ချွေတာသုံးစွဲရမည့် အဖိုးတန်သည့်ရေ

 

ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသည့် လူတစ်ဦး၏ခန္ဓာကိုယ် တွင် ရေဓာတ်က ပါဝင်ဖွဲ့စည်းမှုအများဆုံးဖြစ်သည်။ အစာမစား ရလျှင် ရက်ချီ၍နေနိုင်သော်လည်း ရေမသောက်ရလျှင် တစ် မနက်ပင် နေဖို့မလွယ်။ သို့ဖြစ်၍ ထမင်းအသက်ခုနစ်ရက်၊ ရေ အသက်တစ်မနက်ဟုဆိုကြခြင်းဖြစ်သည်။ ဤသို့လျှင် အသက် တမျှအရေးပါလှသည့်ရေကို လူများစွာတို့က အလေးဂရုမပြု၊ တန်ဖိုးမထား။ ရေဟူသည် လွယ်လွယ်ကူကူရရှိနိုင်၍ ပေါပေါ သုံးနိုင်သည်ဟု အယူမှားကာ အသုံးပြုရုံသာမကဖြုန်းတီးသည့် အမှုကိုပါ ပြုလျက်ရှိကြသည်။


နေအပူရှိန်ပြင်းသည့် ခြောက်သွေ့ရာသီရောက်လာသည်နှင့် မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်တို့ ရေနည်းကြ၊ ရေခန်း ကြသည်။ မိမိတို့နိုင်ငံတွင် မိုးကုန်သည်နှင့် သောက်ရေ၊ သုံးရေ အခက်တွေ့ကြရသည့်   ဒေသများစွာရှိသည်။  သန့်ရှင်းသည့် သောက်သုံးရေကို နေ့စဉ်သုံးစွဲခွင့်မရကြဘဲ ပရဟိတရေအလှူ လာမှ သုံးစွဲနိုင်ကြသူများလည်း ရှိသည်။ ဤအခြေအနေကို မြို့ ကြီးပြကြီးတွင် နေထိုင်ပြီး အိမ်တိုင်ရာရောက် ရေပိုက်ခေါင်း ဖွင့်သုံးစွဲခွင့်ရနေသူများက မခံစားကြရ၍ မသိ၊ နားလည်းမလည်။ “ဘုံပိုင်ခေါင်းမှ ရေစက်ကျမနေစေရန် ကျပ်အောင်ပိတ်ပါ။ ဘုံပိုင် ခေါင်းကိုမသုံးဘဲ ဖွင့်ထားခြင်းမပြုပါနှင့်။” စသောသတိပေးချက် စာတန်းကလေးများကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြနှိုးဆော် တိုက်တွန်းလျက်ရှိသော်လည်း အမှတ်တမဲ့ပင် ကျော်လွှားလိုက် ကြသည်။


ကျေးလက်ဒေသများတွင်လည်း ဤနည်းနှင်နှင်။ စိုက်ပျိုးရေ အတွက် အခက်မပွေရအောင် ချောင်းပိတ်မြောင်းပိတ်၊ ဆည် မြောင်းတာတမံများနှင့် မြစ်ရေတင်လုပ်ငန်းများကြောင့် လွယ် လွယ်ကူကူရရှိသောရေကို စနစ်တကျအကျိုးရှိရှိ ထိရောက်စွာ မသုံးစွဲဘဲ လေလွင့်ပြုန်းတီးမှုများစွာဖြင့် အလဟဿပြုလိုက်ကြ သည်။ စည်းကမ်းမဲ့သူတို့ကြောင့် ဆည်မြောင်းလက်တံအရင်း နှင့် အဖျား အငြင်းပွားကြ၊ အချင်းများကြရသည်။  တုတ်တပြက် ဓားတပြက်နှင့် ရုံးရောက်ဂါတ်ရောက် ရောက်ကြရသည်။ စိုက် ပျိုးရေသုံးစွဲမှုများစနစ်ကျအောင်၊ မျှတစွာရရှိအောင်၊ လေလွင့် ပြုန်းတီးမှုနည်းပါးစွာဖြင့် အကျိုးရှိစွာသုံးစွဲနိုင်အောင်၊ ခေတ်မီ နည်းစနစ်များအသုံးပြု၍စိုက်ပျိုးနိုင်အောင် သက်ဆိုင်ရာက အသိပညာပေးခြင်း၊  နည်းပညာပေးခြင်း၊    အဖွဲ့အစည်းများ  ဖွဲ့စည်းပေးခြင်းတို့ ပြုလုပ်ပေးခဲ့ရသည်။ စိုက်ပျိုးရေးအတွက် မရှိမဖြစ်သောရေကို စိုက်ပျိုးရေးကပင် အပြုန်းတီးဆုံးမဖြစ်စေရန် စိုက်ပျိုးရေးနှင့်အသက်မွေးသူတိုင်းက စည်းစနစ်တကျအသုံးပြု ကြရမည်ဖြစ်သည်။


