ဇာနည်ဘွား
“ရင်းနှီးနွေးထွေးခြင်းနဲ့ ဆုံကြမယ်၊ ငြိမ်းချမ်းအေးမြခြင်းကို အတူခံစားမယ်၊ စေတနာတရားရဲ့အဓိပ္ပာယ် ရင်းနှီးတဲ့အခါ သိလိမ့်မယ်၊ ရန်ပြိုခြင်းရဲ့အဓိပ္ပာယ် ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်”တစ်ခေတ်တစ်ခါက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ မကြာခဏထုတ်လွှင့်သော “ငြိမ်းချမ်းရေးပန်းခင်း” တေးသီချင်းကား လက်ရှိကာလအထိ မရိုးနိုင်ပေ။ ခေတ်မီနေဆဲ။
၇၅ နှစ်ရှိခဲ့ပြီ
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက် ကိုင် ပဋိပက္ခအရှည်ကြာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေသောကြောင့်ပင်။ ၇၅ နှစ်ရှိခဲ့ပြီ။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ထိုအချိန်တွင် မူဂျာဟစ်များ နှင့် အလံနီကွန်မြူနစ်များက သူပုန်ထ၍ အတော်ပင်အရှိန် ရနေခဲ့ချေပြီ။ ထို့နောက် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် သခင်သန်းထွန်း ခေါင်းဆောင်သော ဗမာ ပြည် ကွန်မြူနစ်ပါတီ တောခိုသွားသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်မှစပြီး နှစ်လ ကျော်ကျော်မျှသာ သက်သောင့်သက် သာနေလိုက်ရရှာသည်။
ထိုစဉ်က ကြေကွဲဖွယ်ရာ နိုင်ငံ့အရေး နှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ဦးနုက “အဲဒီအချိန်မှာ ပြည်ထောင်စုရဲ့ နောင်ရေးဟာ အတော်ကလေးမှောင်နေ ပြီဆိုတာကို သိပ်ပြီးတောင် အကဲခတ်ဖို့ မလိုပါဘူး။ ခပ်လွယ်လွယ်နဲ့မြင်နိုင်ပါ တယ်။ ပြည်တွင်းမှာထတဲ့ သူပုန်တွေက လည်း ထကုန်ပြီ၊ နောက်လာမယ့် သူပုန် လောင်းတွေကလည်း သူပုန်ထတမ်း ကစားကြဖို့ အရှိန်ယူနေကြတယ်”ဟု အတိတ်အကြောင်းကို အမှတ်တရ ပြန်ပြောင်း ရေးသားခဲ့သည်။
တကယ်တော့ ထိုစဉ်က ဝန်ကြီးချုပ် သခင်နုခေါင်းဆောင်သော ပါလီမန်ဒီမို ကရေစီအစိုးရသည် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခကို ရှောင်လွှဲနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုသည် အာဇာနည်ကုန်း၌ ကျင်းပ သည့် တော်လှန်ရေးနေ့အထိမ်းအမှတ် လူထုအစည်းအဝေးတွင် သွေးထွက် သံယိုဖြစ်မည့်လမ်းစဉ်ကို မလိုက်ကြရန်၊ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ လိုက်ကြ ရန်နှင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ ရဲဘော် အစရှိသည့်နိုင်ငံရေးသမားများ ညီညွတ်နိုင်ကြလျှင် ဝန်ကြီးရာထူးက ရော ဖဆပလ ဥက္ကဋ္ဌရာထူးကပါ ထွက်ပေး မည်ဖြစ်ပြီး အများလက်ခံသူတစ်ဦးကို တင်မြှောက်ပေးပါ့မည်ဟု ပြောကြားခဲ့ သည်။
သို့ရာတွင် ထိုတစ်ရက်တည်းမှာပင် ဗန္ဓုလပန်းခြံ၌ ကျင်းပသည့် တော်လှန် ရေးနေ့အခမ်းအနားတွင် သခင်သန်းထွန်း က ဖဆပလအစိုးရကို လက်နက်နှင့် ဖြုတ်ချရမည်၊ ဗားကရာချောက်ကြီးကို ဖဆပလအရိုးနှင့်ဖို့ပစ်မည် စသဖြင့် ဖဆပလအစိုးရကို ခြိမ်းခြောက်စိန်ခေါ်ခဲ့ လေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမှာ အစစ် အမှန်မဟုတ်၊ အတုအယောင်သာဖြစ် သည်။ လွတ်လပ်ရေးကိုလက်ခံသော ဖဆပလအစိုးရနှင့် ခေါင်းဆောင်များ သည် တိုင်းပြည်၏ သစ္စာဖောက်များဖြစ် ၍ အစိုးရကိုတိုက်ဖျက်ကာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဆက်လက် ဆင်နွှဲရမည်ဖြစ်ကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီက မူလကတည်းက ကြေညာခဲ့သည်။
