ခြိုးခြံချွေတာ စိတ်ချမ်းသာ

Type
77

 

နုခန့်ယဉ် (ရစ်ကန်ကြီး)
 

ခြိုးခြံချွေတာခြင်းဟူသည် အိမ်တစ်အိမ်၊ မိသားစုတစ်စုအတွက် အလွန်ပင်အရေးကြီးပါသည်။ လူသားများဟူသည်ကား နေ့စဉ်နှင့်အမျှ ဝမ်းစာရေးအတွက် အဓိကထား၍ ရှာဖွေစားသောက်နေထိုင်ကြရသူများဖြစ်သည်။ လူသားဟူသည် တစ်ဦးတစ်ယောက်တည်းခွဲထွက်၍ နေကြရသည်မှာ နည်းပါးပါသည်။ မိသားစု၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများနှင့် နေထိုင်ကြရသူများသည် ပို၍ချွေတာကြရပါသည်။ တစ်နေ့တာအတွက် ဝင်ငွေနှင့်ထွက်ငွေသည် ညီမျှရုံနှင့် လုံလောက်နေ သည်မဟုတ်ပါ။ လူသားဟူသည် အသွေးအသားနှင့်တည်ဆောက်ထားကြသူများဖြစ်၍ ကျန်းမာရေးအတွက်လည်းကောင်း၊ ခန္ဓာကိုယ် အပန်းဖြေအနားယူရသည့် အားလပ်ရက်များအတွက် ဝင်ငွေမရှိသော နေ့ရက်များအတွက်လည်းကောင်း၊ သံသရာဟူသော လောကုတ္တရာအတွက် ရည်မျှော်၍ အလှူဒါနပြုရန်အတွက် လည်းကောင်း ငွေကြေးကိုတတ်နိုင်သရွေ့ စုဆောင်းထားရပါသည်။ ထို့ကြောင့် ဝင်ငွေထွက်ငွေ ရှိမျှရုံသာမက အနည်းငယ်ပိုလျှံငွေရှိမှသာလျှင် မိသားစုဘဝ စိတ်အေးချမ်းသာကြရမည် ဖြစ်ပါသည်။

 


အလှအပ အဆင်တန်ဆာလျှော့ပါ


အလှအပအဆင်တန်ဆာဟူသည်    အမြဲတမ်း တည်မြဲနေသော    အရာမဟုတ်ပါ။   ခေတ်ပညာ ဆန်းသစ်မှုနှင့်အတူ              တီထွင်ကြံဆနိုင်သမျှ အသစ်အဆန်းများ ဆက်လက်ထွက်ပေါ်နေမည် သာ   ဖြစ်သည်။    အလှအပ   အဆင်တန်ဆာဟူ ကတည်းက      အလှကြည့်ရန်    သက်သက်သာ အသုံးဝင်ပါသည်။ လူ့ဘဝတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေသည်မဟုတ်ပါ။ အမြင်တင့် ရန်သာ ပြင်ဆင်၍ ဆင်ယင်ကြရသော အရာဖြစ် သည်။ “မရှိဝမ်းစာ၊ ရှိတန်ဆာ”ဟု ပြောသောအရာ တွင် “ရွှေငွေကျောက်မျက်ရတနာ” မှလွဲ၍ အခြား အလှ     အဆင်တန်ဆာများသည်     အလွယ်တကူ ပြန်လည်ထုခွဲရောင်းချ၍ ရသည့်အရာ မဟုတ်ချေ။ ငွေကြေးရှိသလောက်    ဝယ်ယူဆင်ယင်၍   ရသော် လည်း     လိုအပ်သည့်အခါ    ပြန်လည်ဖော်ထုန်ရန် ခက်ခဲပါသည်။ ရွှေ ငွေ ကျောက်မျက်ရတနာများသည် “မရှိဝမ်းစာ”   ဆိုသော်လည်း   တကယ်ပိုလျှံမှသာ ဆင်ယင်ကြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ မည်မျှပင် တန်ဖိုးရှိသော အဆင်တန်ဆာဖြစ်စေ ကာမူ   လိုအပ်၍   ပြန်လည်ဖော်ယူသုံးစွဲသည့်အခါ တန်ဖိုးသည်     ကျဆင်းနေခြင်းသာဖြစ်သည်ကိုမူ သတိပြုကြရပေမည်။

