
ဒေါက်တာခိုင်ခိုင်ဝင်း
ခေါင်းဆောင်မှု (Leadership)၊ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ဖို့ရာ ( To become a good leader) စသည့် အကြောင်းအရာများသည် သင်တန်း အများစုတွင် ပို့ချလေ့ရှိသလို စီမံခန့်ခွဲမှုသင်တန်း ( Management Course) များတွင်လည်း ပါဝင် လေ့ရှိပါသည်။
လူသားဆန်ဖို့ အရေးကြီး
ခေါင်းဆောင်မှုနှင့် စပ်လျဉ်းပြီး စီမံခန့်ခွဲမှု အပိုင်းသည်လည်း ဆက်စပ်ပါဝင်လာသလို စီမံ ခန့်ခွဲမှုနှင့် စပ်လျဉ်းပြီးလည်း လူသားတို့၏ အခြေခံ ကျင့်ဝတ်စိတ်ထား စသည်တို့သည် တစ်ဆက်တည်း ပါဝင်လာသည်လည်း ဖြစ်ပါသည်။ ခေါင်းဆောင်မှု ကိုပြုသူသည် လူသားများဖြစ်ပြီး ခေါင်းဆောင်သူ၊ ဦးဆောင်သူနောက် လိုက်ပါရမည့်သူများသည် လည်း လူသားများပင်ဖြစ်ရာ လူသားဆန်ဖို့ရာသည် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုအပိုင်းတွင် အရေးကြီး လာသည်လည်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အရည်အချင်းပြည့်ဝမှု၊ လူသားဆန်မှု၊ ကျင့်ဝတ်၊ အပြုအမှု၊ စိတ်နေ စိတ်ထားတို့သည် တစ်ခုနှင့်တစ်ခု ပုတီးလုံးများပမာ ဆက်စပ်နေသည်လည်း ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံအတွက် အဖွဲ့အစည်းကောင်း များ၊ အဖွဲ့အစည်းများအတွက်ဝန်ထမ်းကောင်း များထားရှိရေးသည် အလွန်အရေးကြီးပါသည်။ ပို၍ အရေးကြီးသည်မှာ အဖွဲ့အစည်းများတွင် မှန်ကန်တည်ကြည်ဖြောင့်မတ်ပြီး ဝန်ထမ်းများ အတွက် စံပြဖြစ်နေသည့် ခေါင်းဆောင်ကောင်းများ ရှိရေးပင် ဖြစ်ပါသည်။
ခေါင်းဆောင်ကောင်း လိုအပ်
ဤနေရာတွင် ခေါင်းဆောင်ကောင်းတစ်ဦး ရွေးချယ်ရာတွင် မည်သည့်အချက်သည် အရေးကြီး သနည်း၊ မည်သို့သော ခေါင်းဆောင်ကို အလိုရှိ သနည်းဟု မေးမြန်းကြည့်မည်ဆိုပါက တချို့က လူကောင်းကိုလိုချင်ပါသည်။ တချို့ကလည်း တော်သည့် လူကိုလိုချင်ပါသည်။ တချို့က တော်လည်းတော် ကောင်းလည်းကောင်းသည့် လူမျိုးကို လိုချင်ပါသည်ဟု ဆိုကြပါလိမ့်မည်။ နိုင်ငံတစ်နိုင်ငံအတွက် ဌာနအဖွဲ့အစည်းအတွက် စွမ်းဆောင်ရည်မြင့်မားသည့် ခေါင်းဆောင်ကောင်း များ အမှန်တကယ်လိုအပ်ပါသည်။ ပို၍ အရေးကြီးသည်မှာ ခေါင်းဆောင်ကောင်းဟူသည် စွမ်းဆောင်ရည်မြင့်နေ၊ တော်နေ၊ တတ်နေရုံနှင့်မပြီး နှလုံးရည်လှ၍ ပင်ကိုစိတ်ကောင်းမွန်ပြီး ကျင့်ဝတ် လည်း ကောင်းမွန်ဖို့ရာဖြစ်ပါသည်။ တစ်နည်းအား ဖြင့် ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်း ဆိုသည်မှာ ဝန်ထမ်းများ (ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ ဝန်ထမ်း) ၏ ကျင့်ဝတ်သိက္ခာများကို လေးစား လိုက်နာစောင့်ထိန်းသူ၊ မိမိတတ်သိ ကျွမ်းကျင်ရ မည့် အရည်အချင်းများကို အမြဲလေ့လာဆည်းပူး ဆောင်ရွက်နေသူ ဖြစ်ရမည့်အပြင် နိုင်ငံနှင့်ပြည်သူ့ အကျိုးစီးပွားကို တာဝန်အရမဟုတ်ဘဲ စိတ်ရင်း စေတနာအရင်းခံဖြင့် ဆောင်ရွက်သူများအား ခေါ်ဆိုခြင်း ဖြစ်ပါသည်။
ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမည်
နိုင်ငံ့ဝန်ထမ်းများ ကောင်းပါမှ နိုင်ငံကောင်း မည်ဖြစ်သလို ဦးဆောင်မှုကောင်းသည့် ခေါင်းဆောင်ကောင်းရှိမှသာလျှင် ကောင်းမွန်သည့် နောက်လိုက်ဝန်ထမ်းကောင်းများ ရှိလာမည်ဖြစ်ပါ သည်။ မည်သည့်အဖွဲ့အစည်းမဆို ဝန်ထမ်းများ အထူးသဖြင့် ဝန်ထမ်းကောင်းများမရှိပါဘဲ ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ ခေါင်းဆောင်သူ ကိုယ်တိုင် ဝန်ထမ်းကောင်း အရည်အချင်းများ မရှိပါဘဲ မိမိ နောက်လိုက်များအား ဝန်ထမ်းကောင်းဖြစ်အောင် တိုက်တွန်းနှိုးဆော်ရေး အခက်တွေ့မည်သာဖြစ် သည်။ ခေါင်းဆောင်သူ၊ ဦးဆောင်သူကိုယ်တိုင် ဝန်ထမ်းကျင့်ဝတ်သိက္ခာ စောင့်စည်းလေးစား လိုက်နာဖို့ရာ အလွန်အရေးကြီးပါသည်။
အုပ်ချုပ်စီမံခန့်ခွဲမှု အဆင့်ဆင့်ရှိ တာဝန်ရှိ လူကြီးများ၏ အုပ်ချုပ်မှုစနစ်ကျခြင်း/ မကျခြင်း၊ တရားမျှတမှုရှိခြင်း/ မရှိခြင်း၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိခြင်း/ မရှိ ခြင်း၊ မိမိဝန်ထမ်းများကို အလေးထားခြင်း/ မထားခြင်းများသည် လုပ်ငန်းခွင်ပျော်ရွှင်စေမှု နှင့် လုပ်ငန်းအောင်မြင်စေမှုများအပေါ် များစွာ သက်ရောက်မှုရှိပါသည်။