ပေါက်ကုန်းကြီးတိုက်ပွဲမှ
အစပြုခဲ့သည့် သေနတ်သံ
ထိုသို့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ တစ်ယူသန်ဝါဒစွဲကြောင့် ဖဆပလသည် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် လမ်းစ မပေါ်နိုင်တော့၍ မတ်လ ၂၈ ရက်နေ့တွင် ကွန်မြူနစ်ခေါင်းဆောင်များကို ဖမ်းဆီး ရန် စီစဉ်ဆောင်ရွက်လေတော့သည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။ ကွန်မြူနစ် ခေါင်းဆောင်ပိုင်းသည် မြေလျှိုး၍တောခိုသွားခဲ့ကြပြီ ဖြစ်သည်။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဧပြီ ၂ ရက်တွင် ပဲခူးခရိုင်ပေါက်ကုန်းကြီးတိုက်ပွဲမှ အစ ပြုခဲ့သည့်သေနတ်သံဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် စတင်လေတော့သည်။
ဖဆပလအစိုးရသည် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်အဖွဲ့အစည်း များနှင့် လက်ဝဲညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အချက် ၁၅ ချက် ပါဝင်သော လက်ဝဲညီညွတ်ရေးလမ်းစဉ် တစ်ခုကိုရေးဆွဲပြီး ၁၉၄၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင်ကျင်းပသည့် လူထု အစည်းအဝေးကြီးတွင် ကြေညာခဲ့ပြန် ပါသည်။ သို့ရာတွင် နောက်ဆုံးအချက်ဖြစ် သည့် မာ့စ်ဝါဒစည်ပင်ပြန့်ပွားရေးဟူ သည့်အချက်မှာ အငြင်းပွားဖွယ်ရာဖြစ် လာခဲ့သည်။ အင်္ဂလန်နှင့် အမေရိကန် သတင်းစာတချို့က မြန်မာနိုင်ငံသည် ကွန်မြူနစ်နိုင်ငံဖြစ်သွားပြီဟု ရေးသား ခဲ့ကြရုံမက ဗြိတိန်ကလည်း မြန်မာနိုင်ငံ သည် ကွန်မြူနစ်ဖြစ်သွားပါလျှင် ဗြိတိသျှ အစိုးရ၏သဘောထားကို ပြောင်းလဲရ လိမ့်မည်ဟု တင်းတင်းမာမာကြေညာပြန် သည်။
သို့နှင့် နောက်ဆုံးအချက်ကို ပယ်ဖျက်၍ နောင်တွင် သမိုင်းတွင်မည့် နု-မူ ၁၄ ချက်ကိုသာ ထုတ်ပြန်ခဲ့ရသည်။ ထိုသို့ ဝန်ကြီးချုပ်သခင်နုက ကွန်မြူနစ် များနှင့် လက်ဝဲညီညွတ်ရေးကို တည်ဆောက်နိုင်ရန် နု-မူ ၁၄ ချက်ကို စေတနာမှန်ဖြင့်ထုတ်ပြန် ကြေညာခဲ့ သော်လည်း ဖွတ်မရဓားမဆုံး ပြည်သူ့ ရဲဘော်တို့နှစ်ခြမ်းကွဲသွားခဲ့ပြီး ရဲဘော်ဖြူ တို့က ၁၉၄၈ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် တောခိုသွားခဲ့ကြပြန်သည်။
အန်တု ပုန်ကန် တိုက်ခိုက်
ထိုစဉ်အတောအတွင်း မှာပင် ကေအင်န်ဒီအိုတို့က သထုံ၊ မော်လမြိုင်တို့ကိုသိမ်းပိုက်ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီ လ ၂၉ ရက်နေ့တွင် စောဘဦးကြီး ခေါင်းဆောင်သော ကေအင်န်ဒီအိုများက အင်းစိန်မြို့ကို စီးနင်းသိမ်းပိုက်၍ ဖဆပလအစိုးရကို အတိအလင်းအန်တု ပုန်ကန် တိုက်ခိုက်လာတော့သည်။
ဆက်လက်၍ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် N.S.H ခေါ် နွံစစ်ဟန် (ရဲရင့်သော လူငယ်များအဖွဲ့)အမည်ဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ် ထပ်မံပေါ်ပေါက်လာပြန်သည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စိုင်းနွဲ့ဦးစီးသောအဖွဲ့သည် “ရှမ်း တော်လှန်ရေးစပြီ”ဟု ကြွေးကြော်၍ တပ်မတော်၏ ပုံပါကျင်စခန်းကို တိုက်ခိုက်လေတော့သည်။