 


အဝတ်အစား  အလှအပတန်ဆာသည်ပို၍ပင် ချွေတာရပါမည်။     အဝတ်တန်ဆာဟူသည်ကား ခေတ်မီရန် ထွက်ပေါ်လာသမျှ ဒီဇိုင်းကို ဝတ်ဆင်နေ ကြရမည်မဟုတ်။ မိမိခန္ဓာ လုံခြုံ၍ မြန်မာ့ယဉ်ကျေးမှု ဟန်ရှိရန်သာ     လိုအပ်ပါသည်။   အဝတ်အစား ယှဉ်ပြိုင်နေခြင်းသည်   အဘယ်အရာမှ   တိုးတက် အောင်မြင်လာမည်မဟုတ်။ ဝင်ငွေကို ထိခိုက်သည့် အပြင် လိုအပ်သော၊ သင့်တင့်သော အသုံးစရိတ်ကို လည်း ထိခိုက်စေသည်။ တခြားသော အောင်မြင်မှု အတွက်  ကြိုးပမ်းရာတွင်လည်း အဟန့်အတားဖြစ် စေသည်။   “တောင်းမှာအကွပ်၊    လူမှာအဝတ်” ဟူသည်မှာ    အမြဲတမ်းအဝတ်အစားကို    ခေတ်မီ အောင် ဝတ်ဆင်နေရခြင်းကို ဆိုလိုခြင်း မဟုတ်ပါ။ သင့်လျော်ရာနေရာဒေသနှင့်             လိုက်ဖက်သော ဝတ်စားဆင်ယင်မှုသာလျှင် အဓိကလိုအပ်ခြင်းဖြစ် သည်။ ရှေးလူကြီးများ ဆိုဆုံးမသည်ကို မှတ်သားဖူး ပါသည်။    အဝတ်အစားဟူသည်ကား   အဝတ်ဒီဇိုင်း မထပ်အောင်   ဝတ်စားနေကြရန်မလို။   သန့်ရှင်း အောင်   လျှော်ဖွပ်၍   သေသပ်စွာ   ဝတ်ဆင်ရန်သာ လိုအပ်ပါသည်။    စည်းကမ်းရှိစွာ   ဝတ်ဆင်လျှင် အဝတ်အထည်ဟူသည်  နှစ်ချီအောင်ဝတ်၍ရသော အဆင်တန်ဆာဖြစ်သဖြင့် လိုအပ်သည်ထက် ပို၍ မဝယ်ယူဘဲ ချွေတာရန်သာ လိုအပ်ပါသည်။

 


ယခု            ခေတ်မီတိုးတက်လာသည်နှင့်အမျှ တခြားသော   အလှအပအဆင်တန်ဆာများသည် လူသားတို့ နှစ်သက်ဖွယ် အပြင်အဆင်  ဒီဇိုင်းများ၊ လူသားတစ်ယောက်၏ လှပချောမောမှုကို မြတ်နိုး တတ်ခြင်းကို   နှစ်သိမ့်နိုင်သော  အလှကုန်များဖြင့် လူသားတို့ကို    ဆွဲဆောင်နေကြသည်။     လှပ ချောမောခြင်းဟူသည် မွေးရာပါထက်များစွာ ပို၍ ပြင်ဆင်လိုက်လျှင်  မလိုအပ်သော  ဆိုးကျိုးများကို ဖြစ်စေသည့်အပြင် မိမိနှင့် ဓာတ်မတည့်သည့်အခါ မူလထက် ပိုရုပ်ရည်ဆိုးသွားတတ်ပါသည်။ ခေတ်မီ အလှကုန်များ၏ စျေးနှုန်းများသည်လည်း “ဝမ်းစာ ရေး စျေးနှုန်း” များနှင့် တစ်ပြေးညီခန့် ဖြစ်နေပါ သည်။ အလှအပပြင်ဆင်၍ တစ်ခဏတာလှပသည် ထက် ဝမ်းစာအတွက် အကုန်အကျခံပြီး  ကျန်းမာနေ ခြင်းက    ပို၍လှပသည်ကို  သတိပြုဆင်ခြင်ကြရ ပေမည်။

