ခွေးတို့၏ အနံ့ခံစွမ်းရည်ကို အသုံးချပြီး ကိုဗစ် - ၁၉ အတည်ပြုလူနာများကို ရှာဖွေစစ်ဆေးခြင်း

Type
၁

ဆောင်းပါး

=====

 

ခွေးတို့၏ အနံ့ခံစွမ်းရည်ကို အသုံးချပြီး

ကိုဗစ် - ၁၉ အတည်ပြုလူနာများကို ရှာဖွေစစ်ဆေးခြင်း

==========================================

 

ဒေါက်တာခင်စန်းမော်

========

ယခုအခါ ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ရောဂါကူးစက်ခံရသော အတည်ပြုလူနာပေါင်း ၅၃ သန်း ကျော်ရှိလာပြီး သေဆုံးသူမှာ ၁ ဒသမ ၃ သန်းကျော် ရှိနေပါပြီ။

ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် ကပ်ရောဂါ ပထမ လှိုင်းကို အလူးအလဲ ခံခဲ့ကြရပြီး အချို့နိုင်ငံများက ပထမ လှိုင်းကို ထိန်းချုပ်နိုင်သလိုရှိနေရာမှ ဒုတိယလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့နေကြရသည်လည်း ရှိသည်။

အမေရိကန်ပြည်ထောင်စုအတွင်း နေ့စဉ်ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့မှုသည် ဆက်လက်အရှိန်မြင့်လျက်ရှိရာ အစိုးရအနေဖြင့် ပြည်တွင်း၌ ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့ မှုကို ထိန်းချုပ်ရန် ကြိုးပမ်းတော့မည်မဟုတ်ကြောင်း အိမ်ဖြူတော်အကြီးအကဲချုပ်က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကူးစက်ပျံ့နှံ့မှု ဒုတိယအများဆုံးနေရာ တွင် ရောက်နေပါသည်။ ဥရောပနိုင်ငံများတွင်လည်း ဒုတိယလှိုင်း ဆိုးရွားလာမှုကြောင့် အသွားအလာထိန်းချုပ် ကန့်သတ်မှုများ ပြန်လည်လုပ်ဆောင်လာကြရသည်။ အချို့နိုင်ငံများတွင် အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိသော်လည်း ရောဂါလက္ခဏာ မပြသူများအား ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးတော့မည်မဟုတ်ဟုပင် ကြေညာ လိုက်ကြသည်။

မနေမနား လုပ်ဆောင်နေကြ

ကပ်ရောဂါကြီး စတင်ဖြစ်ပွားကတည်းက ကျန်းမာ ရေးဝန်ထမ်းများက ရှေ့တန်းမှ နေ့မအား၊ ညမအား တာဝန်ယူ ကြိုးပမ်းကုသပေးနေသလို ဆေးပညာရှင်များ၊ သုတေသနပညာရှင်များကလည်း ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်၏ သဘောသဘာဝ၊ မျိုးရိုးဗီဇပြောင်းလဲမှု ရှိ၊မရှိ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ လူကို ကူးစက် သောအခါ ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများ၊ လူ့ ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများအပေါ် တိုက်ခိုက် နိုင်မှု၊ ရောဂါကျရောက်နိုင်စွမ်း၊ ရောဂါ မကူးစက်အောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါပိုးရှိ၊မရှိ စမ်းသပ်စစ်ဆေးနိုင်မည့် နည်းလမ်းများ၊ တိရစ္ဆာန်များမှ တစ်ဆင့် စတင်ဖြစ်ပွား ကူးစက်လာသည်ဟု လက်ခံထား သောကြောင့် ရောဂါဖြစ်ပွားနေသောလူများမှ တိရစ္ဆာန် များကို ပြန်လည်ကူးစက်ခြင်း ရှိ၊မရှိ၊ တိရစ္ဆာန်များမှ လူကို ထပ်မံကူးစက်နိုင်ခြင်း ရှိ၊ မရှိ ၊ SARS-CoV-2 ဗိုင်းရပ်စ်ရောဂါ ကို ကုသနိုင်မည့်ဆေးဝါး တီထွင်ခြင်း၊ ကာကွယ်နိုင်မည့် ကာကွယ်ဆေးများ စမ်းသပ်တီထွင်ကြံဆခြင်း စသည် တို့ကို မနေမနား လုပ်ဆောင်နေကြပါသည်။