ယင်းနောက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်နေ့တွင် အချုပ်အခြာအာဏာ ပိုင်သည့် သီးခြားလွတ်လပ်သော ကချင် သမ္မတနိုင်ငံထူထောင်ရန်ဟု ဆိုကာ ကွတ်ခိုင်နယ်မြေ၌ ကချင်လွတ်မြောက် ရေးတပ်မတော်(ကေအိုင်အေ)နှင့် ကချင် လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ)တို့ ပေါ်ပေါက်လာပြန်သည်။
“ဗမာနိုင်ငံမှာ လယ်တွေအများကြီး ရှိတယ်။ ဒီလယ်တွေကြောင့် ဗမာနိုင်ငံ ဟာ ကမ္ဘာပေါ်မှာ ဆန်အများဆုံးတင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံဖြစ်နေတယ်။ ဒီလယ်တွေအပြင် အဖိုးတန်ကျွန်းသစ် တွေထွက်တဲ့ သစ်တောတွေလည်းအများ ကြီးရှိတယ်။ သတ္တုမျိုးစုံရှိတယ်။ ပတ္တမြားတွင်းတွေရှိတယ်။ ရေနံတွင်း တွေရှိတယ်။ ပြည်ထောင်စုသားတွေ လူချမ်းသာတွေဖြစ်အောင် အဘက် ဘက်က ကူညီထောက်ပံ့နိုင်တဲ့ ဧရာဝတီ မြစ်ကြီးကလည်း ပြည်ထောင်စုကို အရှေ့နဲ့အနောက် နှစ်ခြမ်းခွဲပြီး မြောက် ဘက်က တောင်ဘက်ကို စီးဆင်းနေ တယ်။ မိုးလေဝသလည်း အထူးကောင်း တယ်။ လူဦးရေကျတော့ အင်မတန် နည်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်ထောင်စုထဲမှာ ပြည်တွင်းစစ်မဖြစ်ရ ဘဲ စိတ်ချမ်းချမ်းသာသာနဲ့အလုပ်လုပ်ခွင့်ရကြမယ်ဆိုရင် ပြည်ထောင်စုမြန်မာ နိုင်ငံဟာ မိသားစုတိုင်းကို အိမ်တစ် ဆောင်၊ မော်တော်ကားတစ်စီး၊ လစဉ်ဝင် ငွေ ကျပ် ၈၀၀ ကနေ ကျပ် ၁၀၀၀ ရ အောင်လုပ်ပေးနိုင်တဲ့အထိ ချမ်းသာ တဲ့နိုင်ငံဖြစ်မယ်”ဟူ၍ ဝန်ကြီးချုပ် ဦးနုက ၁၉၅၂ ခုနှစ် အာဇာနည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ သည်။ သို့ရာတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ပို၍ပြင်းထန်လာ ခဲ့ပေသည်။
တော်လှန်ရေးကောင်စီ အစိုးရခေတ် တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးလုပ်ငန်းများကို ဦးစားပေး ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေး
အမျိုးသား စည်းလုံးညီညွတ်မှုကို ထူထောင်ရာ၌ တော်လှန်ရေးကောင်စီ သည် လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးနေ သော တောတွင်းလက်နက်ကိုင်အဖွဲ့ အစည်းများကို ဥပဒေဘောင်အတွင်းသို့ ဖိတ်ခေါ်၍ လူသစ်စိတ်သစ်ဖြင့် နိုင်ငံ တော်ထူထောင်ရေးလုပ်ငန်းများ လုပ် ကိုင်နိုင်ရန် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ၁၉၆၃ ခုနှစ် ဧပြီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပြီးနောက် တောတွင်းလက်နက် ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များစွာ တို့သည် ဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့ကြသည်။ သို့သော် ဗမာပြည်ကွန်မြူနစ် ကဲ့သို့သော တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအချို့ကမူ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မခံနိုင် ဟုဆိုကာ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် တော် လှန်ရေးကောင်စီသည် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြန်လည်တည် ဆောက်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက် တွင်-
- တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်းများသည် ပြည်တွင်းငြိမ်းချမ်း ရေးတည်ဆောက်လို၍ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်သည် မလုံလောက် ဟုဆိုပါက တော်လှန်ရေးကောင်စီသည် ပြဿနာအဝဝကို ကူညီဖြေရှင်းလိုပါ သည်။
- တွေ့ဆုံဆွေးနွေးရာ၌ ကြိုတင် စည်းကမ်းသတ်မှတ်ချက်မျိုးမထားဘဲ တိုင်းပြည်၏ ပကတိအခြေအနေ ကို လက်တွေ့ကျကျဆွေးနွေးဖြေရှင်း မည်။
- ဆွေးနွေးရာတွင် အမြတ်မထုတ်ကြ ဘဲ လုပ်သားပြည်သူတို့အကျိုးကိုသာ အာရုံစိုက်ဆွေးနွေးမည်။
- မည်သည့်အကြောင်းနှင့် ဖြစ်စေ တောတွင်း၌ ရောက်ရှိနေကြသော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း နှင့်မဆို တွေ့ဆုံဆွေးနွေးမည်။
- လာရောက်ဆွေးနွေးသောတောတွင်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ လုံခြုံရေးကို တော်လှန်ရေးကောင်စီက တာဝန်ယူမည်။
- အကယ်၍ဆွေးနွေးပွဲ မအောင်မြင် သဖြင့် တောတွင်းမှကိုယ်စားလှယ်များ တောတွင်းသို့ပြန်သွားလိုပါလျှင် သွားလို ရာဒေသအထိ လိုက်ပို့ပေးမည်သာမက သုံးရက်အတွင်း ဖမ်းဆီးခြင်း၊ တိုက်ခိုက် ခြင်း လုံးဝပြုလုပ်မည်မဟုတ် ဟူသည့် အချက်များ ပါရှိသည်။
စုစုပေါင်း ရှစ်ဖွဲ့ တက်ရောက်
တော်လှန်ရေးကောင်စီ၏ ထိုသို့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်အရ ကွန်မြူနစ်ပါတီ (ဗမာပြည်)ကိုယ်စားလှယ်အဖွဲ့၊ ရခိုင် ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့၊ ရှမ်း အမျိုးသားတပ်ပေါင်းစုနှင့် ရှမ်းပြည်နယ် လွတ်မြောက်ရေးတပ်မှ ကိုယ်စားလှယ် အဖွဲ့၊ ကချင်လွတ်လပ်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၊ ရဲဘော်ဌေး ခေါင်း ဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့၊ မန်းဘဇံခေါင်းဆောင် သော ကေအင်န်ယူပါတီ၊ မွန်ပြည်သစ် ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီတို့ပါဝင်သော သုံးပါတီ ကိုယ်စား လှယ်အဖွဲ့၊ မန်းဘဇံခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)ကိုယ်စားလှယ် အဖွဲ့နှင့် မုဆိုးကော်ကဆာ ဟန်တာသာ မွှေးခေါင်းဆောင်သော ကရင်တော်လှန် ရေးကောင်စီကိုယ်စားလှယ်အဖွဲ့ အပါ အဝင် စုစုပေါင်း ရှစ်ဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
သို့ရာတွင် မုဆိုးကော်ကဆာ ဟန် တာသာမွှေးခေါင်းဆောင်သော ကရင် တော်လှန်ရေးကောင်စီအဖွဲ့ တစ်ဖွဲ့ တည်းနှင့်သာ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကျန်အဖွဲ့များနှင့် သဘောထားချင်း မတိုက်ဆိုင်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် ရပ်ဆိုင်း ခဲ့ရသည်။