 


အနေအထိုင်အပြုအမူ ပြောင်းလဲပါ


အနေအထိုင်   အပြုအမူ    ပြောင်းလဲကြရမည်။ အဘယ်သို့သော   နေထိုင်ပြုမူခြင်းနည်း။   လူသားတို့ သည် ပင်ပန်းသည်ထက်  သက်သာစွာ နေထိုင်ကြရ သည်ကို ပို၍နှစ်သက်ကြသည်။ သက်သာစွာ နေထိုင် ရခြင်းသည် စည်းစိမ်ရှိသည်ဟု ထင်ရသော်လည်း အမှန်တကယ် အကျိုးမရှိပါ။ ကျန်းမာခြင်းကိုလည်း ထိခိုက်စေပါသည်။ ယခုခေတ်တွင် စက်ဘီးစီးခြင်း၊ ခြေကျင်လျှောက်ခြင်းတို့သည်     မြို့ပြမှာသာမက ကျေးလက်များတွင်လည်း        ရှားပါးလာကြသည်။ ခေတ်မီလာသည်နှင့်အမျှ အချိန်ကို ချွေတာသင့်သည့် နေရာတွင်  မချွေတာဘဲ  မချွေတာသင့်သည့် နေရာ များတွင်ပါ အချိန်ကို ချွေတာလာသလို ဖြစ်နေသည်။ မြန်မြန်ရောက်လျှင် ပြီးတာပဲဟူသော အတွေးဖြင့် ကိုယ့်အားကိုယ်ကိုးခြင်းကို ရှောင်ဖယ်၍ ဆိုင်ကယ်၊ မော်တော်ယာဉ်တို့ဖြင့်သာ  ဘယ်လောက်နီးသော ခရီးဖြစ်စေ၊   ဝေးသော   ခရီးဖြစ်စေ  သွားလာနေကြ သည်။   ကိုယ်လက်လှုပ်ရှားခြင်းအစွမ်းကို မေ့နေကြ သလို ကုန်ဆုံးသွားသည့် ငွေကြေးပမာဏကိုလည်း လျစ်လျူရှုနေကြတော့သည်။       သုံးစွဲလိုက်သည့် သဘာဝဓာတ်ငွေ့   အန္တရာယ်ကိုလည်း မသိကြတော့ ချေ။ အကယ်၍သာ   မိမိတတ်နိုင်သမျှ  ငွေကြေးချွေ တာ၍   သွားလာမည်ဆိုလျှင်  ကျန်းမာခြင်းရလဒ် သာမက သဘာဝဘေးအန္တရာယ်လည်း  ကင်းဝေးပေ လိမ့်မည်။

 


တစ်ခါတစ်ရံမှာ   လူသားတို့၏     အပြုအမူ အနေအထိုင်တို့သည်  လိုအပ်သည်ထက်  ပိုလာကြ သည်။     ယခုခေတ်မီလာသည့်    အချိန်ကာလတွင် မိုဘိုင်းဖုန်း    အသုံးပြုခြင်းသည်လည်း   လိုအပ်သည် ထက်ပိုသော အနေအထားဖြစ်လာကြသည်။ လိုအပ် သည့်အချိန်တွင်သာ  မိုဘိုင်းဖုန်းကို သုံးသည်မဟုတ်။ အချိန်ရှိသရွေ့ မိုဘိုင်းဖုန်းအပေါ် အာရုံစိုက်မှု များပြား နေသည်။ ဘေးအန္တရာယ်လည်း မသိ၊ ကျန်းမာရေး လည်း  မသိဘဲ စိတ်ရှိတိုင်း   အသုံးပြုနေကြသည်။ သတိမပြုမိသည့်အခါ   ဖုန်းဘေများ  မလိုအပ်ဘဲ ကုန်ဆုံးကြရသည်။ မိုဘိုင်းဖုန်းသုံးစွဲမှု အပြုအမူကို လျှော့ချလိုက်မည်ဆိုလျှင်   အမြင်အာရုံ၊   အကြား အာရုံ    ပိုမိုကောင်းမွန်လာမည့်အပြင်   ငွေကြေး ချွေတာရာရောက်သည်ကိုလည်း  သိရှိရန်  လိုအပ်ပါ သည်။

