ခြေစွမ်းထက်နေသည့် စကော့တလန်ကို နောက်ကျသွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် စပိန်အသင်း

 

အောက်တိုဘာ   ၁၃ ရက်  နံနက်ပိုင်းက ယူရို ခြေစစ်ပွဲ အုပ်စု (က) မှ စပိန်နှင့် စကော့တလန် အသင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်း က နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို စပိန်အိမ်ကွင်း၌     လက်ခံယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၄၅၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ သည်။   


စကော့တလန်အသင်းသည်  ယခုပွဲစဉ်တွင် ယူရိုခြေစစ်ပွဲ၌ ပထမဆုံးရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ ခြင်းဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရေးအတွက်လည်း နှောင့်နှေးခဲ့ရပြီဖြစ်သည်။ သို့သော်လည်း လာမည့်  အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ယှဉ် ပြိုင် ကစားမည့်    နော်ဝေနှင့်  စပိန်အသင်းပွဲစဉ်တွင် စပိန်အသင်း  အနိုင်ရရှိခဲ့ပါက စကော့တလန်အသင်းအနေဖြင့် ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မည်ဖြစ်သည်။ 


ယခုပွဲစဉ်တွင် ပွဲချိန် မိနစ် ၆၀ ၌ စကော့တလန်အသင်းမှ အားထားရ သည့်    ကွင်းလယ်တိုက်စစ်ကစားသမား   မက်တွန်မီနေး   အလွတ် တည်ကန်ဘောမှ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့ သည့်အတွက် နစ်နာခဲ့ရသည်။ 


ပွဲချိန်အများစုကို စပိန်အသင်းကသာ  ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းချက်အသာဖြင့်  ဖိအားပေးကစားနိုင်ခဲ့ပြီး  စကော့တလန် အသင်းက ရံဖန်ရံခါမှသာ ထိုးဖောက်တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့သည်။ 


စပိန်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၇၃ မိနစ်တွင် မိုရာတာ နှင့်  ပွဲချိန် ၈၆ မိနစ်တွင်   ဆန်းဆက်တို့က   သွင်းယူပေးနိုင်ခဲ့သည်။ ယခုပွဲစဉ်အနိုင်ရရှိမှုကြောင့် စပိန်အသင်းသည် ငါးပွဲကစားပြီး လေးပွဲနိုင် တစ်ပွဲရှုံးရလဒ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ 


စကော့တလန်အသင်းသည် လာမည့် အောက်တိုဘာ ၁၈ ရက်တွင် နာမည်ကြီး ပြင်သစ်အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။                     

အောင်ဇော်