တော်လှန်ရေးကောင်စီက ကျန် တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်း များသည် တော်လှန်ရေးကောင်စီ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ထားရှိ သော စိတ်ရင်းစေတနာမှန်ကို သဘော ပေါက်နားလည်ခြင်းမရှိဘဲ တွေ့ဆုံ ဆွေးနွေးမှုအပေါ် အခွင့်ကောင်းယူကာ နိုင်ငံရေး၊ စည်းရုံးရေးအမြတ်ထုတ်ခြင်း၊ တော်လှန်ရေးကောင်စီအစိုးရကို နိုင်ငံ ရေးအရ၊ စစ်ရေးအရ အကျပ်ကိုင်ရန် ကြိုးပမ်းခြင်း၊ ပြည်ထောင်စုကြီးပြိုကွဲ မည့်အချက်ကိုသာ ဦးစားပေးဆွေးနွေး ခြင်း စသည်များကို ပြုလုပ်ခဲ့ကြသော ကြောင့် ယင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများမှ ပျက်ပြားခဲ့ ရလေသည်ဟု သတင်းထုတ်ပြန်သည်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားပြီးနောက် ဗမာ ပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ နဝင်းချောင်းကိုဖြတ်၍ ပဲခူးရိုးမတောတွင်း သို့ ပြန်လည်ထွက်ခွာခဲ့သည့် ပုံရိပ်များကို “သူတို့ပြန်ကြလေပြီ” ခေါင်းစဉ်ဖြင့် ထိုခေတ်က ရှုဒေါင့်ဂျာနယ်တွင် မျက်နှာဖုံး သတင်းဓာတ်ပုံအဖြစ်ဖော်ပြခဲ့ရာ ငြိမ်းချမ်း ရေးကိုလိုလားသူ ပြည်သူအပေါင်း ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြရသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ခေတ်တွင်လည်း နိုင်ငံတော်ကောင်စီ သည် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်(၂/၈၀)ကို ၁၉၈၀ ပြည့်နှစ် ဇူလိုင် လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ ပြန်သည်။
အိမ်ပြန်လာကြဖို့ ဖိတ်ခေါ်
ထိုစဉ်က နိုင်ငံတော်အကြီးအကဲ ဦးနေဝင်းကလည်း “ကျွန်တော်တို့ အဝေးရောက်နေသူတွေကို အိမ်ပြန်လာ ကြဖို့ ဖိတ်ခေါ်ပါတယ်။ ခဏတာခွဲခွာပြီး အိမ်ကိုပြန်လာတဲ့ ဆွေမျိုးသားချင်းတွေ ကို ကြိုဆိုသလို ကျွန်တော်တို့ သူတို့ကို ကြိုဆိုကြရအောင်။ ပြီးခဲ့တာတွေ မေ့ ဖျောက်ခွင့်လွှတ်ပြီး ကျွန်တော်တို့တိုင်းပြည် ကောင်းကျိုးအတွက် ရှေ့ဆက်လက်တွဲ အလုပ်လုပ်ကြရအောင်”ဟု ၁၉၈၀ ပြည့် နှစ် မေလအတွင်းကကျင်းပခဲ့သော စုံညီ အစည်းအဝေးတစ်ရပ်၌ ဖိတ်ခေါ် ပြောကြားခဲ့သည်။
နိုင်ငံတော်ကောင်စီ၏ လွတ်ငြိမ်းချမ်း သာခွင့်အမိန့် (၂/၈၀)အရ ဝန်ကြီးချုပ် ဟောင်း ဦးနုနှင့် ဇနီး ဒေါ်မြရီ၊ ဗိုလ်မှူးချုပ် ဟောင်း စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဇာလီ မော်၊ စခန်းမှူး ဦးလှိုင်နှင့် မိသားစုဝင် ၁၁ ဦး၊ သခင်သင်းကြည်၊ ဒေါက်တာ မန်းမြင့်ဆိုင်၊ ရန်ကုန်ဘဆွေနှင့် မိသားစု၊ ကျားနက်တပ်ရင်းမှူးထွန်းမြိုင်နှင့် ၁၀ ဦး၊ တောင်ပိုင်းတိုင်းမှ ပြည်သိမ်း တပ်ရင်းမှူး ဖေတင်၊ တပ်မမှူးတင်ငွေ၊ ဒုတိယ တပ်ရင်းမှူးအောင်နိုင်၊ မြဝတီရဲခေါင်၊ တွဲဖက်အတွင်းရေးမှူး ဦးသုဝေနှင့်ဇနီး အပါအဝင် ပြည်ပြေးအဖွဲ့မှ ၄၅၈ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်လာခဲ့ကြ၍ ပြည်ပြေးအဖွဲ့၏ လှုပ်ရှားမှုလည်း ချုပ်ငြိမ်းသွားခဲ့လေ သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရခေတ်တွင်မူ ငြိမ်းချမ်းရေးစာချုပ်၌ တရားဝင် လက်မှတ်မရေးထိုးနိုင်ခဲ့သော် လည်း Gentlemen agreement အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ခဲ့သဖြင့် တစ်နိုင်ငံလုံးနီးပါး အေးချမ်းလာ သည်။
