
ချောင်းသာ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ကျင်းပသည့် ဒီဇင်ဘာအားကစားလ သဲသောင်ပြင် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၀ ရက်က Azura Hotel ရှေ့ ကမ်းခြေသဲသောင်ပြင်၌ ကျင်းပသည်။
ပြိုင်ပွဲများကို ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီးဝေဖြိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ဒေသခံနှင့်ခရီးသွား ပြည်သူများက ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဘော်လီဘောပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ရပ်ကွက်(၂) အသင်း၊ ဒုတိယဆုရရှိသည့် ရပ်ကွက်(၁)အသင်း နှင့် ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကံကြီးအသင်းတို့အား တာဝန်ရှိသူများ ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အမျိုးသား (အလွတ် တန်း) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရပ်ကွက်(၁-ခ)အသင်း အား ညွှန်ကြားရေးမှူးက ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ခဲ့သည်။
အဆိုပါ သဲသောင်ပြင် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲတွင် ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ဟိုတယ် ဇုန်များပါဝင်သောအဖွဲ့များဖြင့် ဘောလုံးပြိုင်ပွဲတွင် ၁၀ သင်း၊ ဘော်လီဘော ပြိုင်ပွဲတွင် ခြောက်သင်းတို့ဖြင့် ယှဉ်ပြိုင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ကျော်ကျော်(ပြန်/ဆက်)