 


ရှေးလူကြီးများသည်     ကျန်းမာရေးဟူသော အကြောင်းပြချက်ကို          လက်ကိုင်ထားလျက် အားလပ်ချိန်မရှိ    လှုပ်ရှားလုပ်ကိုင်နေကြသည်။ အဘယ်သို့သော အလုပ်ကို လုပ်ကိုင်ကြရသနည်း။ မိမိအိမ်ခြံဝင်းအတွင်း    ပေါင်းသင်မြက်ရှင်းသည်။ ရှိသည့်   မြေကွက်လပ်နေရာ၌    ရာသီစာ  သီးပင် စားပင် စိုက်ပျိုးကြသည်။ အစားအသောက်ဟူသည် အထွေအထူး ရှာဖွေစားသောက်ကြရသည် မဟုတ်။ စိုက်ပျိုး၍ ရလာသော တစ်ပိုင်တစ်နိုင် အင်အားသည် စားသောက်မှုဝမ်းရေးအတွက်     ခွန်အားဖြစ်လာ သည်။      ဝမ်းစာရေးအတွက်    ငွေကြေးကုန်ကျမှု သက်သာသလို            ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်ပေသည်။ ခေတ်မီတိုးတက် လာသည်နှင့် အိမ်ရှင်မစျေးတွင် အလွယ်တကူ ရရှိ နိုင်သည်ဟူသော ငွေကုန်ကြေးကျများမည့် အတွေး ကို မတွေးဘဲ ကိုယ့်အားကိုယ်ကိုး၍ စိုက်ပျိုးခြင်းဖြင့် ခြိုးခြံချွေတာ ကြရပေမည်။ လတ်ဆတ်သော အသီး အနှံများကို စားသုံးခြင်းဖြင့် ကျန်းမာ၍ စိတ်ချမ်းသာ သည့်   ဘဝကို ပိုင်ဆိုင်ကြရမည်မှာ    မလွဲဧကန်ပင် ဖြစ်ပေသည်။

 


အစားအသောက် ပုံစံပြောင်းပါ


“အိမ်စီးပွားအတက်အကျ၊ မီးဖိုချောင်က” ဟု ဆိုလျှင်  မှားမည်မဟုတ်ပါ။ အစားအသောက်စားနိုင်မှ အားရှိမည်၊ ကျန်းမာမည်ဟု တထစ်ချတွက်ထားကြ သည်။   စားချင်တိုင်း  စားနေ၍  ကျန်းမာသည် မဟုတ်ပါ။   အာဟာရမျှတအောင်   စားမှသာလျှင် ကျန်းမာခြင်းသုခ    ရရှိမည်ဖြစ်သည်။   အရသာရှိရှိ စားနိုင်မှ   စားကောင်းသည်မဟုတ်။   စားကောင်း အောင်                ချက်ပြုတ်          စားသောက်ခြင်းသည်သာ “ဝမ်းမီး” ကို ငြိမ်းစေနိုင်ပါသည်။ အသားငါးများကို နေ့စဉ်ချက်ပြုတ်စားသောက်လျှင် အဆီအဆိမ့်များ မည်။ ပိုလျှံသော  အသားဓာတ်ကြောင့်  ကျန်းမာရေး အတွက်လည်း   အန္တရာယ်ရှိနိုင်သည်။  အသားငါး စျေးနှုန်းကြောင့်လည်း    ငွေကုန်ကြေးကျ    များပေ လိမ့်မည်။