မိမိတို့နိုင်ငံကို သာမန်အားဖြင့် ရေသယံဇာတအရင်းအမြစ် ပေါများသည့်နိုင်ငံအဖြစ် ညွှန်းဆိုကြသည်။ ရေအရင်းအမြစ် ပိုင်ဆိုင်မှု အာဆီယံတွင် အဆင့်(၁)၊ အာရှတွင်အဆင့် (၅) ဟူ၍ လည်း အဆင့်ဖြင့်သတ်မှတ်ပြသည်။   သို့ရာတွင်    ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝသစ်တောများပြုန်းတီးခြင်း၊ လူနေမြို့ရွာ များချဲ့ထွင်လာခြင်း၊ ရွှေအပါအဝင် တွင်းထွက်သတ္တုများ၊ ကျောက် မျက်တူးဖော်မှုများကြောင့် ရေအရင်းအမြစ်များ ပျက်စီးပျောက် ကွယ်သွားမှုများ   များစွာဖြစ်ပေါ်နေသည်ကို   သတိပြုကြရန် လိုသည်။ ပြည်တွင်းရှိ ရေချိုမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများကိုလည်း မပျက်မစီး အောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုသည်။ အဖိုးတန်ရေအရင်း အမြစ်များဖြစ်သည့် မြစ်ချောင်းများအတွင်း ပလတ်စတစ်နှင့် အမှိုက်သရိုက်များ၊ ဓာတုညစ်ညမ်းမှု၊ ဇီဝညစ်ညမ်းမှုများ ရောက် ရှိမသွားအောင် မြစ်ချောင်းများနှင့် ဆက်စပ်နေသည့်မြို့တိုင်း၊ ရွာတိုင်း၊ လူတိုင်းက ဂရုတစိုက်စောင့်ရှောက်ကြရန်လိုသည်။


နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ရေကိုအဖိုးတန်သယံဇာတတစ်ခု အဖြစ် လူတိုင်းက တန်ဖိုးထားအသုံးပြုကြရန်ဖြစ်သည်။ မြို့ပေါ် တွင် မိမိတို့အိမ်အရောက်ရေကောင်းရေသန့်များ ရရှိရေး၊ ကျေး လက်ဒေသများတွင် စိုက်ခင်းလယ်ကွင်းများအထိ စိုက်ရေပျိုးရေ များရောက်ရှိရေး     နိုင်ငံတော်က   ငွေကြေးပမာဏကြီးမား   မြောက်မြားစွာကုန်ကျခံပြီး ဆောင်ရွက်ထားရခြင်းဖြစ်သည်ကို လည်း အလေးအနက်ဂရုပြုကြရန် လိုအပ်သည်။ အမှတ်တမဲ့ ဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ ရေလေလွင့်ပြုန်းတီးမှုများ ဖြစ်ပေါ်တိုင်း ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ထောင်နှင့်ချီ၍ မိမိတို့ကဲ့သို့ ရေသုံးစွဲခွင့်မရသည်ကိုလည်းကောင်း၊ ရေကောင်း ရေသန့်မသုံးရ၍ နှစ်စဉ်ကလေးငယ်သန်းပေါင်းများစွာ သေဆုံး နေရသည်ကိုလည်းကောင်း အမှတ်ရမြင်ယောင်ကာ အဖိုးတန် သည့်ရေကို  စည်းစနစ်ကျစွာ  ချွေတာသုံးစွဲကြပါရန်  နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။        ။