ချွေတာသုံးစွဲကြစို့လေ တန်ဖိုးကြီးမားသော ‘ရေ’

Type
5

 

ကိုကျော်စွာ(ကျိုက်ပိ)

 

စာရေးသူတို့နေထိုင်ရာကမ္ဘာကြီးသည် ရေထုများသောကြောင့် ရေကမ္ဘာဟုပင် ခေါ်ကြပါသည်။ နေ့စဉ်လူနေမှုဘဝတွင်  ရေသည် အဓိကအစိတ်အပိုင်းတစ်ခုဖြစ် သည်။ အဖိုးတန်၍ ရှားပါးလာသော သယံဇာတလည်းဖြစ်သည်။ ရှားပါးသောအရာသည် တန်ဖိုးကြီးမားလှပြီး စာရေးသူတို့အနေဖြင့် တန်ဖိုးကြီးမားသောအရာကို တန်ဖိုးထားတတ်ဖို့လည်း များစွာလိုအပ်ပါသည်။

 

ကမ္ဘာမြေကြီးနှင့်ရေ


စာရေးသူတို့ နေထိုင်ရာ ကမ္ဘာကြီးသည် ရေထု၊ လေထု  မြေထုဟူသော အလွှာထုကြီးသုံးခုဖြင့် တည်ဆောက်ထားပါသည်။ မြေလွှာထုကို ရေလွှာ ထုက ပင့်တင်ထားပါသည်။ ထိုမြေထုနှင့် ရေထုကို  လေထုက     ပြန်လည်   ပင့်တင်ပေးထားပါသည်။ ထိုအလွှာကြီးသုံးခုအနက် စာရေးသူတို့နေထိုင်ရာ ကမ္ဘာကြီးတွင် ရေထုဧရိယာက   ပိုများပါသည်။ ရေထုသည် ကမ္ဘာကြီး၏ လေးပုံ သုံးပုံခန့်ရှိပါသည်။ ကမ္ဘာ့မြေပုံကိုကြည့်လျှင်လည်း  မြစ် ၊  ချောင်း၊  အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများဖြင့်သာ ပြည့်နေပါ သည်။ ကမ္ဘာ့မြေမျက်နှာပြင်အားလုံးတွင်  ၇၁ ရာခိုင်နှုန်းမှာ  ရေများဖြင့်ပြည့်နေသည်ဟု ဆိုပါ သည်။

 


ကမ္ဘာပေါ်တွင်ရှိရှိသမျှသော ရေများတွင် အမျိုး အစားအားဖြင့် ရေချိုနှင့်ရေငန်ဟူ၍ နှစ်မျိုးရှိပါ သည်။ ကမ္ဘာ့ရေထုအားလုံး၏ ၉၇ ရာခိုင်နှုန်းခန့် သည် ပင်လယ်သမုဒ္ဒရာများနှင့် ဆားငန်ရေများဖြစ် ပြီး  ၃  ရာခိုင်နှုန်းမှာ  ရေချိုပမာဏဖြစ်သည်။  ထို  ၃ ရာခိုင်နှုန်းတွင်လည်း ရေခဲတောင်၊ ရေခဲမြစ်နှင့် မြေအောက်ရေသည် ၂  ဒသမ ၉၉၇ ရာခိုင်နှုန်းခန့်ရှိ သည်ဟု သိရသည်။ စာရေးသူတို့ အမှန်တကယ်သုံးစွဲ နိုင်သော  ရေမှာ ၀  ဒသမ ၀၀၃ ရာခိုင်နှုန်းသာ ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးအနေဖြင့်ဆိုလျှင် ရေချိုသုံးစွဲရမှုပမာဏသည်  အလွန်ပင်  နည်းပါး လှပေသည်။  ထို့ကြောင့်  ရေသည်   ကမ္ဘာပေါ်ရှိ သယံဇာတများအနက်      အဖိုးအတန်ဆုံးသော သယံဇာတဖြစ်သည်ဟု ဆိုချင်ပါသည်။

 