၁၉၈၉ ခုနှစ်ကစတင်၍ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီများဖွဲ့စည်း၍ ဒေသဖွံ့ဖြိုးရေး ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့၍ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော နယ်စပ်ဒေသများ မျှမျှတတ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်။
၂၀၁၀ ဒီမိုကရေစီအစိုးရ ပထမ သက်တမ်းကာလတွင်မူ သမ္မတ ဦးသိန်းစိန်အစိုးရသည် “ငြိမ်းချမ်းရေး မရှိဘဲ ဒီမိုကရေစီစနစ်မထွန်းကားနိုင် သလို ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်”ဟုခံယူကာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတစ်ရပ်ကို ထုတ်ပြန် ကြေညာခဲ့ပြန်သည်။
ငြိမ်းချမ်းရေး ဆွေးနွေး
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပြည်နယ်အဆင့်သဘောတူညီချက်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက် ဟူ၍ လုပ်နိုင်သည့်အဆင့်များဖြင့် စတင် ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA) ဖြစ်ပေါ်လာရေးအတွက် အဖွဲ့ပေါင်းစုံမှ ညှိနှိုင်းရေးဆွဲခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၆ ဖွဲ့နှင့်ဆွေးနွေးခဲ့ပြီး အားလုံးသဘော တူညီမှုဖြင့် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် အချောသပ်နိုင်ခဲ့ကြသည်။ သို့သော် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် သမိုင်းဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးပွဲတွင်မူ အကြောင်းကြောင်း ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့်သာ တရားဝင်လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ NCA ငြိမ်းချမ်းရေး ခရီးစဉ်အစအဆုံး ရက်ပေါင်း ၁၄၅၀ ရက် ကြာမြင့်ခဲ့ပြီး အစည်းအဝေးပေါင်း ၅၀၀၀ ခန့်ရှိခဲ့သည်။
၂၀၁၅ ခုနှစ် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင်မူ NLD အစိုးရသည် ယခင် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံအမည်အစား ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံအမည်ဖြင့် လေး ကြိမ်တိုင်တိုင် ဆက်လက်ကျင်းပခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့် ထပ်မံသဘောတူညီချက်ရရှိ ခဲ့ပါသည်။
သို့ဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ကရင်အမျိုးသားအစည်း အရုံး(KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU-KNLA/PC)၊ ရခိုင် အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရေစီ တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDC) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် သဘော တူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့ရာ တွင် ငြိမ်းချမ်းရေးခရီးလမ်းကား မပြီး ဆုံးသေးပါ။ ခရီးဆုံးကို ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် လိုအပ်နေ ဆဲ။ မပြီးဆုံးသေးသော ခရီးရှည်ကြီး အတွက် ခေါင်းဆောင်အဆက်ဆက်တို့၏ ပခုံးထက်ဝယ် သမိုင်းပေးတာဝန်က ရှိနေသေးသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ မိဘပြည်သူများခင်ဗျား။