 


အသားငါးတစ်လှည့်  ဟင်းသီးဟင်းရွက်တစ်ဖုံ အမျိုးအစုံစုံကို      စားချင်စဖွယ်      ချက်ပြုတ် စားသောက်ခြင်းသည်  အာဟာရညီမျှရုံသာမက ချွေတာရာလည်း    ရောက်ပေသည်။   “ဆီကို လျှော့စားပါ” ဟူသော နှိုးဆော်ချက်ကို အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အစဉ်သတိပေးလျက်ရှိ သည်။ အသားငါးဆီပြန်ကို   နေ့တိုင်းစားသည်ထက် အချဉ်ရည်ဟင်းတစ်ခွက်ပါအောင်       ချက်ပြုတ် စားသောက်ခြင်းသည်  “ဝမ်းမီး”  ကောင်းစေသည့် ဆေးတစ်ခွက်လည်း ဖြစ်စေပါသည်။ ကုန်စျေးနှုန်း များ မြင့်တက်လာခြင်းသည် အိမ်ထောင်ရှင်မများ သာမက မိသားစုများပါ အနည်းငယ်စိတ်ညစ်ကြရ သည်     ရှိပါလိမ့်မည်။    သို့သော်    “အစကောင်းမှ အနှောင်း     သေချာ”   ဆိုသကဲ့သို့    ခြိုးခြံချွေတာ ချက်ပြုတ်စားသောက်မှု        ပြုလုပ်သူများအတွက် ကုန်စျေးနှုန်းကို           သောကအလွန်ဖြစ်စရာမလို တော့ချေ။      ထို့ကြောင့်    ထွက်ငွေဝင်ငွေလည်း မျှတ၊    ကျန်းမာရေး      အာဟာရလည်းဖြစ်အောင် စားသောက်မှုပုံစံကို   ပြောင်းလဲကြရန်     လိုအပ် ပါသည်။

 


ခြိုးခြံချွေတာပါ


မိသားစုတစ်စုတွင်    ခြိုးခြံချွေတာခြင်းသည် အလွန်အရေးပါပါသည်။    မိသားစုလုံခြုံမှုကို ရရှိရုံ သာမက   သာယာချမ်းမြေ့သော    မိသားစုဘဝကို လည်း ပိုင်ဆိုင်ကြရပေမည်။ ဘောဂဗေဒဟူသော စီးပွားရေးနည်းပညာအရ​ဆိုလျှင် “လူတို့၏ လိုအင် ဆန္ဒများသည် အတောမသတ်အောင် များပြားလှ သည်။ ထိုလိုအင်ဆန္ဒများကို  ဖြည့်ဆည်းရန်အတွက် အင်အားစုများသည် အကန့် အသတ်ဖြင့်သာ ရရှိနိုင်ပါသည်။ ထိုကန့်သတ်ဘောင် အတွင်းတွင်  လိုအင်ဆန္ဒအများဆုံးကို         ဖြည့်ဆည်း ပေးနိုင်သည့်  အကောင်းဆုံး   နည်းလမ်းများဖြင့်သာ ရွေးချယ်မှု ပြုကြရမည်ဖြစ်သည်”ဟူ၍ဖြစ်သည်။ အသင့်လျော်ဆုံးသော အသုံးအဆောင်၊ အသင့်လျော်  ဆုံးသော ကျန်းမာရေးအရ နေထိုင်မှု၊ အသင့်လျော်  ဆုံးသော မှန်ကန်သည့်  ရွေးချယ်သုံးစွဲမှုတို့သည် ခြိုးခြံချွေတာခြင်းအတွက်  အကောင်းဆုံး နည်းလမ်း များပင် ဖြစ်ပေသည်။

 