သက်ရှိတို့နှင့်ရေ


ယနေ့  ကမ္ဘာပေါ်တွင်  လူဦးရေ  အဆမတန် တိုးပွားလာသည်ကို သိကြပေလိမ့်မည်။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ ရေသုံးစွဲမှုသည်လည်း များပြားလာမည်မှာ မလွဲပေ။  ရေသည် သက်ရှိတို့ အတွက် မရှိမဖြစ်သော သယံဇာတတစ်မျိုးလည်း ဖြစ်ပေသည်။ ရေမရှိလျှင် လူသားအပါအဝင်  အပင်နှင့်   အခြားသောသက်ရှိများ ရပ်တည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရေသည် ဇီဝထု၏ အသက် သွေးကြော(Bloodstream  of  biosphere)ဟု တင်စားခေါ်ဝေါ်ကြဟန်တူပါသည်။ သက်ရှိဆိုရာ တွင် လူသားတို့အပါအဝင် အပင်၊  တိရစ္ဆာန်နှင့် အင်းဆက်ပိုးများလည်း ပါဝင်ပါသည်။စာရေးသူတို့မြန်မာမှုနယ်ပယ်တွင် “ထမင်းအသက် ခုနစ်ရက်-ရေအသက်တစ်မနက်”ဟု ဆိုရိုးစကား ရှိပါသည်။ ထမင်းမစားရလျှင် ခုနစ်ရက်အသက်ရှင်နိုင်သော် လည်း ရေမသောက်ရလျှင် တစ်မနက်ပင် အသက် မရှင်နိုင်ဟု ဆိုလိုဟန်ရှိပါသည်။  ဤ အဆိုသည် မှန်ပေ၏။ လူတစ်ယောက်၏ခန္ဓာကိုယ် အတွင်း၌ ၇၀ ရာခိုင်နှုန်းသည် ရေများသာဖြစ်သည်။ ခန္ဓာ ကိုယ်အတွင်း   ရေပမာဏ  ၅ ရာခိုင်နှုန်း လျော့နည်း ပါက   ရေငတ်ဝေဒနာကို    ခံစားကြရပေမည်။ ထို့ထက်ပို၍   ၁၀ ရာခိုင်နှုန်းလျော့နည်းပါက သေဆုံးသည်အထိဖြစ်နိုင်ကြောင်း   မှတ်သား ရပါသည်။

 


လူတစ်ဦးအနေဖြင့် တစ်နေ့ကို ရေ ၁ ဒသမ ၅ လီတာလောက် အနည်းဆုံးသောက်သုံးရန် လိုအပ် ကြောင်းသိရပါသည်။ ရေသည်သက်ရှိတို့အတွက် မရှိမဖြစ်ပေ။ ရေတစ်စက်သည်ပင် အရေးပါလှပုံကို သီဟိုဠ်ဘုရင် ပရက္ကမဗာဟု(အေဒီ ၁၁၅၃-၈၆)က “မြေပေါ်သို့ကျလာသော ရေကလေးတစ်စက်ကို သော်မှ လူတို့မသုံးရဘဲ အဟောသိကံ မဖြစ်စေရ”ဟု မိန့်ဆိုခဲ့ကြောင်း မှတ်သားရပါသည်။

 