ရှာဖွေတွေ့ရှိချက်များကိုလည်း တစ်ကမ္ဘာလုံး အချိန်နှင့်တစ်ပြေးညီ သိရှိခွင့်ရအောင် ထုတ်ပြန်ကြေညာ ပေးနေပါသည်။ ရောဂါရှာဖွေစမ်းသပ်မှုသည် လူ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကိုယူပြီး ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲခန်းများတွင် PCR ဖြင့် စမ်းသပ်စစ်ဆေး ပေးခြင်း ဖြစ်သည်။ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ရောဂါ ကာကွယ် ထိန်းချုပ်ရေးစင်တာ(CDC) ၏ ဓာတ်ခွဲခန်း များက ကိုဗစ် - ၁၉ ကို လျင်မြန်စွာ စမ်းသပ်စစ်ဆေးပြီး အဖြေသိနိုင်သော Rapid test kit များအား တီထွင်ထုတ် လုပ်ခဲ့ပါသည်။ ထို Test kit ၏ အမည်မှာ CDC 2019 Novel Coronavirus (2019-nCoV) Real-Time Reverse Transcriptase (RT)-PCR Diagnostic Panel ဖြစ်ပါ သည်။

တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော ကပ်ရောဂါ အရေးမှာ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ခွေးလေ့ကျင့် ရာတွင် အလွန်ထူးချွန်ကျွမ်းကျင်လှသော ပညာရှင်များ၊ သုတေသနပညာရှင်တို့၏ ပါဝင်ဆောင်ရွက်မှုများကို တင်ပြလိုပါသည်။ လူသားတို့တွင် အချို့ရောဂါများ ကျရောက်သောအခါ မကျန်းမာသည့် လူ့ခန္ဓာကိုယ်မှ ထူးခြားသော အနံ့အသက်များ ထွက်လာတတ်သည်ကို သိပ္ပံပညာရှင်များ သိရှိခဲ့သည်မှာ ကာလအတန်ကြာ မြင့်ခဲ့ပါပြီ။ ကွဲပြားခြားနားသော ရောဂါပိုးအမျိုးမျိုးတို့သည် မတူညီသော နည်းလမ်းအမျိုးမျိုးဖြင့် လူ့ခန္ဓာကိုယ် အစိတ် အပိုင်းအမျိုးမျိုးတို့ကို ရောဂါကျရောက်စေသောအခါ ထူးခြားသော ပေါင်းစပ်ပြောင်းလဲမှုများကြောင့် ထွက်ပေါ် လာသည့် သီးသီးသန့်သန့်အနံ့များဖြစ်နေကြသည်။ လေထုထဲတွင် ပျံ့လာသော ထိုအနံ့များကို ခွေးများက သိသာထင်ရှားစွာ ခွဲခြားသိရှိနိုင်ကြပြီး ယင်းသည် ခွေးတို့ ၏ ကျွမ်းကျင်ပြောင်မြောက်သော အနံ့ခံစွမ်းရည်ကြောင့် ပင်ဖြစ်သည်။

ထို့ကြောင့် ငှက်ဖျားရောဂါဝေဒနာရှင်များ၊ အချို့ ကူးစက်ဗက်တီးရီးယားရောဂါရှင်များ၊ အချို့ကင်ဆာ ရောဂါလူနာများကို အနံ့ခံရုံဖြင့် ခွေးများက သိရှိနိုင်ကြ သည်။ သိပ္ပံပညာရှင်များက ခွေးတို့၏ အနံ့ခံစွမ်းရည်သည် လူတို့ထက် အဆပေါင်း ၁၀၀၀၀ ထက်မက ပိုမိုကောင်းမွန် သောကြောင့် ကိုဗစ်-၁၉ ရောဂါပိုး သယ်ဆောင်ထားသူများ ကို ခွဲခြားစိစစ်ရာတွင် ပါဝင်ကူညီလိုခြင်း ဖြစ်ပါသည်။