မိသားစုတိုင်းမှာ ဝင်ငွေအသင့်အတင့် ရှိကြပေ လိမ့်မည်။ နေ့စဉ်ပုံမှန်   ဝင်ငွေကွာခြားမှု  ရှိနိုင်ပါ သည်။ သို့သော်ခွဲဝေသုံးစွဲမှုပုံစံသည် အိမ်ထောင်စု တိုင်း၊ လူသားတိုင်းအတွက် တူညီစွာဆောင်ရွက်နိုင် သော   နည်းလမ်းကောင်းရှိပါသည်။   တစ်နေ့တာ မိသားစုဝင်ငွေကို  လေးပုံ ပုံပါ။ တစ်ပုံကို ဝမ်းစာ၊ တစ်ပုံကို လိုအပ်လျှင် အပိုသုံးငွေ၊ တစ်ပုံကို အလှူ ဒါန၊ တစ်ပုံကို ကျန်းမာရေးဟူ၍ ခွဲခြားစုဆောင်းကြ ရမည်။  ထိုလေးပုံ  ပုံစံတွင်   ဝမ်းစာမှလွဲ၍   ကျန် သုံးပုံကို လိုသလို ခွဲဝေအသုံးချနိုင်ပေသည်။ အစပိုင်း တွင်  ခက်ခဲသလို   ရှိပါလိမ့်မည်။   သို့သော် နေ့စဉ် ပုံမှန်ဖြစ်လာသည့်အခါ ငွေကြေးလည်ပတ်မှုသည် အဆင်ပြေလာပါလိမ့်မည်။ မိသားစုဝင်တိုင်းလည်း သဘောပေါက်  နားလည်ရန်    လိုအပ်ပါသည်။ သို့မှသာ  ပစ္စုပ္ပန်၊  အနာဂတ်၊  သံသရာ ဟူသော  ခရီးတွင်   သာယာပျော်ရွှင်ခြင်းတွေ     ခံစားရရှိနိုင် ပါလိမ့်မည်။

 


စိတ်ဟူသည်ကား လူသားတို့၏ တန်ခိုးရှင်ဖြစ် သည်။ ထိုတန်ခိုးရှင်ဟူသည့်အရာသည် ညစ်ညူး နေခဲ့လျှင် မည်သည့်အရာမှ ဆောင်ရွက်ရန် အဆင် မပြေနိုင်ပေ။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ခေတ်နှင့်အညီ   နေထိုင်နိုင်ရန်  ခေတ်ရှေ့ပြေးအောင် သုံးစွဲရန်    မသင့်လျော်ချေ။    ခေတ်နှင့်အညီအမျှ နေထိုင်နိုင်ရန်    သင့်တင့်စွာ   သုံးစွဲချွေတာကြရပေ မည်။  စိတ်အပူသောကမရှိလျှင်   ချမ်းသာခြင်း သုခရရှိမည်။ ချမ်းသာခြင်းသုခ    ရရှိလျှင်   ကျန်းမာ ပေမည်။   ကျန်းမာလျှင်  လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ပေမည်။ ထိုအခါ မိသားစုစိတ်ချမ်း သာရပေမည်။     မိသားစုတိုင်း   စိတ်ချမ်းသာ၍  အလုပ်လုပ်နိုင်လျှင်        တိုင်းပြည်သည်လည်း           အေးချမ်းသာယာမည်။ တိုးတက်မည်။ ချမ်းသာ လာပေလိမ့်မည်။   ထို့ကြောင့်   “ခြိုးခြံချွေတာ စိတ်ချမ်းသာ”     ဆိုသည့်   နည်းလမ်းမှသည်  “ခြိုးခြံချွေတာ   ပြည်ချမ်းသာ”  ဟူသော ဆောင်ပုဒ် အထိ   အောင်မြင်ရန်     မိသားစုတိုင်း၊   လူသားတိုင်း ခြိုးခြံချွေတာ   သုံးစွဲကြပါဟု   တိုက်တွန်းရေးသား လိုက်ရပေသည်။      ။