ရေကို လူသားတို့ပင် အလိုရှိသည်မဟုတ်ပေ။ တိရစ္ဆာန်နှင့်   အင်းဆက်ပိုးကောင်လေးများပင် အလိုရှိကြသည်။  ငှက်ကလေးများနှင့်  ကျွဲ၊ နွား ကြက်၊ ဘဲများလည်း ရေကိုသောက်သုံးကြသည်။ ပုရွတ်ဆိတ်လေးများသည်လည်း ရေငတ်တတ်ကြ သည်ဟု မှတ်သားရဖူးသည်။ ခြောက်သွေ့သော ဒေသများရှိ      တွားသွားအင်းဆက်ပိုးများသည် ရေတစ်ပေါက်မျှသောက်ရသည်ကိုပင် နှစ်သက်ကြ သည်ဟုဆိုပါသည်။ သစ်တောသစ်ပင်များသည် လည်း  ရေကိုအမှီပြု   ရှင်သန်နေကြရပါသည်။ ထို့ကြောင့်  ရေမရှိလျှင် သက်ရှိအားလုံး အသက်ရှင် သန်နိုင်တော့မည်  မဟုတ်ပေ။  ရေချိုကိုလည်း သန့်ရှင်းသောရေနှင့် ညစ်ညမ်းသောရေဟူ၍ ခွဲခြား ထားပါသည်။ ယနေ့ကမ္ဘာ့ရေထု၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရေသန့်ဖြစ်ကြောင်း ပညာရှင်များက သတိပေးလာကြသည်။ လာမည့်သက္ကရာဇ် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေသည် သန်း ၉၀၀၀ ကျော် ရှိလာနိုင်သည်ဟု   ခန့်မှန်းကြရာ  ယခုလက်ရှိ ရေချိုပမာဏအတိုင်းဆိုလျှင် ရေရှားပါးမှုဒဏ်ကို ခံရနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ရေကို ချွေတာသုံးစွဲ ဖို့လိုပါသည်။

 


ရေချိုသုံးစွဲမှု


ရေသည် ကမ္ဘာ့သယံဇာတများအနက် အဖိုး အတန်ဆုံးသော    သယံဇာတတစ်မျိုးဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်  လူနှင့်   အခြားသော သက်ရှိတို့ အသက်ရှင်မှုကို အထောက်အကူပြုခြင်း၊ စက်မှုလုပ်ငန်းများနှင့်    စာနပ်ရိက္ခာဖူလုံစေရန် အတွက် အထောက်အကူဖြစ်စေခြင်းတို့ကြောင့် ဖြစ်ပါသည်။ ရေသည်  အဘက်ဘက်မှလိုအပ်သည် မှန်သော်လည်း    အထက်တွင်   စာရေးသူဖော်ပြ သကဲ့သို့   လူတို့သုံးစွဲနိုင်သောပမာဏသည် လွန်စွာ နည်းပါးလှပါသည်။

 


ထိုသို့နည်းပါးလှသည့်   ရေချိုပမာဏမှာမှ သန့်ရှင်းသောရေသည်     ပို၍    နည်းပါးသည်။ တချို့သောနိုင်ငံများတွင်        ရေသန့်ရရှိအောင် ခက်ခက်ခဲခဲ ပြုလုပ်သုံးစွဲကြရသည်။ ရေသန့်ရှားပါး မှုနှင့်ပတ်သက်၍ ဆောင်းပါးတစ်ပုဒ်တွင် စာရေးသူ ဖတ်ခဲ့ရသည်ကို ဖော်ပြချင်ပါသည်။ အာဖရိကတိုက် ရှိ ရေရှားပါးသောနေရာများ၊  ရေကောင်း ရေသန့် မရရှိသောနေရာများတွင် ရေကြည်ရေသန့်ရရှိစေရန် ကျောက်ချဉ်  သို့မဟုတ်   ဒန့်သလွန်သီးခြောက် အစေ့ကိုထောင်း၍ အဝတ်ဖြင့်ထုပ်ကာ အိုးအတွင်း သို့ထည့်၍ ရှစ်နာရီခန့်ထားရသည်။ ထိုသို့ထားပြီး ရေကြည်လာမှ သောက်သုံးရေအဖြစ် အသုံးပြုကြ ရသည်။ ရေသည် ဤမျှပင် ရှားပါး၍ အဖိုးတန်လှပါ သည်။

 


ရေသုံးစွဲမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏    ခန့်မှန်းချက်အရ  ကမ္ဘာ့ရေချို၏  ၁ ရာခိုင်နှုန်းထက်နည်းသော သို့မဟုတ် ကမ္ဘာ့ရေထု ၏ တစ်သိန်းပုံ ခုနစ်ပုံကိုသာ လူသားတို့သုံးစွဲနိုင် ကြောင်း  ခန့်မှန်းကြသည်။  ၁၉၅၀  ပြည့်နှစ်မှစ၍ ရေသုံးစွဲမှုပမာဏသည်လည်း နှစ်စဉ်တိုးတက်ခဲ့ သည်ဟု ဆိုပါသည်။ ဥပမာ-ကမ္ဘာပေါ်ရှိရေအားလုံး မှာ ၂၆  ဂါလန်သာရှိသည် ဆိုပါစို့။ ယင်း ၂၆ ဂါလန် တွင် ရေချိုမှာ  ၀ ဒသမ ၈ ဂါလန်(၃ လီတာ)သာ ပါရှိပါသည်။ ထို့ကြောင့် စာရေးသူတို့သုံးစွဲနိုင်သော ရေပမာဏမှာ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်သာ ရှိနိုင်ကြောင်း ဆရာဇော်နီမြင့်၏ ဆောင်းပါးတစ်ပုဒ် တွင်   သုံးသပ်ပြထားသည်ကို   တွေ့ရပါသည်။ ဤကား ဥပမာပြ  သုံးသပ်ထားခြင်း ဖြစ်ပါသည်။ လူတစ်ဦးအတွက် နေ့စဉ် ပေါင်မုန့်နှင့်ရေကိုသာ စားသုံးပါက    ထိုလူတစ်ဦးအတွက်    နှစ်စဉ် ရေဂါလန် ၁၀၀၀၀၀ နီးပါး သုံးစွဲရပေမည်။ ထို့ပြင် နေ့စဉ်စားသုံးနေသော   ဟင်းသီးဟင်းရွက်များ အတွက် ရေဂါလန် ၂၀၀ ခန့် သုံးစွဲရမည်။  အသား တစ်ပေါင်အတွက် ရေဂါလန် ၂၃၀၀ သုံးစွဲကြရသည်။ ရှားပါးသောရေကို  နေ့စဉ်  လူမှုဘဝတွင် အမျိုးမျိုး ခွဲဝေသုံးစွဲနေကြရပါသည်။

 


ရေထုညစ်ညမ်းမှုသည် ရေသုံးစွဲမှုကိုလျော့နည်း စေသည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ရေတွင်းပေါင်း ၁၈၀၀ ရှိသည့်အနက် ၁၂၀၀ ခန့်လောက်သာ သုံးစွဲနိုင်တော့သည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဘုံပိုင်ရေ ၅ ရာခိုင်နှုန်းခန့်သာ သောက်သုံးကြရသည်။ မလေး ရှားနိုင်ငံတွင်မူ ၁၉၉၈ အစီရင်ခံစာအရ မြစ်ဝှမ်း များ၏ ၂၅ ရာခိုင်နှုန်းကိုသာ သန့်စင်သောရေအဖြစ် အသုံးပြုကြရသည်။    ဖိလစ်ပိုင်နိုင်ငံတွင်လည်း  မြစ် ၄၁၉ စင်းရှိရာ ၃၆၂ စင်းမှာ ရေထုညစ်ညမ်းလျက် ရှိပါသည်။  အင်ဒိုနီးရှားတွင်လည်း  ဓာတ်သတ္တု သန့်စင်သောလုပ်ငန်းများကြောင့် ရေထုညစ်ညမ်း ကာ မြို့ပြရေပေးဝေမှုမှာ ၄၀ ရာခိုင်နှုန်းသာရှိပြီး ထိုရေသည်လည်း သန့်ရှင်းသောရေ မဟုတ်ပေ။ ဤကား ဆရာဇော်နီမြင့်၏ ဆောင်းပါးမှ ထုတ်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။

 