UK နိုင်ငံရှိ အစိုးရ အထောက်အပံ့ဖြင့် ပြုလုပ်သော လေ့လာမှုတစ်ခုတွင် ကိုဗစ်- ၁၉ ရောဂါရှိသူများကို ခွေးများ၏အနံ့ခံမှုဖြင့် စစ်ဆေးခဲ့သည်။ သုတေသန လေ့လာမှု၏ ရည်ရွယ်ချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို အနံ့ခံ နိုင်သည့်ခွေးများဖြစ်အောင် လေ့ကျင့်ပေးရန်၊ ကျောင်းများ၊ လေဆိပ်များနှင့် အခြားလူထူထပ်သောနေရာများတွင် ခွေး၏ အနံ့ခံစွမ်းရည်ကို အသုံးချပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ၊ သယ်ဆောင်ထားသူတို့ကို ရှာဖွေဖော်ထုတ်ပေးရန် ဖြစ်သည်။

ထို လေ့လာမှုမျိုးကို ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ် မှာလည်း ပြုလုပ်နေကြသည်။ ထိုသုတေသနများသည် ခွေး၏ အနံ့ခံစွမ်းရည်ထူးချွန်ထက်မြက်မှုအား သက်သေပြရုံ သက်သက်မဟုတ်ဘဲ ကပ်ရောဂါကာလအတွင်း လက်တွေ့ အသုံးချနိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ပြင်သစ်နိုင်ငံရှိ သုတေသန အဖွဲ့တစ်ခုသည် PCR test (ယခုအချိန်မှာ အကောင်းဆုံး စမ်းသပ်စစ်ဆေးမှု)နှင့် စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာအနည်းငယ်တို့၏ ချိုင်းမှထွက်သော ချွေးနံ့နမူနာများအား ခွေးများက အနံ့ခံရုံမျှဖြင့် အတည်ပြု လူနာဖြစ်သည်ကို တိကျမှန်ကန်စွာ ဖော်ထုတ်နိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ (ဤ စမ်းသပ်ချက်တွင် ခွေးက အတည်ပြု လူနာများ၏ချိုင်းကိုနမ်းပြီး ရှူကြည့်ခြင်း မဟုတ်ပါ)။

မှန်ကန်တိကျမှုနှုန်းလည်း မြင့်မား

၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဂျာမနီနိုင်ငံရှိ Hanover တိရစ္ဆာန်ဆေးပညာတက္ကသိုလ်မှ သုတေသနပညာရှင် များက ရှေ့ပြေးစမ်းသပ်ချက်တစ်ခုကို ထုတ်ပြန်တင်ပြခဲ့ရာ အနံ့ခံခွေးများကို အချိန်တစ်ပတ်ခန့်ကြာအောင် လေ့ကျင့် ပေးရုံမျှဖြင့် ကိုဗစ် - ၁၉ အတည်ပြုလူနာများနှင့် ကျန်းမာ သောသူများကို ခွဲခြားစိစစ်နိုင်ပြီး မှန်ကန်တိကျမှုနှုန်းလည်း မြင့်မားသည်ဟု ဆိုပါသည်။

ရောဂါအတည်ပြုလူနာများ၏ တံတွေးနှင့် ချွဲနမူနာ ပစ္စည်းများကို အနံ့ခံရုံမျှဖြင့် အတည်ပြုလူနာ ခွဲခြား မှန်ကန်မှု ၈၃ ရာခိုင်နှုန်း၊ ကျန်းမာပြီး ရောဂါပိုးမရှိသူများကို ခွဲခြားနိုင်စွမ်း ၉၆ ရာခိုင်နှုန်း ရှိခဲ့သည်။ ခွေးများနှင့် အနံ့ခံ စမ်းသပ်ရာတွင် အာခေါင်တို့ဖတ်မလိုဘဲ စက္ကန့်အနည်း ငယ်သာ ကြာမြင့်သည်ဟု ဆိုပါသည်။