“နိုင်ငံတော်အစိုးရနဲ့ တပ်မတော် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့ တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေ ခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက် ရေးကို ခိုင်ခိုင်မာမာအာမခံထားပြီးဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေး နေ့ဖြစ်ပါတယ်။ ၇၅ နှစ် ကာလကြာပြီ ဖြစ်တဲ့လွတ်လပ်ရေးရဲ့ အနှစ်သာရများ ကို တိုင်းရင်းသားပြည်သူများ အပြည့် အဝမခံစားရသေးတာကိုလည်း လက်ရှိ ပကတိဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိက အကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာ အခြေ ခံပြီး ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲ ဖြစ် ပါတယ်။
ဒါကို ကျွန်တော်တို့ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံ လုံးမှာ လက်နက်ကိုင်ပဋိပက္ခများချုပ် ငြိမ်းချမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။
ဒါကို လက်တွေ့ကျကျ ထိထိရောက် ရောက် အကောင်အထည်ဖော်နိုင်ဖို့လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုယ်စားလှယ်များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။
လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှု တွေကိုလည်း ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးမှုကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင် များကိုယ်တိုင်နဲ့ အဖွဲ့ဝင် နှစ်ဦးစီ တက်ရောက်ပေးကြပါ။ တက်ရောက်မယ့် ပုဂ္ဂိုလ်များရဲ့အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြား ပေးကြစေလိုပါတယ်။
နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ရက် သတ်မှတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသား ပြည်သူအားလုံး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုး တိုးတက်မှုအရသာကို ခံစားနိုင်ရေး ကျွန်တော်တို့အားလုံးလက်တွဲပြီး ရိုးသား ပွင့်လင်းစွာ ဆွေးနွေးသွားကြပါမယ်။
ပြည်ထောင်စုသားအားလုံးရဲ့အကျိုး ကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား။ အားလုံး ကို ကျေးဇူးတင်ပါတယ်။”
ထပ်မံဖိတ်ခေါ် ကမ်းလှမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မပြီးဆုံးသေးသော ငြိမ်းချမ်းရေးခရီးတွင် အားလုံးအတူ တကွ ဆက်လက်လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကို ယခုထပ်မံဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြန်ပါသည်။
ငြိမ်းချမ်းရေးတေးသံများကား တစ် ကျော့ပြန်လွင့်ပျံ့လာခဲ့ချေပြီ။ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေ ကြရသူများ ကြားမိပါလေစ။
“ကမ်းလက်လှမ်းသောလက်တွေ ဆုံတွေ့ပြီ၊ ဘေးစကားအတွေးမှားသိမြင် တူညီဖယ်ရှားမည်၊ မှောင်မိုက်ခြင်းရဲ့ အဓိပ္ပာယ် အလင်းတန်းတွေ့ရင် သိလိမ့် မယ်၊ ဟန်ဆောင်ကင်းတဲ့အဓိပ္ပာယ် အပြုံး များသက်သေသိလိမ့်မယ်။ ငြိမ်းချမ်းရေး ပန်းခင်းထဲမှာ ပျော်မွေ့မယ်”
တစ်ခေတ်တစ်ခါက “ငြိမ်းချမ်းရေး ပန်းခင်း” တေးသံကို ပြန်လည်ကြား ယောင်လာမိသည်။ ကမ်းလက်လှမ်းသော လက်တွေ ဆုံတွေ့နိုင်စေသား။ ။
- Log in to post comments