ရေချိုသုံးစွဲမှုနှင့်  ပတ်သက်၍  စာရေးသူတို့ နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင် ရေချို ၇၀ ရာခိုင်နှုန်း အသုံးပြုရသည်ဟု ဆိုသည်။ လူသားတို့ အနေဖြင့်   သောက်သုံးခြင်းနှင့်    အခြားသော အထွေထွေအသုံးပြုမှုအတွက်  ၈ ရာခိုင်နှုန်း၊ ၂၂ ရာခိုင်နှုန်းကိုမှု       စက်ရုံအလုပ်ရုံများအတွက် အသုံးပြုကြောင်း   သိရသည်။   ကမ္ဘာ့နိုင်ငံ ၁၉၁ နိုင်ငံအနက် ၁၀ နိုင်ငံသာ ကမ္ဘာ့ရေအရင်းအမြစ်၏ ၆၅  ရာခိုင်နှုန်းကို    ပိုင်ဆိုင်ထားသည်ဟုလည်း သိရသည်။ စာရေးသူတို့နိုင်ငံသည် အာရှတစ်ခွင်တွင် ရေသုံးစွဲမှု တတိယနေရာတွင်  ရှိနေသည်ဟု ဆိုပါ သည်။ လာမည့် ခရစ်နှစ် ၂၀၂၅ ခုနှစ်လောက်တွင် ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်သည် ရေရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန်   ခံရနိုင်ဖွယ်ရှိကြောင်း  ကုလ သမဂ္ဂအဖွဲ့က    သတိပေးထားကြောင်းလည်း သိရသည်။

 


စိုက်ပျိုးရေးအတွက် ရေသုံးစွဲမှု


စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ် သည်ကို အားလုံးအသိပင်ဖြစ်ပေမည်။ စိုက်ပျိုးရေး အတွက် ရေအရင်းအမြစ်သည် အဓိကဖြစ်သည်။ စိုက်ပျိုးရေးအတွက်ဆို ရေသည် ရတနာတစ်ပါး ဟုပင်   ဆိုသင့်ပါသည်။  ပုဂံခေတ်ကတည်းက စိုက်ပျိုးရေးအတွက် ဆည်ကြီးများ တည်ဆောက် ခဲ့ကြပါသည်။ ယခုအထိလည်း တည်ဆောက်နေဆဲ ဖြစ်ပါသည်။ အချို့သောဒေသများတွင် စိုက်ပျိုး ရေးအတွက် ဆည်မြောင်းများကို အားထားကြရ သည်။ အချို့သော အပူပိုင်းဒေသများတွင် စိုက်ပျိုး ရေးအတွက် မြေအောက်ရေကို အားကိုးအားထားပြု ကြရသည်။ စိုက်ပျိုးရေးအတွက် မြေအောက်ရေကို ၁၆ ရာခိုင်နှုန်း ရရှိကြသည်။

 


အပူပိုင်းဒေသများတွင် ချောင်းဟောင်း၊ မြောင်း ဟောင်း သဲသောင်များကို လက်တူးတွင်းပြုလုပ်ကာ နွေရာသီတွင် သီးနှံများစိုက်ပျိုးကြသည်။ အချို့ သောဒေသများတွင်  စက်ရေတွင်းများပြုလုပ်၍ စိုက်ရေကို ထုတ်ယူသုံးစွဲကြသည်။ မိတ္ထီလာဘက် တွင် စိုက်ပျိုးရေးအတွက် စက်ရေတွင်း ၄၈၅ တွင်းမှ စိုက်ပျိုးဧက ၆ ဒသမ ၅၀၀ ကို စိုက်ပျိုးရေပေးဝေနိုင် ကြောင်း၊  ပျော်ဘွယ်၊ တပ်ကုန်းဒေသတွင် စက်ရေ တွင်း ၁၁၀ မှ  မြေဧက ၁၆၀၀ ကျော်ကို        မြေအောက်ရေဖြင့်   စိုက်ပျိုးရေပေးဝေနိုင်ကြောင်း       သိရသည်။ ထို့အပြင် ၁၉၅၂ - ၅၃ ဘဏ္ဍာနှစ်မှ ၂၀၁၆ ခုနှစ်အထိ စက်ရေတွင်းပေါင်း ၂၅၀၀၀ ကျော်ဖြင့် စိုက်ပျိုး မြေဧကပေါင်း ၂၅၄၂၂၈၄ ဧကကို မြေအောက် ရေဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 


စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေလျှံတွင်းပေါင်း ၅၉၆ တွင်းဖြင့် စိုက်ဧက ၃၄၀၀ ရေပေးနိုင်ပြီး မန္တလေးတိုင်းဒေသကြီးတွင်    ၄၆၅   တွင်းဖြင့်  စိုက်   ဧက ၇၅၀၀   ကို         ရေပေးဝေနိုင်ကြောင်း   ဆောင်းပါးတစ်ပုဒ်၌   ဖော်ပြထားသည်ကို  တွေ့ရ သည်။ စိုက်ပျိုးရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နှစ်စဉ် ရေမည်မျှသုံးစွဲနေကြရသည်ကို ခန့်မှန်းနိုင်ပေမည်။

 


စက်မှုလုပ်ငန်းများနှင့်ရေ


ရေသည်သက်ရှိတို့အတွက်သာမက စိုက်ပျိုး ရေး နှင့် စက်မှုလုပ်ငန်းများအတွက်လည်း မရှိမဖြစ် လိုအပ်ပါသည်။ အနီးစပ်ဆုံးဆိုပါလျှင် ဆပ်ပြာရည် ပြုလုပ်ရာတွင်ပင် ဆပ်ပြာဆေးကို ရေနှင့်ရောစပ်၍ အသုံးပြုရသည်။ စွမ်းအင်ထုတ်စက်ရုံများ၊ စက်မှု လုပ်ငန်းများနှင့် ထိုစက်ရုံအလုပ်ရုံများမှ စွန့်ပစ် သော အညစ်အကြေးများကို သန့်ရှင်းရန်  ရေ ၂၅ ရာခိုင်နှုန်းကို အသုံးပြုရသည်။ ဥပမာ- မော်တော် ယာဉ်တစ်စီးကို    ထုတ်လုပ်ရန်    ရေဂါလန်  ၁၀၀၀၀၀ ကုန်သည်။ ထို့ပြင့် စက္ကူ ၂ ဒသမ ၂ ပေါင် ထုတ်လုပ်နိုင်ရန်အတွက် ရေ ၂၆ ဂါလန်ကုန်သည်။ အလူမီနီယံ ၂ ပေါင် ထုတ်လုပ်ရန် ရေဂါလန် ၂၀၀၀ ခန့် ကုန်နိုင်ပါသည်။

 

 နေ့စဉ် နှစ်စဉ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင်               အသုံးပြုရမည့်  ရေဂါလန်ပေါင်း နည်းမည်မဟုတ်ပေ။
နိဂုံးချုပ်အနေဖြင့်ဆိုလျှင်  ရေသည် ဘက်စုံ အသုံးပြုရသော   အဖိုးတန်သဘာဝသယံဇာတ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်  အသုံးပြု၍ရသော ရေချိုပမာဏသည် အလွန်နည်းပါးကြောင်းကို စာရေးသူ ဖော်ပြခဲ့ပါသည်။ ထိုနည်းပါးသော ရေချို ပမာဏထဲမှာမှ ညစ်ညမ်းရေထုသည်လည်း အများ အပြားပင်ဖြစ်ပါသည်။ လူတို့ အလွန်အမင်းသုံးစွဲခြင်း ကြောင့်လည်းကောင်း၊   စက်ရုံအလုပ်ရုံများက သုံးစွဲကြသလို ထိုစက်ရုံအလုပ်ရုံများက ပြန်လည် စွန့်ပစ်သော    ညစ်ညမ်းရေထုများကြောင့်ပင် တစ်ဖန်ပြန်၍ ရေထုကို ညစ်ညမ်းစေပြန်ပါသည်။

 


ယခုအတိုင်းဆိုပါလျှင် နောင်အနာဂတ်တွင် ရေရှားပါးမှုပြဿနာကို မလွဲမသွေ ရင်ဆိုင်ကြရ ပေလိမ့်မည်။  ထို့ကြောင့်  ရေကိုချွေတာသုံးစွဲသင့် သလို ရေထုညစ်ညမ်းမှုမဖြစ်အောင် ကာကွယ်၍ ရေချိုကို တန်ဖိုးရှိစွာ ချွေတာသုံးစွဲကြရန် တိုက်တွန်း လိုက်ပါသည်။     ။