Hanover တိရစ္ဆာန်ဆေးကုတက္ကသိုလ်မှ Small Animal ခွဲစိတ် ဆေးကုပညာဌာနမှူး ဒေါက်တာ Holger Volk က “ခွေးတွေအတွက်တော့ ဒါဟာ ပျော်စရာ ကစား နည်းတစ်ခုပါပဲ”ဟု ဆိုပါသည်။ အတန်းတစ်တန်းတွင် အနံ့ခံနိုင်သည့် ကလိုင်ပေါက် ခုနစ်ခုထားပြီး ထိုအပေါက် များထဲတွင် နမူနာပစ္စည်းတစ်ခုစီကို ထည့်ထားသည်။ ကိုဗစ်-၁၉ အတည်ပြုလူနာ၏ နမူနာပစ္စည်းကို ခွေးက မှန်ကန်စွာ ရွေးချယ်နိုင်ပါက အရုပ် သို့မဟုတ် မုန့်ကို ဆုအဖြစ် အလိုအလျောက်ရရှိစေသော လေ့ကျင့်မှု ဖြစ်သည်။ “ဒါဟာခွေးအတွက် ပျော်စရာအတွေ့အကြုံ ဖြစ်နေလို့ ခပ်မြန်မြန် တတ်လွယ်တာပဲ” ဟု Volk က ဆက်လက်ပြောသည်။

အကြောင်းအရာများစွာ ရှိနေ

သို့ရာတွင် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ် ရှာဖွေသည့် ခွေး၏ အနံ့ခံစွမ်းရည်ထဲတွင် သေသေချာချာ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ရှိနေပါသေး သည်။ ဥပမာပြရလျှင် ကိုရိုနာဗိုင်းရပ်စ် ရှိနေသည့်လူ၏ အနံ့က ခွေး၏ အနံ့ခံအာရုံထဲမှာ မည်မျှလောက် သိသာ ထင်ရှားသလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ကိုရိုနာဗိုင်းရပ်စ်၏အနံ့ကို လေ့ကျင့်ထားသောခွေးက အလွန် အာရုံခံစားသိလွယ်လျှင် လေဆိပ်မှာ ဖောက်ခွဲရေးပစ္စည်း များကို အနံ့ခံရှာဖွေသည့် ခွေးများကဲ့သို့ ခွေးကို ကိုင်တွယ် ထိန်းကျောင်းသူနှင့်အတူ တန်းစီနေသော လူတန်းများ အကြား ဖြတ်လျှောက်သွားရင်း လူများ၊ ဝန်စည်စလယ်များ၊ အရာဝတ္ထုများကို အနံ့ခံစစ်ဆေးခိုင်းနိုင်သည်။ ထိုသို့ မဟုတ်ပါက တစ်ကြိမ်မှာ လူတစ်ယောက်ကိုသာ အနံ့ခံ စစ်ဆေးနိုင်ပေလိမ့်မည်။

နောက်ထပ် မသိနိုင်သေးသည့်အချက်မှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကို ခွေးက အနံ့ခံသိရှိနိုင်ဖို့ အတည်ပြုလူနာ၏ ရောဂါအခြေအနေက မည်သည့်အတိုင်းအတာအထိ ဖြစ်ပွားနေရမလဲဆိုသည့်အချက် ဖြစ်ပါသည်။ ဥပမာ အားဖြင့် ဂျာမန်တို့၏ သုတေသနလုပ်ငန်းတွင် နမူနာပစ္စည်း ယူသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများသည် ဆေးရုံပေါ် မှလူနာများဖြစ်ကြပြီး အခြား ကိုဗစ်-၁၉ လူနာများထက် ရောဂါလက္ခဏာပိုမိုဆိုးရွားသူတို့ ဖြစ်ကြသည်။ ရောဂါ လက္ခဏာ မပြသူအတည်ပြုလူနာများက ၄၀ ရာခိုင်နှုန်းသာ ပါနေသည်။ UK နိုင်ငံရှိ Durham University မှ အင်းဆက် ပိုးမွှားဗေဒပညာရှင် Steve Lindsay က ကိုဗစ် - ၁၉ အနံ့ခံခွေးများကို လေ့ကျင့်ပေးခြင်းနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ရဲ့ ခွေးတွေကို အထူးလေ့ကျင့်သင်ကြားပေး နေတာက ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင် ထားသူတွေကို ရှာဖွေဖော်ထုတ်ဖို့ပါပဲ” ဟု ပြောကြားသည်။

