်သာ ချိုးသူ များ နှစ်ကြိမ်၊ သုံးကြိမ် ချိုးကြပေဦးမည်။ ရေနှင့် လျှပ်စစ်မီးအသုံးပြုမှု လျှော့ချရေးကို မိမိအသိ စိတ်ဓာတ်ဖြင့်လုပ်ဆောင်ရုံမှတစ်ပါး အခြားမရှိပါ။ သုံးစွဲသူမိဘ ပြည်သူများ၏ အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်ခြင်းကသာ အဓိကအချက် ဖြစ်ပါသည်။ ထိုသို့ပူးပေါင်းပါဝင် လုပ်ဆောင်သူ များကသာ တကယ်တမ်းအကျိုးကျေးဇူးကို ခံစား ရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ပန်ကာ၊ လေအေးပေးစက်၊ မီးလုံး၊ မီးချောင်းများကို လျှော့သုံးလိုက်သဖြင့် မီတာခကုန်ကျစရိတ်လျော့ကျသွားမည်ဖြစ်ပါသည်။ ရေကို နှစ်ကြိမ်သုံးကြိမ် ချိုးမည့်အစား တစ်ကြိမ်တည်းနှင့်ပြီးအောင် ချိုး လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက်ပါ အထောက် အကူပြုမည်ဖြစ်ပါသည်။
ရေနှင့်လျှပ်စစ်မီးသာမက နိုင်ငံခြားငွေ အမြောက်အမြားအသုံးပြု၍ ဝယ်ယူတင်သွင်း နေရသော ဆီနှစ်ဆီကလည်း မဖြစ်မနေချွေတာ သုံးစွဲရမည့်ကိစ္စဖြစ်သည်။ စားသုံးဆီနှင့် စက်သုံး ဆီများကို ပြည်ပမှတင်သွင်းနေရသည်။ ၂၀၂၁ ခုနှစ် တွင် စားအုန်းဆီအပါအဝင် ဆီတင်သွင်းမှုမှာ ၈၅၈၆၈၅ ဒသမ ၂၇၁ တန်(တန်ချိန် ၈ ဒသမ ၅ သိန်းကျော်ခန့်) ဒေါ်လာ ၈၆၆ ဒသမ ၇၁၁ သန်း တန်ဖိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ခန့်မှန်း လူဦး ရေ ၅၅ သန်းခန့်ရှိကြောင်း၊ လူတစ်ဦးချင်းနေ့စဉ်သုံးစွဲ သည့် စားဆီသည် ၂ ဒသမ ၂ ကျပ်သား ရှိကြောင်း၊ တစ်နှစ်လျှင် ရှစ်ပိဿာခန့်ဖြစ်ကြောင်း၊ တစ်နှစ် စားဆီတန်ချိန် ခုနစ်သိန်းကျော်ရှိကြောင်း၊ ဆီကို စားသုံးသင့်သည်ထက် ပိုမိုစားနေကြသဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးစသော ရောဂါများ များပြား လာကြောင်းသတင်းများက ဆိုပါသည်။
စက်သုံးဆီတင်သွင်းခဲ့မှု
ထို့အတူ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တစ်သန်းကျော်နှင့် ဆိုင်ကယ် ခြောက်သန်းကျော်ရှိ ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စက်သုံးဆီတင်သွင်းခဲ့မှု သည် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ရှိကြောင်း၊ တန်ဖိုးအားဖြင့်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိ ကြောင်း သိရပါသည်။ သို့အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်အသုံးပြုမှုကို လျှော့ချရမည်ဖြစ်ပါသည်။ မော်တော်ယာဉ်တစ်စီး တစ်နေ့ ဆီတစ်လီတာ၊ ဆိုင်ကယ်တစ်စီးတစ်နေ့ နို့ဆီဘူး တစ်ဝက်ခန့် လျှော့သွားမည်ဆိုလျှင် နှစ်မျိုးပေါင်း ဆီဂါလန် ၂၅၀၀၀၀ ခန့် သက်သာသွားမည်ဖြစ်ကြောင်း၊ တစ်ဂါလန်ပျမ်းမျှ ကျပ် ၆၀၀၀ စျေးနှင့်တွက်လျှင် တစ်နေ့ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံအထိ ကုန်ကျ မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းသိရသည်။
မော်တော်ယာဉ်ဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေ တကယ်လိုအပ်မှသုံးခြင်းသည် အကောင်းဆုံးဖြစ် ပါသည်။ လမ်းလျှောက်သွားသင့်သည့် ခရီးတိုလေး များဖြစ်လျှင် လမ်းလျှောက်သွားခြင်း သို့မဟုတ် စက်ဘီးစီး၍ သွားခြင်းက စက်သုံးဆီကိုချွေတာရာ ရောက်သလို ကိုယ်လက်လှုပ်ရှားသွားလာခြင်း ကြောင့် ကျန်းမာရေးကိုလည်းအထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါသည်။
သို့ပါ၍ ကျွန်တော်တို့နိုင်ငံသည် အရာရာချွေတာ စွာသုံးစွဲရမည့် အခြေအနေတစ်ရပ်ဖြစ်လာပါသည်။ သို့သော် စိုးရိမ်စရာတော့မဟုတ်ပါ။ စိန်ခေါ်မှု (Challenge )ဖြစ်ပါသည်။ ထိုစိန်ခေါ်မှုကို အခွင့် အလမ်း (Chance) အဖြစ်ခံယူပြီး ဝိုင်းဝန်းကြိုးစားအားထုတ်ကြမည်ဆိုလျှင် တိုးတက်ပြောင်းလဲမှု အဆင့် တစ်ခုသို့ တက်လှမ်းလာနိုင်မည်ဖြစ်ပါသည်။ ယခုအခါရပ်နားထားသော ပြည်တွင်း စက်ရုံအလုပ်ရုံ များလည်း ပြန်လည်လည်ပတ်ရန် ကြိုးစားနေကြ ပြီဖြစ်ပါသည်။ ထုတ်လုပ်မှုကိုမြှင့်၍ ချွေတာရေးကို ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းများတိုးတက် လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံးချွေတာမှဖြစ်မည်။ ရေသုံးစွဲမှုကိုချွေတာ ရမည်။ မလိုအပ်ဘဲ လျှပ်စစ်အသုံးပြုမှုကို ချွေတာ ရမည်။ ကျန်းမာရေးကိုထိခိုက်နေသော ဆီစားသုံးမှု ကိုချွေတာရမည်။ နိုင်ငံခြားငွေကုန်ကျ စရိတ် များပြားနေသော ယာဉ်အသုံးပြုမှုကို ချွေတာရမည်။ ဤသို့ဆိုလျှင် ချွေ(၄)ချွေကို ဗဟိုပြုလို့ ချွေတာ သမှုနှင့် ဖွေရှာစုကြပါစို့ဟူ၍သာ တိုက်တွန်းတင်ပြ လိုက်ရပါသည်။ ။
- Log in to post comments