တရားမျှတစွာ အုပ်ချုပ်စီမံခန့်ခွဲမှုမရှိသည့်ဌာနတွင် အထက်အောက်ဝန်ထမ်းများအကြား လေးစားယုံကြည်မှုလည်း လျော့နည်းနေမည် ဆိုသည်မှာ ယုံမှားဖွယ်မရှိပါ။ ဤနေရာတွင် တရားမျှတမှုရှိသည့် လုပ်ငန်းခွင်ဖြစ်ပေါ်လာရေးနှင့် ဝန်ထမ်းများ ပျော်ရွှင်တက်ကြွစွာ တာဝန် ထမ်းဆောင်သည့် လုပ်ငန်းခွင် ဖြစ်ပေါ်လာရေး တို့သည် အုပ်ချုပ်သူ၊ စီမံခန့်ခွဲသူ ခေါင်းဆောင်၏ အမြော်အမြင်ကြီးမှု၊ အုပ်ချုပ်စီမံခန့်ခွဲမှုတွင် ကျွမ်းကျင်မှု၊ သမာသမတ်ရှိမှု၊ ဘက်မလိုက်မှု၊ ခွဲခြားဆက်ဆံခြင်းမရှိမှု၊ ပုဂ္ဂိုလ်ရေးအညှိုးထား အမုန်းမပွားမှု၊ ပညာဉာဏ်ကြီးမြတ်မှု၊ စိတ်နေ စိတ်ထားမြင့်မြတ်မှုစသည့် အရည်အချင်းကောင်း များစွာတွင် တည်မှီနေသည်လည်း ဖြစ်ပါသည်။
အဂတိတရား (၄) ပါး ကင်းစင်ဖို့အရေးကြီး
နီးစပ်သူတွေကို ဘက်မလိုက်ရေးနှင့် အဂတိ လိုက်စားမှုမရှိရေးတို့သည် ခေါင်းဆောင်ကောင်း တစ်ဦးအတွက် အမှန်ပင်လိုအပ်ပါသည်။ ခေါင်းဆောင်နေရာတွင် ရှိနေသည့် ပုဂ္ဂိုလ်တစ်ဦး ချင်းစီ၏ ကျင့်ဝတ်နှင့်သက်ဆိုင်ပါသည်။ ဌာန အဖွဲ့အစည်းကို ဦးဆောင်မည့် ခေါင်းဆောင်သည် အဂတိတရား (၄) ပါး ကင်းစင်အောင် ပြုမူ ကျင့်ကြံဖို့ရာ အရေးကြီးပါသည်။ အဂတိတရား (၄) ပါးရှိနေသည့် ဝန်ထမ်းသည် မည်မျှပင် တော်နေ တတ်နေစေကာမူ နိုင်ငံအတွက်၊ ဌာနအတွက် အဖွဲ့ အစည်းအတွက်၊ အမှန်တကယ် အားကိုးရသည့် ဝန်ထမ်းကောင်းဟု မခေါ်ဆိုနိုင်ပေ။
ဝန်ထမ်းကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူနေထိုင် ပြောဆိုပြီး ရှိသင့်ရှိထိုက်သည့် အရည်အချင်း စွမ်းဆောင်ရည်များ ပြည့်ဝနေသည့် ခေါင်းဆောင် ကောင်းဝန်ထမ်းများသည်သာ နိုင်ငံတော်နှင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးတို့ တွင် အောင်မြင်အောင်ဆောင်ရွက်နိုင်မည့် နိုင်ငံတော် အတွက် အမှန်တစ်ကယ်အားဖြစ်စေမည့် ဝန်ထမ်းကောင်းများဖြစ်ပါသည်။ အမှန်တစ်ကယ် ပြည်သူ၏ အကျိုးစီးပွားဖော်ဆောင်နိုင်မည့်သူ၊ ပြည်သူ၏ ယုံကြည်မှုကို ရယူပေးနိုင်သူသည် တော်နေ တတ်နေ၊ အရည်အသွေးပြည့်မီသည့် ဝန်ထမ်းမဟုတ် တော်နေ တတ်နေ၊ အရည်အသွေး မြင့်ပြီး ဝန်ထမ်းကျင့်ဝတ် သိက္ခာနှင့် ပြည့်စုံသည့် ဝန်ထမ်းသာဖြစ်ပါသည်။ နဂိုမူလ စိတ်ရင်းအခြေခံ၊ ကျင့်ဝတ်ကောင်းများရှိပြီး အရည်အချင်းပြည့်မီ သည့် ခေါင်းဆောင်ကောင်းများ၊ နိုင်ငံအတွက် အားထားရမည့် ဝန်ထမ်းကောင်းများ၊ လူကောင်း လူတော်များ ထွက်ပေါ်လာရေး ရည်သန်ရေးသား ပါသည်။
- Log in to post comments