တိရစ္ဆာန် ဆေးကုပညာရှင်များ၊ ခွေးလေ့ကျင့်ရာတွင် ကျွမ်းကျင်သူ ပညာရှင်များသည် ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်ရာတွင် ခွေးများ၏ အနံ့ခံစွမ်းရည်ကို အသုံးပြုပြီး တစ်ထောင့်တစ်နေရာက ပါဝင်ကူညီနိုင်ရန် စိတ်အား ထက်သန်နေကြသော်လည်း ဤစမ်းသပ်ချက်များ၏ လက်တွေ့အသုံးဝင်မှုကို ခိုင်လုံသောသက်သေအထောက် အထားများ ပိုမိုပြနိုင်ရန် လိုအပ်သည်ဟု မမှိတ်မသုန် ယုံကြည်ထားကြသည်။

ထို့ကြောင့် UK နိုင်ငံအခြေပြု သုတေသနပညာရှင် များသည် ပိုမိုခိုင်လုံသော အထောက်အထားများရရှိရန် အတည်ပြုလူနာတစ်ဦးချင်းစီ၏ နမူနာပစ္စည်းများသာမက အတည်ပြုလူနာများက ဝတ်ဆင်ခဲ့သော ခြေအိတ်များ၊ ကျန်းမာရေးကောင်းသူတို့ ဝတ်ဆင်သော ခြေအိတ်များကို စုဆောင်းနေကြသည်။ နောက်ထပ် ၆-၈ ပတ်ကျော်မှာ သုတေသနရလဒ်များကို တရားဝင်ထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ရသည်။ ဤ သုတေသနများသာ အလုပ်ဖြစ်လျှင် နောက်ထပ် ခြောက်လအတွင်းမှာ ကိုဗစ် - ၁၉ ရောဂါ ကို အနံ့ခံစစ်ဆေးနိုင်သော၊ လက်တွေ့အသုံးချနိုင်သော ခွေးများကို တွေ့မြင်ရလိမ့်မည်ဟု သုတေသနပညာရှင် များက ဆိုပါသည်။

ချက်ချင်းခွဲခြားစိစစ်နိုင်

ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ တိရစ္ဆာန်ဆေးကုပညာရှင် သုတေသီများ နှိုင်းနှိုင်းချိန်ချိန်လုပ်နေချိန်တွင် ဖင်လန် နိုင်ငံ Helsinki လေဆိပ်၌ အစိုးရအထောက်အပံ့ခံ သုတေသနလုပ်ငန်း၏ ကနဦးအစီအစဉ်အနေဖြင့် အနံ့ခံ ခွေးများကို၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်လောက်မှာ စတင်အသုံးပြုနေပြီ ဖြစ်ပါသည်။ လေ့ကျင့်ထားသော ခွေးတစ်ကောင်သည် လူတစ်ယောက်၏ လက်ကောက် ဝတ် သို့မဟုတ် လည်ပင်းကို ပွတ်တိုက်လိုက်သော အဝတ်စ ငယ်ကို အနံ့ခံရုံမျှဖြင့် ချက်ချင်းခွဲခြားစိစစ်နိုင်သည်။ ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာ မပြခင် ငါးရက်အလို တွင် ရှိနေသောသူများကိုပင် မှန်ကန်စွာ ဖော်ထုတ်နိုင်ပြီး တိကျမှန်ကန်မှုက ၁၀၀ ရာခိုင်နှုန်းနီးပါးဖြစ်သည်ဟု Helsinki တက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုဆရာဝန် သုတေသန ပညာရှင် Anna Hielm-Bjorkman က ပြောကြားခဲ့သည်။

လေဆိပ်တွင် လေ့ကျင့်ထားသော ခွေးလေးကောင် က ရောဂါလက္ခဏာမပြဘဲ ကိုဗစ် - ၁၉ ရောဂါပိုး ဝင်နေ သောခရီးသည်များကို ၁၀ စက္ကန့်အတွင်း ရာနှုန်းပြည့် မှန်ကန်အောင်ဖော်ထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။ လေဆိပ်တွင် ဆိုက်ရောက်လာသော ခရီးသည်များကို ကိုဗစ် - ၁၉ စစ်ဆေးခြင်းသည် စရိတ်စက အကုန်အကျ အလွန်များပြားလှပြီး အနံ့ခံခွေးများဖြင့် စမ်းသပ် စစ်ဆေးခြင်းက စရိတ်များစွာ သက်သာသည်ဟု တွက်ဆ ကြသည်။

ရာစုနှစ်ပေါင်းများစွာကပင် ခွေးများ၏ ပင်ကို သဘာဝစွမ်းရည်ကြောင့် အမဲလိုက်ခွေး၊ လုံခြုံရေးခွေး၊ မူးယစ်ဆေးဝါးနှင့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေသော ခွေး၊ ကယ်ဆယ်ရေးခွေး၊ သတင်းပို့ခွေး၊ တိုက်ပွဲဝင် ခွေးများအဖြစ် အသုံးပြုခဲ့ကြသည်။ လစာနှင့်၊ ရိက္ခာနှင့် ရာထူးနှင့် တရားဝင်ခန့်အပ်ပြီး အခမ်းအနားဖြင့် သင်္ဂြိုဟ်ရသော ရဲစွမ်းသတ္တိရှိသည့်ခွေးများကို မြင်တွေ့ ကြားသိဖူးပါသည်။ ဥပမာ-Kuno အမည်ရှိ Belgian Malinois ခွေး၏ သစ္စာရှိမှု၊ တာဝန်သိမှု၊ ရဲရင့်မှု၊ အာဖဂန် နစ္စတန်တိုက်ပွဲတွင် ဗြိတိသျှစစ်သားများ၏ အသက် ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့မှုတို့ကြောင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် Dickin medal ဆုတံဆိပ်နှင့် အခြားဆုတံဆိပ်များကို ချီးမြှင့်ပေးအပ်ဂုဏ်ပြုခံရသည်။

အရပ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ခွေးများ၊ ကယ်ဆယ်ရေး ခွေးများထဲမှာ ထူးချွန်ပြောင်မြောက်လှသော ကယ်ဆယ် ရေးခွေးများကိုတော့ PDSA ရွှေတံဆိပ်ဆုပေးအပ် ဂုဏ်ပြုကြပါသည်။ ထိုခွေးများ၏ နောက်ကွယ်မှာ ကိုင်တွယ်ထိန်းကျောင်း လေ့ကျင့်ပေးသူတို့၏ အရည် အသွေးများ ရှိနေပါသည်။ ယခုလို ကမ္ဘာ့ကပ်ရောဂါကြီး ကိုဗစ် - ၁၉ ကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရချိန်တွင် ခွေးတို့၏ အနံ့ခံစွမ်းရည်ထက်မြက်မှုကို စနစ်တကျ လေ့ကျင့်ပေးပြီး ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာများ နှင့် ရောဂါပိုးသယ်ဆောင်ထားသူတို့ကို အချိန်အနည်း ငယ်အတွင်းမှာပင် ခွဲခြားစိစစ်နိုင်ရန် သုတေသနပြုခဲ့ သော တိရစ္ဆာန်ဆေးကုပညာရှင်များ၊ ကိုင်တွယ်ထိန်း ကျောင်းလေ့ကျင့်ပေးသူ ကျွမ်းကျင်ပညာရှင်များ၊ သုတေ သနပညာရှင်များအား အရင်းခံစိတ်ဖြင့် လေးစားဂုဏ်ယူ မိပါသည်။ မကြာခင်အချိန်အတောအတွင်းမှာ ခိုင်လုံသော သက်သေအထောက်အထားများ အလျင်အမြန်ရရှိပါစေ၊ သုတေသနလုပ်ငန်းများ အောင်မြင်စွာ ရှေ့ဆက်နိုင်ပြီး အနံ့ခံခွေးများ၏စွမ်းရည်ကို တွင်ကျယ်စွာ အသုံးပြု နိုင်ပါစေဟု ဆန္ဒမွန်ပြုရင်း သတင်းကောင်းကို စောင့်စား နေမိပါသည်။ ။